သိန်းတင်၊ ဒေါ် (သခင်မကြီး)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

". . . ဝံသာနု သမိုင်းကို ပြုစုလျှင် ချန်လှပ်ထား၍ မဖြစ်သော၊ တို့ဗမာ အစည်းအရုံး သမိုင်းကို ရေးလျှင်လည်း အဓိက နေရာတွင် ရှိနေသော သခင်မကြီး ဒေါ်သိန်းတင်သည် နယ်ချဲ့တို့၏ လက်အောက် ကျွန်သဘောက် ဘဝတွင် နိုင်ငံရေး ပုဒ်မဖြင့် ပထမဆုံး ထောင်အကျ ခံခဲ့ရသည့် မြန်မာ အမျိုးသမီးကြီး တဦးလည်း ဖြစ်ခဲ့လေ၏။ . . . " . . . [စပယ်ဖြူ မဂ္ဂဇင်း အမှတ် (၁)၊ ဇွန်လ၊ ၂ဝဝ၄ ကနေ ကြည်ဦးရဲ့ "သခင်မကြီး ဒေါ်သိန်းတင်" အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။]

သခင်မကြီး ဒေါ်သိန်းတင်။[ပြင်ဆင်ရန်]

သခင်မကြီး ဒေါ်သိန်းတင်။

သခင်မကြီး ဒေါ်သိန်းတင် (ပြည်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်) ကွယ်လွန်သွားသည်မှာ နှစ်ပေါင်း နှစ်ဆယ် ကျော်လေပြီ။ ကွယ်လွန်ချိန်တွင် သခင်မကြီးသည် အသက် ၇၈ နှစ် ရှိလေပြီ။ သို့သော် ပြည်မြို့ နဝင်းရပ်ရှိ ဗာရာဏသီ ကျောင်းတိုက်ကြီး၏ ကျောင်းအစ်မကြီး အဖြစ်နှင့် ကျောင်း၏ ဝေယျာဝစ္စများကို တာဝန် ယူနေဆဲ၊ ဆွမ်းကွမ်း နိစ္စဘတ်ဝတ်များကို ဆောင်ရွက်နေဆဲ …။

၁၉၂၄ ခုနှစ် ဝံသာနု ဂျီစီဘီအေ အသင်းကြီး၏ (၁၁) ကြိမ်မြောက် ကျင်းပလိုက်သည့် ပေါင်းတည် ညီလာခံကြီးတွင် အသက် ၁၈ နှစ်သာ ရှိသေးသည့် မသိန်းတင်သည် "အင်္ဂလိပ် အစိုးရနှင့် မဆက်ဆံဘူး၊ အင်္ဂလိပ် အစိုးရက ပြုလုပ်ပေးသည့် ဥပဒေပြု ကောင်စီကို မဝင်ဘူး၊ အင်္ဂလိပ် အစိုးရက တောင်းခံသည့် မည့်သည့် အခွန်ကိုမျှ မပေးဘူး" ဟူသော ဝံသာနု ဂျီစီဘီအေ သမိုင်းတွင် ပြောင်မြောက်စွာ ကမ္ပည်း တင်ထားရမည့် "ဘူး" အဆို သုံးရပ်ကို တင်သွင်းခဲ့၏။

(ဤတွင် အခွန်ဟူသည်ကို ရှင်းပြရလျှင် တနှစ်လျှင် တကြိမ် သားသတ်ဆိုင် အခွန်၊ အရက်ဆိုင် အခွန်၊ အင်းလေလံ အခွန် စသည့် စီးပွားရေးနှင့် ပက်သက်သော မည်သည့် အခွန်ကိုမျှ ပြဿနာ မပေါ်ခဲ့သော်လည်း တနှစ် တကြိမ် ကောက်ခံသည့် လူခွန်နှင့် ပတ်သက်၍ကား တောသူ တောင်သား လယ်သမားများ အတွက်မှာ ပြဿနာ ပေါ်ခဲ့ရ၏။ လူခွန် ကောက်ခံသည့် ပုံစံသည်ကား၊ လင်စုံ မယားဖက် ဆိုလျှင် တနှစ် ငါးကျပ်၊ လူပျို၊ အပျို၊ မုဆိုးဖို၊ မုဆိုးမဆိုလျှင် နှစ်ကျပ်ခွဲ စသည့်ဖြင့် နှစ်စဉ် ကောက်ခံသည်ကို မည်သူကမျှ မကျေနပ်။)

