သိမ်းတိုက်ခြင်း

ဝီကီပီးဒီးယား မှ

သိမ်းတိုက်ခြင်း ဆိုသည်မှာ သိမ်းငှက်စသောသွန်သင်လေ့ကျင့်ထား သည့်ငှက်တိန်ညင်များဖြင့်ငှက်ဖမ်းနည်းအတတ်ဖြစ်ပေသည်။ ထိုအတတ်မှာအလယ်ခေတ်အခါက ဥရောပတိုက်တွင် အလွန်ခေတ်စားခဲ့သော အတတ်တစ်ခုဖြစ်ခဲ့ရာ အာဟာရအလို့ငှာ ငှက်များကိုလိုက်ဖမ်း ခြင်းထက် တောလိုက်ခြင်းများကဲ့သို့ အပျော်တမ်းကိုယ်လက်ကြံ့ခိုင်ရေး ကစားနည်းတစ်ရပ်ဖြစ်ပေ၏။ ထိုအတတ်မှာ ဥရောပတိုက်တွင်ထိုခေတ်အခါကမှ စတင် ပေါ်ပေါက်သည် မဟုတ်ပေ။ တရုတ် ၊ဂျပန်၊ အိန္ဒိယ၊အာရေဗျ၊ အီရန်နှင့်ဆီးရီးယားစသောတိုင်းပြည်များတွင် ခရစ်မပေါ်မီ နှစ်ပေါင်းရာထောင်မက သည့်အခါကပင်ပေါ်ပေါက်ခဲ့ကြောင်း အထောက်အထားများကိုတွေ့ရှိရလေသည်။

ထိုအတတ်ဖြင့် အသုံးချရန်သိမ်းငှက်များကို သွန်သင်သူ၏အလိုအတိုင်း အလွန်တရာစိတ်ရှည် စွာနှင့်တဖြည်းဖြည်းလေ့ကျင့်ပေးရ၏။ ထိုငှက်များကို အတောင်အလက်မစုံခင် ငယ်ရွယ်စဉ်ကလည်းကောင်း၊ အတောင်အလက် စုံပြီးမှလည်းကောင်းဖမ်းယူ၍ လေ့ကျင့်ပေးနိုင်လေသည်။ ယင်းတို့ကိုဖမ်းယူရန်လည်းမလွယ် ကူလှပေ။ ထိုငှက်များသည် လူသူအရောက်အပေါက် နည်းလှသောတောင်ကမ်းပါးစောက်၏ထိပ်များတွင် အသိုက်လုပ်ကာနေကြ၏။ ထိုကြောင့်ယင်းတို့ကို ထောင်ချောက်များတွင် အစာပြ၍မျှားကာဖမ်းယူကြရ လေသည်။ ထိုငှက်များကိုဖမ်းယူသည့် ထောင်ချောက် များမှာလည်း တစ်ကျောင်းတစ်ဂါထာဆိုသကဲ့သို့ တိုင်းပြည်နိုင်ငံအလိုက်နည်းအမျိုးမျိုးဖြင့်ပြုလုပ်၍ ဖမ်းကြလေ သည်။

သိမ်းငှက်များကိုလေ့ကျင့်ရာတွင် ယင်းတို့အား မှောင်ထဲ၌ထား၍ အစာငတ်ထားပြီးလျှင် အားနည်းစေလျှက် အလိုရှိသလိုခိုင်းစေ၍ရအောင် တဖြည်းဖြည်းလေ့ကျင့်ရရာ နောင်အခါတွင်သခင်၏ ငှက်နှင့်အသံကို ကောင်းကောင်းမှတ်မိလာလေသည်။ ထိုငှက်တို့သည် နောင်အခါတွင် မိမိတို့၏ သခင်အား အလွန်ခင်မင် တတ်သောငှက်မျိုးဖြစ်လာ၏။ ငှက်လိုက်ရာ၌အသုံးပြုသော ငှက်တိန်ညင် များကိုခေါင်းစွပ်စွပ်၍ ခြေထောက်များတွင် ခေါင်းလောင်းကလေးများ တပ်ထားသော သားရေပြား ကလေးများပတ်ထားပေသည်။

