သိကြား

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

သိကြား[ပြင်ဆင်ရန်]

မာဂဓဘာသာတွင် သက္က၊ သက္ကတ ဘာသာတွင်သကြဟူ၍ ခေါ်သည်။ သက္ကတဘာသာ သကြဟူသော ပုဒ်တွင် သ၌ မှီသောသရကို၊ကြ၌ မှီသော'အ'သရကို'အား'သို့ ပြောင်းလည်း၍ မြန်မာဘာသာတွင်သိကြားဟု ခေါ်သည်။ ထို့ကြောင့် ဟတ္ထိပါလကိုးခန်းပျို့တွင် ··
သက္ကသကြ၊မာဂဓနှင့်၊ သက္ကတဘာသာ၊ ဝေါဟာအပြား၊ ထိုနှစ်ပါးတွင်၊ 'ဣအား'အက္ခရာ၊ လွှဲကာ လည်း ပြု၊ မြန်မာမှုဖြင့်၊ ယခုလူတွင်၊သိကြားထင်သည်ဟု ရှင်မဟာရဋ္ဌသာရ အကျော်စပ်ဆိုတော်မူခဲ့သည်။ အဘိဓာန်ကျမ်းတွင်
သက္ကော= အသုရာကို အောင်စွမ်းတတ်သောသူ။
ပုရိန္ဒဒေါ=အလှူလက်ဦးပေးတတ်သောသူ။
ဒေဝရာဇာ =နတ်တို့၏မင်း။
ဝဇိရပါဏိ=ဝဇိရစိန်လက်၌ရှိသောသူ။
သူဇမ္ပတိ= သူဇာ၏အရှင်
သဟဿက္ခော=များစွာ သောနတ်လူတို့၏ ကြံစည်အောက်မေ့တတ်သော ကိစ္စကို မြင်နိုင်စွမ်းသူ။
မဟိန္ဒော=များစွာသောနတ်တို့၏ အရှင်။
ဝဇိရာဝုဓော=ဝဇိရစိန်လက်နက်ရှိသူ။
ဝါသဝေါ= နတ်၌ဖြစ်သော ရတနာ၏အရှင်။
သတနယနော= အမြင် မျက်စိအထောင်ရှိသောသူ။
တိဒိဝါဓိဘူ=နှစ်ပြည်နှစ်ထပ်ကို အစိုးရသောသူ။
သုရနာထော= နတ်တို့၏ကိုးကွယ်ရာ ဖြစ်သောသူ။
ဝဇိရ ဟတ္ထော= ဝဇိရစိန်လက်နက်ရှိသောသူ။
ဘူတပတိ=သတ္တဝါတို့ကိုအစိုးရသောသူ။
မဃဝါ=ပူဇော် အပ်သောသူ။
ကောသိယော= ကောသိယအနွယ် ဖြစ်သောသူ၊
ဣန္ဒော= အစိုးခြင်းစည်းစိမ်ရှိသောသူ။
ဝတြဘူ= ဝတ္တမည်သော အသုရာကိုနှိမ်နင်းတတ်သောသူ။
ပါကသာသနော=ပါကမည်သောအသုရာကိုဆုံးမတတ်သောသူ။
ဝိဍဇော=တစ်ကိုယ်လုံးနှံ့တတ်သောဩဇာရှိသောသူဟူ၍ သိကြားပရိယာယ်ပုဒ် ၂ဝ ပြသည်။


သိကြားမင်း၏ စိုးစံရာဖြစ်သော ပြည်ကား မဟာသုဒဿနအမည်ရှိသော တာဝတိံသာနတ်ပြည်ဖြစ်၏။ ထိုတာဝတိံသာသည် အရှေ့အနောက်လည်း ယူဇနာတစ်သောင်း၊ တောင်နှင့်မြောက်လည်း ယူဇနာတစ်သောင်းရှိ၏။ မြို့ တစ်မျက်နှာ တစ်မျက်နှာလျှင် တံခါးပေါင်း နှစ်ရာ့ငါးဆယ်စီရှိသောအားဖြင့် တံခါးပေါင်းလည်း တစ်ထောင်ရှိ၏။ အရှေ့မျက်နှာ၌ အဝန်းယူဇနာ တစ်ထောင်ရှိ၍ ရတနာမျိုးတို့ဖြင့် တံတိုင်းဝန်းကျင်၌ ရံအပ်သော နန္ဒဝန်ဥယျာဉ်ရှိ၏။ ထိုဥယျာဉ်အတွင်း၌ ကြာငါးပါးဖြင့်ဖုံးလွှမ်းလျက် ချမ်းကြည်စိမ်းမြစွာသော မဟာနန္ဒာ၊ စူဠနန္ဒာဟူသည့် ရေကန်နှစ်ကန်ရှိ၏။ တောင်မျက်နှာ၌ ရတနာမျိုးတို့ဖြင့်ပြီးသော တံတိုင်း မုခ်တံခါးတို့ဖြင့် ဝန်းကျင်ရံအပ်သော ဖာရုသကာ ဥယျာဉ်ရှိ၍ အဝန်း ယူဇနာခုနစ်ရာရှိသည်။