မသိန်းတင်သည် "ဘူး" အဆို သုံးရပ်ကို တင်သွင်းရုံမျှမက "ကျွန်မတို့ မိန်းမတွေ တိရစ္စာန် လိပ်သတ္တဝါတွေရဲ့ အခွံကို ဘီးအမျိုးမျိုး ပြုလုပ်ပြီး ခေါင်းပေါ်ကို အမြတ်တနိုးတင် အသုံးပြုနေကြတာ မှားနေပါတယ်၊ လိပ်ဆိုတဲ့ တိရစ္စာန်ဟာ အင်းက, လိပ်ရော၊ အိုင်က, လိပ်ပါ ဘယ်လိပ်မှ မကောင်းပါဘူး၊ ဒါကြောင့် ယုတ်ညံ့တဲ့ လိပ်ခွံဘီးတွေကို အသုံး မပြုကြပါနဲ့၊ ချိုးဖဲ့ ဖျက်ဆီး ပစ်ကြပါ" ဟု ပြောဟောပြီးလျှင် သူ၏ ခေါင်းပေါ်မှ လိပ်ခွံ စိုက်ဘီးကို ဖြုတ်ယူကာ ချိုးဖဲ့ပစ်သည်။ ထိုအခါ ညီလာခံကြီးသို့ တက်ရောက် လာကြသည့် ဝံသာနု အသင်းသူများသည်လည်း မသိန်းတင် ကဲ့သို့ပင် သူတို့ ခေါင်းပေါ်မှ လိပ်ခွံဘီးများကို ချိုးဖျက် ပစ်ကြသည်မှာ တင်းတောင်းနှင့် တလုံး ရလေသည်။ ဤသည်ကို မြင်ရ၍ ဝံသာနု အသင်းသားများကလည်း "ငါတို့ ခေါင်းပေါ်မှာ ဘိုဆံတောက်ကို အမြတ်တနိုး တင်ထားကြခြင်းသည် ဘိုဟု ခေါ်နေကြသည့် မျက်နှာဖြူတွေကို ရိုသေရာ ရောက်သည်၊ ဒါကြောင့် ဘိုကေတွေကို ရိတ်ပစ်ကြ" ဟု ဆိုကာ ဘိုဆံတောက်များကို ရိတ်ပစ်ကြသည်မှာ တင်းတောင်းနှင့် သုံးလုံး အပြည့် ဆံပင်များ ရကြ၏။

ထိုကြောင့် ဝံသာနု သမိုင်းကို ပြုစုလျှင် ချန်လှပ်ထား၍ မဖြစ်သော၊ တို့ဗမာ အစည်းအရုံး သမိုင်းကို ရေးလျှင်လည်း အဓိက နေရာတွင် ရှိနေသော သခင်မကြီး ဒေါ်သိန်းတင်သည် နယ်ချဲ့တို့၏ လက်အောက် ကျွန်သဘောက် ဘဝတွင် နိုင်ငံရေး ပုဒ်မဖြင့် ပထမဆုံး ထောင်အကျ ခံခဲ့ရသည့် မြန်မာ အမျိုးသမီးကြီး တဦးလည်း ဖြစ်ခဲ့လေ၏။ ထို့ကြောင့် ဤအမျိုးသမီးကြီး၏ ပြောင်မြောက်လှသော သမိုင်းကို ပြုစုလိုပါသော ကျွန်မသည် ၁၉၇၆ ခုနှစ်တွင် ရင်းနှီး ကျွမ်းဝင်စွာဖြင့် တွေ့ဆုံ စကားပြောခွင့် ရခဲ့ပါသည်။ ထိုအချိန်က သခင်မကြီးသည် လွှတ်တော် ကိုယ်စားလှယ် တာဝန်ဖြင့် အလုပ် အလွန်များ နေပါသော်လည်း ကျွန်မ သိလိုသည်များကို စိတ်ရှည်စွာဖြင့် မေးသမျှ ဖြေရှင်း ပြပါသည်။ သတိလည်း အလွန်ကောင်းကာ သူဖြတ်သန်း လာခဲ့ရသည့် နိုင်ငံရေး ခရီးရှည်ကြီးအား မနေ့ကပင် ကြုံတွေ့ခဲ့ရသည့် အလား အားလုံးကို မှတ်မိနေသည်။

ဤသို့ ကျွန်မတို့နှင့် တွေ့ဆုံခွင့်ရသော အချိန်တွင် သခင်မကြီးသည် ဝံသာနု သမိုင်းမှ တို့ဗမာ အစည်းအရုံး သမိုင်းအထိ လက်တွဲ ပါဝင် လာကြသည့် သခင်မကြီး ဒေါ်စောရင် (ရွာဘဲရပ် - ပြည်မြို့)၊ သခင်ရှိန် (ဘိုကလေး) တို့ဗမာ ပွဲရုံပိုင်ရှင် စလေမြို့နှင့် ဦးကြိုင် (ပြည်မြို့၊ ရွှေဘုန်းပွင့် ပြတိုက်နှင့် ပိဋကတ်တိုက်) တို့ကိုပါ ဖိတ်ခေါ်ထားသည် ဖြစ်၍ တွေ့ဆုံရသည့် ကျွန်မနှင့် ဒေါ်မြတ်မွန် [ကျောင်းအုပ် ဆရာမကြီး (ငြိမ်း) အထက ၉၊ ပန်းဘဲတန်း၊ မော်လမြိုင်]တို့မှာ သိလိုသမျှ အားလုံးကို စိတ်ကျေနပ်စွာဖြင့် ဆွေးနွေး မှတ်သားခွင့် ရခဲ့ပါ၍ ဝမ်းသာ မဆုံးအောင် ရှိခဲ့ရပါ၏။

