သားအိမ်လမ်းကြောင်းတွင် ရောဂါပိုးဝင်ခြင်း

ဝီကီပီးဒီးယား မှ

သားအိမ်လမ်းကြောင်းတွင် ရောဂါပိုးဝင်ခြင်း(Bacterial vaginosis BV) ဆိုသည်မှာ သားအိမ်လမ်းကြောင်းအတွင်းတွင် ဘက်တီးရီးယားပိုးများ အများအပြားပေါက်ဖွားရာမှ ဖြစ်လာသော ရောဂါတစ်ခုဖြစ်သည်။[၁] ဖြစ်ပွားလေ့ရှိသော ရောဂါလက္ခဏာမှာ မိန်းမကိုယ်မှ ငါးညှီနံ့ကဲ့သို့အနံ့ရှိသော အရည်အချွဲများဆင်းခြင်းဖြစ်သည်။ အရည်အချွဲများမှာ အဖြူရောင် သို့မဟုတ် မီးခိုးရောင်ရှိသည်။ ဆီးသွားသည့်အခါ ပူလောင်ခြင်းကို ခံစားရတတ်သည်။ သို့သော် ယားယံခြင်းဖြစ်လေ့မရှိပါ။ တခါတရံတွင်လည်း ရောဂါလက္ခဏာပြလေ့မရှိပါ။[၂] ဤရောဂါဖြစ်ပွားလျှင် အိတ်ချ်အိုင်ဗွီပိုးနှင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါကဲ့သို့သော လိင်မှတဆင့် ကူးစက်တတ်သောရောဂါများဖြစ်နိုင်ခြေ နှစ်ဆခန့်ပိုများလာသည်။[၃][၄] ကိုယ်ဝန်ဆောင်များတွင် ဤရောဂါဖြစ်ပွားလျှင် ရက်မစေ့ခင် မီးဖွားနိုင်သည်။[၅][၆]

သားအိမ်လမ်းကြောင်းတွင် ရောဂါပိုးဝင်ခြင်းသည် သားအိမ်လမ်းကြောင်းအတွင်းရှိ သဘာဝအတိုင်းဖြစ်ပေါ်နေသော ဘက်တီးရီးယားပိုးများထဲမှ[၇] အရေအတွက်အများဆုံး ဘက်တီးရီးယားပိုးတစ်မျိုးမှာ အဆပေါင်း ရာခန့်၊ ထောင်ခန့်ပိုမိုများပြားလာခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ အဖြစ်အများဆုံးရောဂါပိုးမှာ လက်တိုဘက်စလိုင် (Lactobacilli) ဟုခေါ်သောပိုးဖြစ်သည်။[၈] သားအိမ်လမ်းကြောင်းဆေးခြင်း ၊ လိင်ဆက်ဆံဖော် အသစ် သို့မဟုတ် အများအပြားရှိခြင်း၊ ပဋိဇီဝဆေးနှင့် သားအိမ်အတွင်းတွင် ပစ္စည်းထည့်၍ ကိုယ်ဝန်တားခြင်း (intrauterine device IUD) တို့ကြောင့် ဖြစ်နိုင်သည်။ သို့သော်လည်း ဤရောဂါမှာ လိင်မှတဆင့် ကူးစက်တတ်သောရောဂါမဟုတ်ပါ။[၉] မိန်းမကိုယ်မှထွက်သော အရည်အချွဲများကို စမ်းသပ်စစ်ဆေးရာတွင် ပီအိတ်ချ်(pH)မြင့်မားနေပြီး ဘက်တီးရီးယားပိုးများ အများအပြားတွေ့ရှိပါက ဤရောဂါဖြစ်ကြောင်း သတ်မှတ်နိုင်သည်။ သားအိမ်လမ်းကြောင်းတွင် ဘက်တီးရီးယားပိုးဝင်ခြင်းကို တစေးပိုး(yeast)နှင့် ထရိုင်ခိုမိုနပ်စ်ပိုး(Trichomonas)တို့ ကူးစက်ခံရခြင်းနှင့် မှားနိုင်သည်။[၁၀]

သားအိမ်လမ်းကြောင်းတွင် ရောဂါပိုးဝင်ခြင်းကို ပုံမှန်အားဖြင့် ကလင်ဒါမိုင်စင်(clindamycin) သို့မဟုတ် မက်ထရိုနိုင်ဒဇော(metronidazole)စသော ပဋိဇီဝဆေးတို့ဖြင့် ကုသနိုင်သည်။ ဤဆေးများကို ကိုယ်ဝန်သည်များတွင်လည်း ကိုယ်ဝန်လေးလမှစတင်၍ အသုံးပြုနိုင်သည်။ တချို့လူများတွင် ဆေးကုသမှုခံယူပြီးသော်လည်း ပြန်လည်ဖြစ်ပွားတတ်သည်။ အကျိုးပြုအဏုဇီဝပိုးပါသောဆေး(Probiotics) ကို သောက်ခြင်းဖြင့် ပြန်လည်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်သည်။[၁၁] အကျိုးပြုအဏုဇီဝပိုးပါသောဆေးနှင့် ပဋိဇီဝဆေးတို့သောက်သုံးခြင်းကြောင့် မီးဖွားပြီးနောက်ဆက်တွဲဆိုးကျိုးများဖြစ်ပွားမှုရှိ၊မရှိကို သေချာစွာမသိသေးပါ။[၁၂]