ထိုဥယျာဉ်အတွင်း၌ ဘဒ္ဒါ၊ သုဘဒ္ဒါဟူ၍ ရေကန်နှစ်ကန်ရှိ၏။ အနောက်မျက်နှာ၌ ရတနာ မျိုးဖြင့်ပြီးသော တံတိုင်း မုခ်တံခါးဖြင့် ဝန်းကျင်ရံအပ်သော စိတ္တလတာဥယျာဉ်ရှိ၍ အဝန်းယူဇနာငါးရာရှိသည်။ ထိုဥယျာဉ်တွင်း၌ ဝိစိတ္တာ၊ စူဠဝိစိတ္တာဟူ၍ ရေကန်နှစ်ကန်ရှိ၍ အာသဝတီနွယ်ပင် ပေါက်သည်။ မြောက်မျက်နှာ၌ ရတနာတို့ဖြင့် အတိပြီးသော တံတိုင်းမုခ်တံခါးဖြင့် ဝန်းကျင်ရံအပ်သော မိဿက ဥယျာဉ်ကား အဝန်းယူဇနာငါးရာရှိ၍ ထိုဥယျာဉ် တွင်း၌ ဓမ္မာ၊ သုဓမ္မာဟူ၍ ရေကန်နှစ်ကန်ရှိသည်။

မြို့၏အရှေ့မြောက်ထောင့်၌လည်း မဟာဝန်ဥယျာဉ်ရှိ၍ အဝန်းယူဇနာခုနစ်ရာရှိိ၏။ ထိုဥယျာဉ်တွင်း၌ သိကြားမင်းစံရာ ရတနာခုနစ်ပါးတို့ဖြင့်ပြီးသော ပြာဿဒ်ကွန်းဘုံဗိမာန်ကား တစ်သောင်းမျှလောက် အရေအတွက်ရှိ၏။ တာဝတိံန်သာပြည်၏အရှေ့မြောက်ပင်လယ် ကသစ်ပင်၏အနီး၌ နတ်အပေါင်းတို့ညီလာခံရာ သုဓမ္မာသဘင် ရှိ၏။ ထိုသုဓမ္မာသဘင်ကား အလျားအနံအားဖြင့် ယူဇနာသုံးရာ၊ အဝန်းယူဇနာကိုးရာ၊ အမြင့်ယူဇနာငါးရာရှိ၏။ သုဓမ္မာသဘင်၏မြေပြင်သည်ဖလ်ဖြင့်ပြီး၍ တိုင် အခြင် ထုတ် လျောက်စသည်တို့ကား ကိုးပါးသောရတနာ တို့ဖြင့် ခြယ်လယ်စီမံကံလျှင် အကြောင်းပြု၍ ဥတုသမုဌ် နတ်မလုပ်ဘဲပြီးစေအပ်၏။ ထိုသုဓမ္မာသဘင်အနီးရှိ ပင်လယ် ကသစ်ပင်ကားအမြင့် အချင်းယူဇနာတစ်ရာရှိ၏။ လူတို့၏အရေအတွက် အနှစ်တစ်ရာတိုင်မှ တစ်ကြိမ်ပွင့်၍ ပင်လယ် ကသစ်ပွင့်၏အရောင်အဝါကား ကသစ်ပင် ပတ်ဝန်းကျင် ယူဇနာတစ်ရာတိုင်တိုင်ထွက်၍ ပျံ့နှံ့၏။ မွှေးသောအနံ့သည် အကြေသို့ ယူဇနာတစ်ရာ တိုင်တိုင်လှိုင်၏။

သိကြားမင်းသည် ထိုသုဓမ္မာသဘင်စရပ်၌ အချိန်အခါရောက်၍ နတ်တို့အစည်းအဝေးပြုလိုလတ်သော် ဝေဇယန္တာ ပြာဿာဒ်နန်း၌ နေလျက် ဝိဇယုတ္တရ မည်သောခရုသင်းကိုမှုတ်၏။ ထိုခရုသင်းသည် အတောင် နှစ်ရာခန့်ပမာဏရှိ၍သိ ကြားမင်းမှုတ်သော ခရုသင်း၏ အသံသည်ကား ယူဇနာတစ်သောင်းကျယ်သော တာဝတိံသာ နတ်ပြည်အလုံးကိုနှံ့လျက် လူတို့အရေအတွက်အားဖြင့် လေးလတိုင်မှာအသံစဲ၏။ သိကြားမင်း ထိုသဘင်သို့ ထွက်စံရာတွင် စီးတော်မူသောဆင်ကား ဧရာဝဏ်ဆင်မည်၏။ ထိုသုဓမ္မာသဘင်အစည်းအဝေး၌ ရံခါရံခါလည်း တရားဟောတတ်သော နတ်တို့ကို တရားဟောပလ္လင်ထက်သို့ တက်၍ဟောစေ၏။ ရံခါရံခါလည်းသိကြားမင်းကိုယ်တိုင် ဟော၏။ ရံခါရံခါလည်း သနင်္ကုမာရိမည်သောဗြဟ္မာမင်းသည် နတ်အစည်းအဝေးသို့လာလတ်ပြီးသော် ပုဂ္ဂိုလ်ခင်မှ တရားမင်သည်ဖြစ်၍ နတ်အပေါင်းတို့မြင်ချင်ရှုချင် ချစ်မြတ် နိုးချင်ရှိသော ပဉ္စသီခနတ်သား၏ အသွင် ဖန်ဆင်းလျက် တရားဟော၏။ ထိုနတ်တို့အစည်းအဝေးကား လူတို့၏အရေအတွက်အားဖြင့် လေးလတိုင်မှပြီး၏။ ထိုသုဓမ္မာသဘင်၊ ပင်လယ်ကသစ်ပင် ကျောက်ဖျာတို့ကား မြို့၏အရှေ့မြောက်ဘက်၌ တည်ရှိလေသည်။