မသိန်းတင်ကို ပြည်မြို့၊ နဝင်းရပ်တွင် မိဘနှစ်ပါး ဖြစ်ကြသည့် ဦးဘိုးဆိတ်၊ ဒေါ်ရွှေထယ်တို့မှ ၁၂၆၇ ခု၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ သောကြာနေ့တွင် ဖွားမြင်သည်။ မွေးချင်း ၉ ယောက်တွင် အငယ်ဆုံး ဖြစ်ကာ အစ်ကို သုံးယောက်နှင့် အစ်မ ငါးယောက် ရှိသည်။ မသိန်းတင် ၆ လ အရွယ်တွင် မိခင် ကွယ်လွန်သွား၍ မိတဆိုး ဘဝဖြင့် မိသားစု၏ ချစ်ခင် ယုယမှုကို ခံယူခဲ့ရသည်။ ချစ်စနိုးစွာဖြင့်လည်း ဖခင်မှ အစပြု၍ မောင်နှမ အားလုံးနှင့် ဆွေမျိုးများကပါ "သိန်းသိန်း" ဟုသာ ခေါ်ခဲ့သည့် အတွက် သိန်းသိန်းဟုပဲ အမည်တွင်ခဲ့သည်။

အသက် ၇ နှစ်တွင် ပြည်မြို့၊ ထောင်ကြီး အနီးရှိ ဆရာရုံ၏ မူလတန်းကျောင်း၌ စာသင်ခဲ့ရသည်။ အသက် ၁၁ နှစ်တွင် လေးတန်း အောင်သည်။ သူငယ်ချင်းများက "အေဘီအမ်" ကျောင်းမှာ ဆက်နေကြသည်။ မသိန်းတင်က မနေရ၊ ဖခင် ဖြစ်သူ၏ "မိစ္စာကျောင်းမှာ မနေရ" ဟူသော စကားကြောင့် အိမ်မှာပဲ နေရကာ အစ်မများနှင့် အတူ စက်ချုပ် သင်ရသည်။ သနပ်ဖက် ဆေးလိပ် လိပ်ရသည်။ အစ်မကြီး မလှဒွန်းနှင့်အတူ ပြည်မြို့ ဈေးကြီးထဲမှာ ဆိုင်ထွက်ရသည်။ ဖခင် ဖြစ်သူက မျိုးချစ်စိတ် ကြီးမားသည်။ အချိန်အားရလျှင် အကြီးဆုံးသား ဖြစ်သည့် ကိုရွှေထုံးနှင့် သီပေါမင်း ပါတော်မူရပုံ၊ ရတနာဂီရိတွင် ဆင်းရဲစွာ စံနေရပုံများကို မကြာခဏ ပြောသည်။ ကိုရွှေထုံးက ပြည်မြို့နယ် ဝံသာနု ဝိုင်အမ်ဘီအေ အသင်းကြီး၏ အမှုဆောင် တယောက် ဖြစ်၏။ ထိုကြောင့် ဝိုင်အမ်ဘီအေ အသင်းကြီး၏ အစည်းအဝေးများသို့ မကြာခဏ တက်ရောက်ရသည်။ ထိုအစည်းအဝေးမှ ပြန်လာလျှင် ကိုရွှေထုံးသည် အဖေနှင့် အသင်းကြီး၏ အခြေအနေ အရပ်ရပ်ကို စုံလင်အောင် ပြောကြသည်။ထိုအခါ အဖေ့ အနား၌ အမြဲ ကပ်နေတတ်သည့် မသိန်းတင်သည် ဝိုင်အမ်ဘီအေ အသင်းကြီး၏ တက်ကြွစွာဖြင့် ဆောင်ရွက်နေမှုများ သတင်းကို နားထောင်ရင်း အသင်းကြီးကို စိတ်ပါဝင် နေမိ၏။

မသိန်းတင် အသက် ၁၅ နှစ်တွင် ပြည်မြို့ကြီး တမြို့လုံးကို ပလိပ် ရောဂါဆိုးကြီး ကျရောက်ရာတွင် ဖခင်ဖြစ်သူ ကွယ်လွန် သွားရသည်။ ထိုအခါ အဖေ့လက်ကို အားပြုခဲ့ရသည့် မသိန်းတင်သည် အစ်ကိုကြီးဖြစ်သူ ကိုရွှေထုံး၏ လက်ကို အားပြုကာ ဘဝခရီးကို လျှောက်ခဲ့ရပြန်၏။ ခေတ်၏ ဝန်းကျင်သည် နယ်ချဲ့တို့၏ လက်အောက်မှ ရုန်းထွက်လိုသည့် ဝံသာနုများ၏ ကြွေးကြော်သံဖြင့် ဆူညံလျက် ရှိ၏။

အမျိုးကို ချစ်ပါ၊

ဘာသာကို လေးစားပါ၊

သာသနာကို ချီးမြှင့်ပါ၊

ပညာရေးကို အားပေးပါ၊

ဟူသော စကားကြီး လေးခွန်းသည် မသိန်းတင် ရင်ထဲမှာ စွဲနေသည်။ ဗြိတိသျှတို့သည် မြန်မာနိုင်ငံအား ဗြိတိသျှတို့၏ လက်နက် နိုင်ငံတော် အတွင်းသို့ သွင်းလိုက်ပြီ ဖြစ်ကြောင်းကို ၁၈၈၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့၌ ကြေညာနိုင်ခဲ့သော်လည်း တနိုင်ငံလုံး အနှံ့ တော်လှန် ပုန်ကန် နေကြသည့် နယ်ချဲ့ ဆန့်ကျင်ရေး မီးလျှံများကိုကား နိုင်နင်းစွာဖြင့် ငြိမ်းသတ်နိုင်ခြင်း မပြုနိုင်ခဲ့ပေ။ မြန်မာ တိုင်းရင်းသားတို့သည် ဗြိတိသျှတို့၏ ဖိနှိပ် တင်းကျပ်လွန်းသော အာဏာစက်အောက်တွင် ရုန်းကန် လှုပ်ရှားရင်းဖြင့် ၁၈၉၇ ခုနှစ်မှ အစပြုကာ ရန်ကုန်၊ မော်လမြိုင်၊ မန္တလေး၊ ပုသိမ် အစရှိသည့် မြို့ကြီးများတွင် ဘာသာရေးကို အခြေခံထားသည့် အဖွဲ့များကို တည်ထောင် လာကြသည်။