သားအိမ်လမ်းကြောင်းတွင် ဘက်တီးရီးယားရောဂါပိုးဝင်ခြင်းသည် ကိုယ်ဝန်ဆောင်နိုင်သောအရွယ်ရှိ အမျိုးသမီးများအားလုံးတွင် အဖြစ်အများဆုံး သားအိမ်လမ်းကြောင်းအတွင်း ရောဂါကူးစက်ခံရခြင်းဖြစ်သည်။[၁၃] အမျိုးသမီးပေါင်း (၅)မှ(၇၀)ရာခိုင်နှုန်းခန့် ရောဂါကူးစက်ခံခဲ့ရသည်။ ဤရောဂါသည် အာဖရိကတိုက်တွင် အဖြစ်များပြီး အာရှနှင့် ဥရောပနိုင်ငံများတွင် ဖြစ်ပွားလေ့မရှိပါ။ အမေရိကန်နိုင်ငံတွင် အသက်(၁၄)နှစ်မှ (၄၉)နှစ်အရွယ်ရှိ အမျိုးသမီးပေါင်း (၃၀)ရာခိုင်နှုန်းခန့် ရောဂါကူးစက်ခံခဲ့ရသည်။[၁၄] ရောဂါကူးစက်ခံရသည့်နှုန်းမှာ နိုင်ငံတစ်နိုင်ငံအတွင်းရှိ လူမျိုးစုများပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။ ပထမဆုံး သားအိမ်လမ်းကြောင်းတွင် ဘက်တီးရီးယားရောဂါပိုးဝင်ခြင်းကို (၁၈၉၄)ခုနှစ်တွင် စတင်မှတ်တမ်းတင်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Clark, Natalie (2014). "Microbiota and Pelvic Inflammatory Disease". Seminars in Reproductive Medicine 32 (01): 043–049. doi:10.1055/s-0033-1361822. ISSN 1526-8004. PMID 24390920. 
  2. What are the symptoms of bacterial vaginosis? (2013-05-21)။ 3 March 2015 တွင် ပြန်စစ်ပြီး။
  3. Kenyon, C (December 2013). "The global epidemiology of bacterial vaginosis: a systematic review.". American Journal of Obstetrics and Gynecology 209 (6): 505–23. doi:10.1016/j.ajog.2013.05.006. PMID 23659989. 
  4. Bradshaw, CS (July 2015). "Making inroads into improving treatment of bacterial vaginosis - striving for long-term cure". BMC Infectious Diseases 15: 292. doi:10.1186/s12879-015-1027-4. PMID 26219949. 
  5. Queena၊ John T. . (2012)။ Queenan's management of high-risk pregnancy : an evidence-based approach (6th ed.)။ Chichester, West Sussex: Wiley-Blackwell။ p. 262။ ISBN 9780470655764
  6. What are the treatments for bacterial vaginosis (BV)?။ National Institute of Child Health and Human Development (2013-07-15)။ 4 March 2015 တွင် ပြန်စစ်ပြီး။
  7. Bennett၊ John (2015)။ Mandell, Douglas, and Bennett's principles and practice of infectious diseases။ Philadelphia, PA: Elsevier/Saunders။ ISBN 9781455748013
  8. Nardis, C. (September–October 2013). "Vaginal microbiota and viral sexually transmitted diseases". Annali di Igiene 25 (5): 443–56. doi:10.7416/ai.2013.1946. PMID 24048183. 
  9. Bacterial Vaginosis – CDC Fact Sheet။ Centers for Disease Control and Prevention (March 11, 2014)။ 2 Mar 2015 တွင် ပြန်စစ်ပြီး။
  10. Mashburn, J (2006). "Etiology, diagnosis, and management of vaginitis.". Journal of midwifery & women's health 51 (6): 423–30. doi:10.1016/j.jmwh.2006.07.005. PMID 17081932. 
  11. Donders, GG (April 2014). "Treatment of bacterial vaginosis: what we have and what we miss.". Expert opinion on pharmacotherapy 15 (5): 645–57. doi:10.1517/14656566.2014.881800. PMID 24579850. 
  12. Othman, M (24 January 2007). "Probiotics for preventing preterm labour.". The Cochrane database of systematic reviews (1): CD005941. doi:10.1002/14651858.CD005941.pub2. PMID 17253567. 
  13. Bacterial Vaginosis (BV): Condition Information။ National Institute of Child Health and Human Development (2013-05-21)။ 3 March 2015 တွင် ပြန်စစ်ပြီး။
  14. Bacterial Vaginosis (BV) Statistics Prevalence (September 14, 2010)။ 3 March 2015 တွင် ပြန်စစ်ပြီး။