သားရွှေဥဆုံးမစာ
သားရွှေဥ ဆုံးမစာကို စာတော်ပြင်ဆရာကြီး ဦးပညာ (မြန်မာ ၁၁၂၅ခန့် - ၁၁၈၅ခန့်)က ရေးသားခဲ့သည်။
၁။ “မာတာပီတ”၊ မိဘနှစ်ပါး၊ မွေးသည်သားကို၊ သနားကြင်နာ၊ တတ်ပညာဖြင့်၊ လိမ်မာစေချင်၊ ထုံးပုံဆင်၍၊ သွန်သင်ဝေဖန်၊ ဆုံးမဟန်လျှင်၊ ကျန်းဂန်အဓိပ္ပာယ်၊ သင့်ကြောင်းခြယ်လျက်၊ နာဖွယ်ဆန်းထူး၊ လင်္ကာကျူးအံ့၊ ရွှင်မြူးပျော်ပါး၊ အမျိုးသားတို့။ ။ “သင်ကြားလေ့ကျက် ရာသတည်း”။
၂။ “သားရွှေဥ”၊ မျက်ရှုကြေးမုံ၊ သက်လုံးပုံကို၊ တူစုံမိဘ၊ ဝိသေသဖြင့်၊ ဆုံးမဆိုသည်၊ မောင်နားလည်တော့၊ ချစ်ကြည်သော့အား၊ ရင်ခွင်ထား၍၊ ကစားလိုရာ၊ ပျော်ပါးစွာလျှင်၊ အိမ်မှာသို့ပင်၊ နေစေချင်လည်း၊ မဲ့ရွှေရင်နှစ်၊ ယောက်ျားဖြစ်လျက်၊ စင်စစ်စွဲမှတ်၊ အတတ်ပညာ၊ မရှိပါက၊ရုပ်မှာမတော်၊ ဂုဏ်ညှိုးလျော်သား၊ လှေလှော်ဝန်ထမ်း၊ အမှုကြမ်းကို၊ ကြိုးပမ်းဆောင်ရွက်၊ အသက်မွေးကတ်၊ ရှိတို့တတ်၏၊ စွဲမှတ်ပညာ၊ ဝိဇ္ဇာသိပ္ပ၊ တတ်စွမ်းကမူ၊ ဓနဥစ္စာ၊ ဥတနာကို၊ ရှာလည်းရလွယ်၊ ပြည့်စုံကြွယ်၏၊ တင့်တယ်လျောက်ပတ်၊ သက်မွေးမြတ်၏၊ မှတ်လော့စေ့စေ့၊ သို့ဖြစ်၍လျှင်၊ လောက်လွေ့ပညာ၊ တတ်လိမ္မာအောင်၊ ဆရာကောင်းထံ၊ နည်းနာခံ၍၊ သင်အံလေ့လာ၊ ကြိုးစားရာသည်။ ။ “ရတနာမျက်ရှု သားရွှေဥ”။
၃။ “သားရွှေဥ”၊ မျက်ရှုရတနာ၊ မှတ်သားပါလော့၊ ပညာအတတ်၊ ကျေးဇူးမြတ်နှင့်၊ ဂုဏ်သတ္တိမှာ၊ ဘယ်ဥစ္စာမျှ၊ နှိုင်းရာမတူ၊ ခိုးသားမူလည်း၊ မယူနိုင်ရာ၊ မြဲမြံစွာ၏၊ ပညာမြော်မြင်၊ အတတ်လျှင်ကား၊ ဆွေခင်ပွန်းစစ်၊ မှီရာဖြစ်ရှင့်၊ အသစ်ဘဝ၊ ပြောင်းလေကလည်း၊ သုခဝဟာ၊ မြတ်ချမ်းသာကို၊ ကောင်းစွာလျောက်ပတ်၊ ဆောင်ပေတတ်၏၊ မှတ်သားသင့်သည်၊ သုတမည်ကား၊ မစည်မပင်၊ မတွင်မကျယ်၊ အနည်းငယ်ဟု၊ စိတ်ဝယ်ဤသို့၊ မမှတ်တို့လင့်၊ တောင်ပို့တွင်ခေါင်း၊ မနက်တောင်းကို၊ သွန်းလောင်းရေစက်၊ အနည်းလျက်လည်း၊ နေ့ရက်ရှည်လျား၊ ကျဖန်များသော်၊ ရေစားကြည်းလှည့်၊ လျှမ်းလျှမ်းပြည့်သို့၊ နှိုင်းရှည့်မယုတ်၊ ပမာဟုတ်စွ၊ နှုတ်တတ်ဖြစ်စေ၊ တစ်ထွေထူးမြတ်၊ လက်တတ်ဖြစ်စေ၊ သေသေချာချာ၊ တတ်လိမ္မာက၊ ဝိဇ္ဇာသိပ္ပ၊ တစ်ခုမျှလျှင်၊ ဆုံးစတတ်မြောက်၊ သက်မွေးလောက်၏၊ မင်းယောက်ျားမှု၊ တစ်ခုခုကို၊ သူ့ထက်သာအောင်၊ ကြိုးအားဆောင်၍၊ အခေါင်အဖျား၊ တတ်မြောက်မြားမူ၊ ထင်ရှားကြော်ငြာ၊ ဂုဏ်ထွန်းဝါသည်။ ။ “ရတနာမျက်ရှု သားရွှေဥ”။
၄။ “သားရွှေဥ”၊ မျက်ရှုလူလှ၊ မောင်နားကျလော့၊ ဆရာအထံ၊ သဲသဲညံမျှ၊ စာအံစာဖတ်၊ အတတ်သင်ဘက်၊ နှစ်သက်ရွှင်ပျော်၊ သူငယ်ဖော်တို့၊ ခေါ်ဝေါ်ကြလျှင်၊ ဗျာ-ရှင်ဩမွန်၊ ကျွန်တော်ကျွန်ုပ်၊ ယဉ်နှုတ်ပိထား၊ ခင်ဘုရားဟု၊ သနားစရာ၊ နှုတ်ချိုသာက၊ နာ၍မငြီး၊ ကိုယ့်ထက်ကြီးမူ၊ ဦးရီးအကို၊ သူငယ်ကိုလည်း၊ နှုတ်ချိုသာရေး၊ မောင်ကလေးဟု၊ ညီထွေးညီပု၊ ခေါ်မှတ်ပြုလော့၊ သူ့ကိုရိုသေ၊ ကျင့်ဝတ်ကျေက၊ အထွေမရှိ၊ အလိုသိ၍၊ မိမိတို့မျိုး၊ သူမြတ်နိုးလိမ့်၊ ပုံရိုးရှေးဆို၊ နှုတ်လျှင်ချိုငြား၊ သျှိုတပါးဟု၊ စကားလူတွင်၊ မြဲမြဲထင်၏၊ ပဉ္စင်ကျူးရိုက်၊ မင်းပွဲဆိုက်ကို၊ ငှက်မိုက်တီးတုတ်၊ သံကြမ်းကြုတ်နှင့်၊ နှုတ်မနေတည်၊ ဆီး၍မြည်က၊ မကြည်မောင်းမဲ၊ ဆိုကျိန်ဆဲ၍၊ အုတ်ခဲတုတ်ဖြင့်၊ လိုက်ခြောက်လွှင့်၏၊ သည်နှင့်တလျှော၊ သံချိုမောသား၊ ဥဩငှက်မွန်၊ ကောင်းစွာတွန်သော်၊ အလွန်တရာ၊ နှစ်လိုစွာ၍၊ သံသာရင့်ကျူး၊ မြည်ပါဦးလော့၊ ကျေးဇူးဖော်ပြ၊ ချီမွမ်းကြ၏၊ ဗုဒ္ဓအလောင်း၊ နွားမြတ်ကောင်းကို၊ သောင်းကျန်းစွာလျှင်၊ ဆို၍နှင်သော်၊ သခင်ကိုမုန်း၊ မရုန်းပဲနေ၊ လောင်းကြေးငွေကုန်၊ ရှုံးလေထောင်ပြည့်၊ နောက်တစ်လှည့်မူ၊ နွား၏အလို၊ ကောင်းစွာဆို၏၊ သံချိုသာယာ၊ မောင်းသောခါ၌၊ မေတ္တာစိတ်ဝင်၊ ရုန်းလိုက်ငင်သော်၊ လှည်းလျှင်ပါလေ၊ ငွေတံပိုးကြွ၊ နှစ်ထောင်ရ၏၊ ပီယဝါစာ၊ နှုတ်ချိုသာက၊ မေတ္တာဆက်ဆံ၊ ရှေးထုံးစံကို၊ မြဲမြံမှတ်သား၊ နှလုံးထားလျက်၊ စကားချိုစွာ၊ ဆိုအပ်စွာသည်။ ။ “ ရတနာမျက်ရှု သားရွှေဥ”။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ ဆုံးမစာများ (ဒုတိယအကြိမ် ed.)။ အခြခံပညာ ဦးစီးဌာန။ စက်တင်ဘာ ၁၉၉၂။ pp. ၁၄၂။