ကိုဘဘေ၊ ကိုဘရင်၊ ကိုမောင်ကြီး ဆိုသည့် ခေတ်ပညာတက် လူငယ် သုံးဦးတို့ကလည်း ညီညွတ်စွာဖြင့် "ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း" ဝိုင်အမ်ဘီအေကို ၁၉ဝ၆ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် စတင် တည်ထောင် လိုက်ကြသည်။ အမျိုးကို ချစ်ပါဟူသော နှိုးဆော်ချက်ကြောင့် ဤအသင်းသည် မိမိ၏ အမျိုးကို ချစ်ခင် စောင့်ရှောက်မည့် "ဝံသာနု ရက္ခိတများ" ဖြစ်သည်ဟု အသင်းကြီးကိုလည်း လွယ်ကူစွာဖြင့် "ဝံသာနုအသင်း" ဟူ၍ လည်းကောင်း၊ အသင်းသူ အသင်းသားများကိုလည်း "ဝံသာနုများ" ဟု ကမ္ပည်း တင်ခဲ့ကြ၏။ ဤအသင်းကြီးတွင် အသင်းဝင်များ အဖြစ် သံဃာတော်များ၊ လူပုဂ္ဂိုလ်များနှင့် အမျိုးသမီး အင်အား စသည့်ဖြင့် များပြားလာသော အခါ ဝိုင်အမ်ဘီအေ အသင်းကြီး၏ အောက်တွင် သံဃာတော်များ အတွက် "သံဃသမဂ္ဂီ"၊ အမျိုးသမီးများ အတွက် "မြန်မာ အမျိုးသမီး ကုမ္မာရီ အသင်း" ဟူ၍ သီခြား ဖွဲ့စည်းလာခဲ့၏။

မြန်မာ အမျိုးသမီး ကုမ္မာရီ အသင်းကို ၁၉၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် တနင်္ဂနွေနေ့တွင် တည်ထောင်လိုက်၏။ အသင်း၏ မူဝါဒမှာ "အသင်းသူများသည် နိုင်ငံခြားဖြစ် (အထူးသဖြင့်) အင်္ဂလိပ်တို့ ထုတ်လုပ် ရောင်းချသည့် မည်သည့် ပစ္စည်းကိုမျှ ဝယ်ယူ သုံးစွဲခြင်း မပြုကြရန်။ အမျိုးသမီးများ၏ အကျိုးကို သယ်ပိုးရန်။ အမျိုးသမီးများ၏ ထိခိုက် နစ်နာမှုများအား ကာကွယ် စောင့်ရှောက်ရန်။ တမျိုးသားလုံးနှင့် သက်ဆိုင်သည့် အရေးကိစ္စများတွင် ပါဝင် ကူညီရန်" စသည်များ ဖြစ်လေသည်။ အသင်းသူများသည် ဝံသာနု စိတ်ဓာတ်ကို စောင့်ရှောက် ထိန်းသိမ်းကြသည့် အနေဖြင့် အစည်းအဝေးများသို့ တက်ရောက် လာကြသည့် အခါများ၌ ပြည်တွင်းဖြစ် ပင်နီအကျႌနှင့် ယောထမီကိုသာ ဝတ်ဆင်ကြရန်၊ ပဝါ ခြုံလာကြရန်၊ အသင်းဝင် အချင်းချင်း လွဲမှားသော ဂုဏ်တုဂုဏ်ပြိုင် မရှိနိုင်ကြစေရန် အတွက် ရွှေငွေ စသည့် အဖိုးတန် လက်ဝတ် ရတနာများကို ဝတ်ဆင်ခြင်း မပြုကြရန် စသည်ဖြင့် သတ်မှတ်ထားလေ၏။

ဤသို့ဖြင့် ဝံသာနု ကုမ္မာရီ အသင်းများသည် မြန်မာပြည်အနှံ့ တောကျေးလက်များမှာပါ မကျန် ဖွဲ့စည်း လာကြ၏။ ထိုအခါ ပြည်မြို့မှာလည်း အစ်ကိုကြီး ကိုရွှေထုံး၏ ကူညီမှုဖြင့် နဝင်းရပ်တွင် "သစ္စာဝါရီ ကုမ္မာရီအသင်း" ကို တည်ထောင်လိုက်၏။ ဥက္ကဋ္ဌကား ပြည်မြို့သူ မသော့ ဖြစ်သည်။ (နောင်) ဦးစိုးသိမ်း (ရေနံချောင်း) ဂျီစီဘီအေ ဥက္ကဋ္ဌ၏ ဇနီး။ အကျိုးဆောင်ကား မသိန်းတင် ဖြစ်၏။ တစ်ချိန်တည်းမှာပင် ပြည်မြို့၊ ရွာဘဲရပ်မှာလည်း "သီလဝတီ ကုမ္မာရီ အသင်း" ကို မစောရင်က အကျိုးဆောင်၊ ဥက္ကဋ္ဌက မဖွားရင် စသည်ဖြင့် တည်ထောင်လိုက်၏။ ကိုရွှေထုံးနှင့် အတူ ပြည်မြို့၏ ဝံသာနု အသင်းသားများ ဖြစ်ကြသည့် ကိုမြ၊ ကိုသာဇံ၊ ကိုညိုမြ စသူတို့ကလည်း ကုမ္မာရီ အသင်းသူများကို များစွာ အကူအညီ‌ပေးကြသည်။