တာဝတိံသာပြည်၏အလယ်၌ သိကြားမင်းစံရာ ဝေဇယန္တာနန်းပြာဿဒ်သည် အမြင့်ယူဇနာခုနစ်ရာရှိ၏။ ထိုပြာဿာဒ်ကိုခြံရံ၍ ပတ်ဝန်းကျင်အောင်လံ တံခွန်ကြီးတို့ဖြင့် အများအပြားစိုက်ဆောက်ထား၏။ ထိုအလံတို့၏အမြင့်ကား ယူဇနာသုံးရာမြင့်၏။ ရဲရဲညီးသောရွှေအလံတိုင်၌ ပတ္တမြားညို၊ မြ၊ နီလာ အလံအရွက်တို့ရှိ၏။ မြ၊နီလာ၊ပတ္တမြား အလံတိုင်၌ ရွှေဖြင့်ပြီးသောတံခွန်ရွက်တို့ရှိ၏။ ဥန္တာအလံတိုင်၌ ပုလဲအလံရွက်တို့ရှိ၏။ ၌ုလဲအလံတိုင်၌သန္တာ အလံရွက်တို့သည် ဤသို့သောနည်းဖြင့် အသင့်ခြယ်လယ်စီမံ၍ အလုံးစုံသော အလံတိုင်အလံရွက်တို့သည် ရတနာ ခုနစ်ပါးတို့ဖြင့် ပြီးကုန်၏။ မာတလိနတ်သားအမှူးရှိသောသိကြားမင်း၏ ဝေဇယန္တာရထားသည်ကား ရထားဦးရှေ့မှသည် အဖျားတိုင်အောင် ယူဇနာတစ်ရာ့ငါးဆယ်ရှိရာ ရှေ့ဦး ကရထားအထိယူဇနာငါးဆယ်၊ အလယ်ရထားအိမ်လည်း ယူဇနာငါးဆယ်၊ နောက် စွန်းသည်ယူဇနာငါးဆယ်ဖြစ်သည်။ အနံကားယူဇနာငါးဆယ်ရှိ၍ အဝန်းအားဖြင့် ယူဇနာလေးရာရှိ၏။ ရထားအိမ်၏ အလယ်၌သိကြားမင်းနေရာ ရတနာပလ္လင်ကား တစ်ယူဇနာအမြင့်အကျယ်ရှိသည်။

ထိုပလ္လင်၌စိုက်ဆောက်ဖြန့်မိုးအပ်သောထီးဖြူအဝန်းကား သုံးယူဇနာရှိ၏။ ထိုရထား၏တခုတည်းသောထမ်းပိုး၌ အာဇာနည်သိန္ဓောမြင်းပျံတစ်ထောင် တို့ကို တစ်ပေါင်း တစ်စည်းတည်းကစေ၏။ ထိုမြင်းတစ်ထောင်ကား တိရစ္ဆာန်မြင်းမဟုတ်၊ သိကြား မင်း၏အမှုတော်ဝန်ကို ထမ်းရွက်သောနတ်သားတို့သည် ကမ္မဇိဒ္ဓိတန်ခိုးအစွမ်းအားဖြင့် ဖန်ဆင်းအပ်သောမြင်းတို့ဖြစ်သည်။ ထိုရထား၌ စိုက်ဆောက်အပ်သောအောင်လံတို့ကား ယူဇနာ တစ်ရာ့ငါးဆယ်မြင့်ကုန်၏။ အလံရွက်တို့သည်လည်း ရတနာခုနစ်ပါးတို့ ဖြင့်ပြီး၏။ စည်မျိုးငါးပါးဖြင့် တိီးမှုတ်အပ်သောအသံတို့ကဲ့သို့ လေခတ်တိုင်းလှုပ်သော အလံရွက်တို့မှ အသံတို့သည် ညံညံညိမ့်ညိမ့်နှစ်သိမ့် သာယာနာ၍ မငြီးနိုင်အောင်ထွက်ကုန်၏။ ထိုမှတစ်ပါး ရထား၌စီယင်အပ်သော တန်ဆာတို့သည် အတိုင်းအရှည် ပမာဏမရှိ အထူးအဆန်းတင့်တယ်လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)