သိမ်းငှက်များမှာ အမျိုးမျိုးအစားစားရှိ၍ အချို့ကို ငှက်များဖမ်းရာ၌အသုံးချသော်လည်း အချို့ကို မူမြေပြင်နှင့် ရှပ်၍ပျံသန်းကာယုန်နှင့်မြေကြွက်စသည့်သတ္တဝါတို့ကို ထိုးသုတ်ရာ၌ အသုံးချကြ၏။ ငှက် ဖမ်းရာ၌ အသုံးပြုသော ငှက်တိန်ညင်များကို အစာကောင်းစွာကျွေးမွေးထားကာ အကောင်းဆုံးသောကျန်း မာရေးအခြေအနေ၌တည်ရှိနေအောင် ထားပေးရလေသည်။ သို့သော်ငှက်ဖမ်းရန် အသုံးပြုမည့်အချိန်၌ ကား ငှက်တိန်ညင်တို့ကို မိမိတို့ဖမ်းရမည့်ငှက်စသည့် သတ္တဝါတို့အပေါ်၌ မိမိတို့အစာအဖြစ်ပယ်ပယ် နယ်နယ်မရ အရ ဖမ်းချင်သည့် စိတ်ဓာတ်မျိုးဖြစ်ပေါ်သည့် အခြေရောက်အောင် အစာကိုလျှော့ကျွေးတတ်သည်၊ သို့မဟုတ်အငတ်ထားတတ်ကြလေသည်။ လေ့ကျင့်သား ရပြီးသောငှက်တိန်ညင်များကို ၁၅နှစ်မှ အနှစ်၂ဝ တိုင်အောင်အသုံးပြုနိုင်သည်။ ထိုငှက်မျိုးမွေးမြူသူတို့ သတိပြုရမည့်အချက်များမှာ မိမိတို့၏ငှက်များကို မကြာမကြာပျံ သန်းစေရန်နှင့် လူတစ်ဦးတည်း ငှက်အမြောက်အမြားကိုမမွေးမြူရန် ဖြစ်လေသည်။

ငှက်တိန်ညင်များသည် အလွန်တရာ လှုပ်လှုပ်ယွယွ နေတတ်၍ အလွန်လည်းဖျတ်လပ် လှပေသည်။ ထိုငှက်တိန်ညင်နှင့်ငှက်လိုက်နည်းမှာ လူနှင့်ငှက်တို့ ပူးပေါင်းဆောင်ရွက်ခြင်းများစွာလို၍ ငှက်တိန်ညင်ကို လေ့ကျင့်ပေးရာ၌လည်း များစွာဇွဲကောင်းခြင်း စိတ်ရှည်ခြင်း တို့လိုအပ်လှသဖြင့်တော် ရုံပုဂ္ဂိုလ်တို့မပြုလုပ်နိုင်ကြပေ။

အလွန်ရှေးကျသောကျန်းမာရေး ကစားနည်းတစ်မျိုး ဖြစ်ခဲ့သော်လည်း အထူးသဖြင့်အလယ်ခေတ်က ဥရောပတိုက်၌ အလွန်ခေတ်စားခဲ့လေသည်။ သေနတ်စသည့်လက် နက်များ ပေါ်ပေါက်လာသည့်အခါ ငှက်နှင့်တိရစ္ဆာန်များကို ငှက်တိ်န်ညင်များ၏အကူအညီမလိုဘဲ သေနတ်ဖြင့် ပစ်ခတ်ယူနိုင်သောကြောင့် ထိုငှက်ဖမ်းနည်းမှာ အတော်ပင်ခေတ်တိမ်သွားခဲ့သည်။ သို့သော် အချို့ တိုင်းပြည်များတွင် ယခုထက်တိုင်ထိုငှက်လိုက်နည်းကို ရှေးစံနစ်အတိုင်း ပြန်လည်အသုံးချနေကြ သူများရှိကြ ပေသေးသည်။ သို့သော်မများလှပေ။ အင်္ဂလန်၊ပြင်သစ်၊ ဂျာမနီ၊ အီဂျစ်၊ ဂျပန်၊ ယူဂို စလားဗီးယား၊ အာရေဗျစသည့်တိုင်းပြည်များတွင် ထိုငှက်လိုက်နည်း ဝါသနာပါသူတို့၏ အဖွဲ့များဖွဲ့ စည်း၍ထိုနည်းကို ကျန်းမာရေးကစားနည်းတစ်မျိုးအဖြစ် အသုံးချနေ ကြလေသည်။ အီရန်၊ အာရေဗျ၊ အိန္ဒိယ၊ တရုတ်နှင့်အာဖရိကတိုက်မြောက်ဘက် သဲကန္တာရ ဒေသလူရိုင်းမျိုးတို့တွင်ကား ထိုငှက်လိုက်နည်း ကိုရှေးခေတ်အခါကကဲ့သို့ အသုံးပြုလျက်ပင် ရှိကြလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)