ပြည်မြို့၏ ကုမ္မာရီ အသင်းသူများသည် အလွန်လှုပ်ရှား တက်ကြွ၏။ သံဃ သမဂ္ဂီများမှ တရားပွဲများနှင့် အသင်းကြီး၏ လှုပ်ရှားမှုများ ဖြစ်ကြသည့် တရားပွဲများ ကျင်းပသည့် အခါတိုင်း ပါဝင် ကူညီကြရသည်။ ဤသည်ကို မသိန်းတင်က အတွေ့အကြုံရသည်၊ နားရည်ဝသည်ဟု ကျေနပ်သည်။ ခေတ်၏ ဝန်းကျင်မှာလည်း ဦးထွန်းရှိန် ကွယ်လွန်သည်၊ ဆရာတော် ဦးဥတ္တမ အဖမ်းခံရသည်။ ဝိုင်အမ်ဘီအေမှ ဂျီစီဘီအေ မြန်မာအသင်းချုပ်ကြီး ဖြစ်လာသည်။ တက္ကသိုလ် ကျောင်းသားများ သပိတ် မှောက်ကြသည်။ အမျိုးသားကျောင်းများ ပေါ်လာသည်။ ဒိုင်အာခီ ရွေးကောက်ပွဲကြောင့် အသင်းကြီး၏ အမှုဆောင်များ သဘောထား ကွဲလွဲကုန်သည်။ တိုင်းပြည်တွင် "လှိုင်ပုကျော် ဂျီစီဘီအေ" "နှစ်ဆယ့်တစ်ဦး ဂျီစီဘီအေ" ဟု နှစ်ခြမ်း ကွဲသွားသည်။ သို့သော် ပြည်မြို့ရှိ မသိန်းတင်နှင့် မစောရင်တို့၏ ကုမ္မာရီ အသင်းနှစ်ခုကမူ ပြည်မြို့ရှိ သံဃသမဂ္ဂီ ဆရာတော်များ၏ ကွပ်ကဲမှုအောက်တွင် ညီညွတ်စွာဖြင့် လှုပ်ရှားလျက် ရှိကြ၏။

၁၉၂ဝ ခုနှစ်မှ ၁၉၂၄ ခုနှစ် အထိ ကာလများသည်၊ လယ်များ ပျက်စီးသည်၊ စီးပွားရေး ကပ်ပျက်ကြီး ဆိုက်ရောက်သည်။ ထိုအခါ အစိုးရက တောင်းခံလာသည့် အခွန်တော်များကို မထမ်းဆောင် နိုင်ကြသူများသည် တောင်သူ လယ်သမားများသာ ဖြစ်၏။ အစိုးရသည် သူ၏ လက်ပါးစေများကို လွှတ်ကာ အခွန် မဆောင်နိုင်သူများအား လှည်း၊ နွား၊ မျိုးစပါးများမှ စ၍ ဆားအိုး၊ ငါးပိအိုးပါ မကျန် သိမ်းယူစေသည်။ ဘာကိုမျှ မရလျှင် လူကို တနေ့လုံး နေလှန်းထားသည်။ ဤရက်စက်မှုများကြောင့် အားကိုးရာ ဝံသာနု အသင်းများသို့ တိုင်ကြသည်။ ထိုကြောင့် "အခွန်မှန်သမျှ မပေးဘူး" ဟူသော "ဘူးအသင်း" များကို ဖွဲ့စည်း လာကြသည်။ ဘူးအသင်းများ ပေါ်လာသည့် ၁၉၂၃ ခုနှစ်သည် ဝံသာနု အသင်းများအား အစိုးရက အဖိနှိပ်ဆုံးသော ကာလလည်း ဖြစ်၏။ ဤသို့ဖြင့် ပေါင်းတည် ညီလာခံကြီး ကျင်းပသည့် ၁၉၄၂ ခုနှစ်၊ မေလ ၉၊ ၁ဝ၊ ၁၁ ရက်နေ့များသို့ ရောက်လာ၏။

ထိုအခါ ပေါင်းတည် ညီလာခံ၌ "အခွန် မပေးရေး အဆို" ကို သစ္စာဝါဒီ ကုမ္မာရီ အသင်း၏ အကျိုးဆောင် မသိန်းတင်က တင်သွင်းရန် အတွက် ညှိနှိုင်းကြသည်။

"အဲဒီတုန်းက သခင်ရှိန်နဲ့ ဦးကြိုင်တို့ မှတ်မိကြသေးလား၊ ဆေးဆရာ ဆရာစံ (နောင် ဂဠုန် ဆရာစံ) က ဒီအဆိုကို မြင်းခြံ အသင်းက မဂျမ်း တင်သွင်းဖို့ အကြံပြုတော့ ဆရာတော် ဦးဥတ္တမက 'မဂျမ်းက စကားပြော မရှင်းဘူး၊ အသံအားလဲ ပျော့တယ်၊ မသိန်းတင်ကို တင်သွင်းခိုင်း' တဲ့"။

သခင်မကြီးသည် ကက်ဆက်နှင့် အသံ သွင်းယူနေသည့် ကျွန်မတို့ဘက်မှ မျက်နှာကို ခေတ္တလွှဲကာ သခင် ရှိန်နှင့် ဦးကြိုင်တို့အား လှည့်မေး၏။ ထိုအခါ ဦးကြိုင်က ပြန်ပြောသည်။

"မှတ်မိတာပေါ့ သိန်းသိန်းရဲ့။ သိန်းသိန်းရဲ့ အဆိုကို သာယာဝတီ ဦးပုက ထောက်ခံတယ်လေ။ အဲဒီ ထောက်ခံတဲ့ စကားမှာ ဘယ်အခွန်ကိုမှ မပေးဘူး ဆိုတာ ပြင်းထန် လွန်းပါတယ်လို့ ပြောတော့ ဆရာတော် ဦးဥတ္တမက 'ဟေ့ … မောင်ပု တော်တော့၊ ထိုင်စမ်း၊ ထိုင်စမ်း' ဆိုပြီး ထိုင်ခိုင်းတယ်လေ"

အသက် ၆ဝ ကျော် လူကြီးများ၏ အားမာန် တက်စွာဖြင့် ပြောနေကြသည့် နှောင်းအတိတ်၏ အရိပ်ထင်ပုံများကား ကျွန်မတို့ အတွက် ကြည်နူးဖွယ်ရာများ ဖြစ်ရပါလေ၏။ ပေါင်းတည် ညီလာခံတွင် "ဘူး" အဆို သုံးရပ်ကို မသိန်းတင်သည် အားရစွာ တင်သွင်းပြီးနောက် နဝင်းအိမ်ကြီးသို့ ပြန်ရောက်လာလျှင် အစ်မဖြစ်သူ မလှဒွန်းက ဆီးဆူတော့၏။ အိမ်မှာ မလှဒွန်း အထက် မအေးမိ ဆိုသော အစ်မက အဖေနှင့် မရှေးမနှောင်းပင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်၍ နဝင်းအိမ်ကြီးတွင် မသိန်းတင် ကြောက်နေရသည်မှာ မလှဒွန်းပဲ ဖြစ်လေသည်။

"သိန်းသိန်း … ညည်းက သူရဲကောင်းမကြီး လုပ်ပြီး ပေါင်းတည် ညီလာခံမှာ အခွန်မပေးဘူး အဆိုကို တင်သွင်းခဲ့တယ်ဆို … ညည်းသတ္တိရှိတာက အရေးမကြီး၊ တော်ကြာ အစိုးရက ကိုထွန်းအောင်ကို အလုပ်ဖြုတ်လိုက်ရင် ဘယ့်နှယ့် လုပ်မလဲ …"

ကိုထွန်းအောင်က မသိန်းတင်၏ တတိယမြောက် အစ်ကိုဖြစ်ကာ ငွေတိုက်မင်းကြီးရုံး၌ အလုပ်လုပ်သည်။ မသိန်းတင်က အစ်မကို ဘာမှ ပြန်မပြော။ သူ့ဗီဇကိုက မှန်တယ်ထင်၍ သူလုပ်မိလျှင် နောက်ဆုတ်တတ်သူ မဟုတ်။ သို့သော် သူ့အတွက် သက်သာမှု ရသွားသည်က "သိန်းသိန်း လုပ်ချင်တာကို လုပ်ပါစေ၊ မလှဒွန်း … ဆူမနေနဲ့၊ အလုပ်ပြုတ်သွားလဲ ထမင်း မငတ်နိုင်ပါဘူး … ဥပဒေရှိရင် ဖြုတ်ပေါ့" ဟူသော ကိုထွန်းအောင်၏ သူ့ဘက်မှ ရပ်တည်ကာ ပြောလိုက်သည့် စကားကြောင့် မလှဒွန်းက အဆူ ရပ်သွားတော့၏။

ပေါင်းတည် ညီလာခံ၏ အတွေ့အကြုံများကို သူငယ်ချင်း မစောရင်တို့၏ သီလဝတီ ကုမ္မာရီများကို ဖောက်သည် ချရဦးမည်။ မစောရင်က သူနှင့်ယှဉ်လျှင် အစစ နုနယ် နေသေးသည်။ ထိုကြောင့် မစောရင် တက်ကြွ ထက်သန်စေရန် မသိန်းတင်က အမြဲပင် နှိုးဆော် နေရလေသည်။ ထိုအခိုက် သစ္စာဝါဒီ ကုမ္မာရီ၏ အမှုဆောင် တဦးဖြစ်သည့် မဖွားရင်က ရောက်လာသည်။

"သိန်းသိန်းရေ … ဘယ်တုန်းက ပြန်ရောက်လဲ၊ သီလဝတီက စောစောတို့ကို အရေးပိုင်ရုံးက လာဖမ်းသွားသတဲ့၊ ကြားပြီးပြီလား …"

မဖွားရင်က တုန်လှုပ်နေသည်။ သူ့ကို ကြည့်ရသည်မှာ ထိတ်လန့် နေဟန်လည်း ရှိနေ၏။ မသိန်းတင်သည် မဖွားရင် စကားဆုံးသည်နှင့် ထိုင်နေရာမှ ဖျတ်ခနဲထကာ "ဘယ်တုန်းက ဖမ်းသွားတာလဲ မမဖွားရင် …" ဟု မေးလိုက်၏။ မဖွားရင်က မသိန်းတင်ထက် အသက် ခြောက်နှစ်ကြီးသည်။

"ဆွမ်းခံပြန်ချိန်ကလို့ ပြောတာပဲ၊ ရွာထဲမှာ တရပ်ကွက်လုံး ဆူနေပြီ၊ ရုံးကို လိုက်သွားပြီး ဝိုင်းကြမလို့တဲ့"

"ဒါဖြင့် … ကျွန်မ လိုက်သွားမယ်၊ မမဖွားရင်ရော လိုက်မလား"

"ဟင့် အင်း"

မဖွားရင်က ဟင့်အင်းဟုဆိုရင်း ခေါင်းခါ ပြလိုက်စဉ် အနားသို့ မလှဒွန်း ရောက်လာသည်။ "ဟင် … မဖွားရင်ပါလား၊ သိန်းသိန်းရော" ဟု မေး၏။ မသိန်းတင်ကား ထိုအချိန်၌ အနားမှာ မရှိတော့ပေ။

ပေါင်းတည် ညီလာခံ အပြီးတွင် အစိုးရသည် ဝံသာနုများ အချင်းချင်း ညီညွတ်ရေး ပျက်ပြားစေရန်ကို အားထုတ်ရုံ မျှမက၊ ဖိနှိပ်မှုများလည်း ပိုမို များလာ၏။ အစိုးရ အာဏာကို ဖီဆန်သည့် "ဘူး" အသင်းဝင်များအား သပိတ်မှောက် တားမြစ်ရေး အက်ဥပဒေကို ထုတ်ပြန်ကာ ၁၉၂၃ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့တွင် "ဘူး" အသင်းများအား မတရားအသင်း ကြေညာထား၏။ ထိုအခါ ဒိုင်အာခီ အစိုးရ အဖွဲ့ဝင် ဝံသာနုအမတ်များက ဤကြေညာချက်ကို ကန့်ကွက်ကြောင်း လွှတ်တော်မှာ အဆို တင်သွင်းသည်။ သို့သော် ဤအဆိုကို ကန့်ကွက်သည့် အမတ်များလည်း ရှိနေသောကြောင့် မဲခွဲလျှင် ၁၇ မဲ၊ ၃၉ မဲနှင့် အဆိုဘက်မှ ရှုံးသွား၏။ ဤသို့သော အခြေအနေတွင် ဝံသာနု အသင်းဝင်များနှင့် သံဃ သမဂ္ဂီဝင် ရဟန်းတော်များလည်း မြို့နယ် အသီးသီး၌ အဖမ်းအဆီး ခံရကာ၊ ထောင်ဒဏ် အပြစ်ပေးခြင်းကို ခံကြရလေ၏။ ထိုအခါ ဝံသာနု တရားကို နယ်လှည့်ကာ ဟောပြောနေသည့် ဆရာတော် သာယာဝတီ ဦးညေးယျသည်လည်း ပြည်မြို့ရှိ အရေးပိုင် ဦးမဲ၏ ရုံးမှ ဖမ်းဆီးခြင်းကို ခံရကာ၊ ဒုတိယ အရေးပိုင် ဦးသီဟန်က နယ်ချဲ့ အစိုးရကို အကြည်ညိုပျက်အောင် ဟောပြောမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ လ အပြစ် ပေးလိုက်၏။

ထိုအခါ သီလဝတီ ကုမ္မာရီ အသင်းဝင် ဖြစ်သည့် မစောခင်သည် ရပ်ကွက်ထဲ၌ အတူနေဖြစ်သည့် စပါးပွဲစား ဒေါ်အောင်မေ၏ အိမ်သို့ ရောက်သွား၏။ ဒေါ်အောင်မေ အိမ်တွင် အလည် ရောက်နေသည့် ပြည်မြို့နယ်၊ အင်းယားရွာမှ စပါးရောင်း လာသည့် သူကြီး ဦးဖီး ဆိုသူနှင့် တွေ့ကြ၏။ ဦးဖီးသည် ဆရာတော် ဦးညေးယျအား အမှု စစ်ဆေးသည့် အရေးပိုင် ဦးသီဟန်၏ ရုံးခန်းသို့ သွားရောက် နားထောင်ခဲ့သည့် အတွေ့အကြုံများအား ပြောပြနေသည် ဖြစ်လေရာ … "မအောင်မေရယ် … ငညေးယျကို အမှုစစ်တော့ ကြောက်လွန်းလို့ မျက်နှာလေးကို ဆီးရွက်လောက် ရှိတယ်။ ဦးသီဟန်မို့ ထောင်ဒဏ်လောက် ပေးတာ၊ ငါသာ စစ်ရရင် မှတ်လောက်အောင်ကို သေနတ်နဲ့ ပစ်သတ်ချင်တယ်။"

သူကြီး ဦးဖီး၏ ဒေါနှင့် မောနှင့် ပြောနေသော စကားများကို ကြားရလျှင် မစောခင်သည် အသားများ ဆတ်ဆတ်တုန်လာအောင် မခံချင် ဖြစ်လာသည်။ ငါတို့ ဆရာတော်ကို ပြောရက်လေခြင်း ဟူသော စိတ်ဖြင့် မစောရင်တို့ထံ လာကာ ပြောပြသည်။ ထိုအခါ မစောရင်ကလည်း အနားမှာ ရှိနေသည့် ကုမ္မာရီ အသင်းဝင် မယုခင်ကိုပါ ခေါ်၍ ဒေါ်အောင်မေအိမ်သို့ လိုက်လာကြ၏။

သို့သော် ဦးဖီးကို မတွေ့ရတော့။ သူတည်းခိုသည့် ဦးစံကွန်းအိမ်သို့ ပြန်သွားပြီ ဆို၍ ဦးစံကွန်း အိမ်သို့ သူတို့သုံးယောက် လိုက်သွားကြသည်။ တွေ့ပါပြီ ဦးဖီးကို၊ ဦးဖီးသည် ဦးစံကွန်း၏ အိမ်ရှေ့ ကပြင်ပေါ်တွင် ခြေတွဲလောင်းချ၍ ထိုင်နေ၏။ ထိုအခါ အသက် အငယ်ဆုံး ဖြစ်သည့် မယုခင်က ဦးဖီး ထိုင်နေရာသို့ ပြေးသွားကာ "နင်လားဟဲ့ … တို့ ဆရာတော်ကို ငညေးယျလို့ ခေါ်တာ …" ဟု ပြောဆိုရင်း ဦးဖီး ကိုယ်လုံးကြီးကို မြေပြင်ပေါ်သို့ ကျလာအောင် ခုန်၍ ဆွဲချသည်။ မစောရင်နှင့် မစောခင်တို့ကလည်း မယုခင်ကို ကူညီကာ ဦးဖီး မြေပြင်ပေါ်သို့ ကျလာသည် အထိ ဝိုင်းကူ၍ ဆွဲချကြလျှင် ရုတ်တရက် ဖြစ်သောကြောင့် ဦးဖီးမှာလည်း မည်သို့မျှ မကာကွယ်နိုင်ဘဲ မြေပြင်ပေါ်သို့ အလျားမှောက် ကျသွားတော့၏။

မိန်းကလေးသုံးယောက်သည် ဦးဖီးကို ဝိုင်းရိုက်ကြတော့၏။ ဦးဖီး မထနိုင်အောင်လည်း ဝိုင်းဖိ ထားကြလျှင် ဦးစံကွန်း၏ သမက်မှာ မည်သို့ ကူညီရမည်ကို မသိသောကြောင့် လူစိမ်းများကို မြင်လျှင် ဝှေ့တတ်သည့် ဦးဖီး၏ နွားနှစ်ကောင်ကို ချည်နှောင်ထားသည့် နေရာမှ ကြိုးများကို ဖြေလွှတ် ပေးလိုက်၏။ သို့သော် နွားများသည် မိန်းကလေးများကို လုံးဝ မဝှေ့ဘဲ အလျားမှောက်နေသည့် သူတို့၏ သခင် ဦးဖီးကိုသာ ဝှေ့မည်လုပ်နေ၍ အိမ်နီးချင်းများ လာရောက်ကာ နွားများကို ဖမ်းတော့မှ ဦးဖီး ချမ်းသာရာ ရတော့သည်။ ထို့ကြောင့် ဦးဖီးသည် တရားလို ပြုလုပ်ကာ သီလဝတီ ကုမ္မာရီမှ မိန်းကလေး သုံးယောက်အား ပါးရိုက်မှုဖြင့် အရေးပိုင် ဦးမဲ၏ ရုံးမှာ တရားစွဲလိုက်၏။ ဤအတွင်းမှာပဲ မသိန်းတင်၏ အစ်ကိုကြီး ကိုရွှေထုံး၊ မယုခင်၏ အဖေ ကိုသာဇံ၊ မစောခင်၏ အဖေ ကိုမြတို့ကိုလည်း မတရားအသင်း ပုဒ်မဖြင့် အရေးပိုင်ရုံးမှ ဖမ်းသွားသည်။ မိန်းကလေး သုံးယောက်ကိုလည်း ဦးဖီးအား ပါးရိုက်မှုဖြင့် ထောင်ဒဏ် ၄ လ ကျခံစေဟု တရားသူကြီး ဦးသိန်းညွန့်က စီရင်ချက်ချသည်။

မသိန်းတင်သည်လည်း သီလဝတီ ကုမ္မာရီ အသင်းသူများအား အကူအညီ ပေးနေသည့် ရက်မှာပဲ ကိုရွှေထုံး၏ အပေါင်းအသင်းများ ဖြစ်သည့် ဝံသာနု ကိုအောင်စော၊ ကိုထွန်းကျော်၊ ကိုပန်းဖူးတို့နှင့် အတူ သစ္စာဝါဒီ ကုမ္မာရီ အသင်းမှ မဖွားရင်ကိုပါ အရေးပိုင်ရုံးမှ လာရောက် ဖမ်းဆီး သွားသည်ကို ခံရ၏။ မလှဒွန်းမှာ ရင်ကို လက်နှင့် ဖိရင်း "ဘုရား … ဘုရား" ဟု တကာ နဝင်းအိမ်ကြီးမှာ ကျန်ရစ်ခဲ့တော့၏။

ကြည်ဦး ၇၊ ၁ဝ၊ ၂ဝဝ၃