သားချော့တေး

ဝီကီပီးဒီးယား မှ

သားချော့တေးသည် ကဗျာအမျိုးအစားဖြစ်ပြီး သီချင်းကဲ့သို့ သီဆိုရသဖြင့် သားချော့တေးကဗျာဟုလည်း ခေါ်ဆိုလေသည်။ ကလေးသူငယ်များအား အိပ်ချင်လာအောင် မိဘများက သီချင်းသီဆို၍ သိပ်ရလေသည်။ ထိုသို့ သိပ်ရာ၌ သီဆိုရသော သီချင်းအမျိုးအစားများကို သားချော့တေးဟု သတ်မှတ်ထားလေသည်။ နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် မိမိတို့၏ ရိုးရာ၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုများအရ မတူညီသည့် သားချော့တေးများစွာ ရှိပေသည်။

လူကလေးရဲ့ ချော့စရာ။
မိတ္ထီလာ ကန်တော်အောက်က
ဖားကောက်ခဲ့ပါ။
ဖားပါရင်တစ်ကောင်ပေး။
မျက်လုံးရယ်ကြောင်တောင်တောင်နဲ့
ဖားကောင်ကသေး။
ကြောင်ကြီးရဲ့ မြီးတံတို။
အဆီကိုစားပါလို့ အသားကိုမျို။
ကြောင်အိုရယ်ပေမှေး။
ကိုက်ပါနဲ့လေး။


မုန်တိုင်းကထန်၊ ချောင်းကလျှံ၊ ဝဲသံကကြွေး၊ လှိုင်းကဖွေး၊ရည်းလေလေ့၊ ရည်းလေလေး။ ။ မိုးပေါက်ကနာ၊ ဖြုတ်ကလာ၊ လမ်းတာကဝေး၊ လေကအေး၊ရည်းလေလေ့၊ ရည်းလေလေး။ ။
ဖော်ချင်းတို့ရေ၊ တို့တတွေ၊ လှော်လေအပြေး၊ ယက်ဖွေးဖွေး၊ ရည်းလေလေ့၊ ရည်းလေလေး။ ။
လမင်းသော်တာ၊ ရောင်ခြည်ဖြာ၊နေမင်းဖန်ဝါ၊ ယွန်းတောရှာ၊ အိပ်ပါလူလေး၊ မေ့ရင်သွေး၊ ရည်းလေလေ့၊ ရည်းလေလေး။ ။
ငှက်မငှက်ဖို၊ သိုက်မြုံခို၊ သံချိုမကြွေး၊ အိပ်ပြီလေး၊ရည်းလေလေ့၊ ရည်းလေလေး။ ။
ရနံ့မထုံ၊ ပန်းဝတ်မှုံ၊ပန်းငုံမှာကွေး၊ အိပ်ပြီလေး၊ ရည်းလေလေ့၊ ရည်းလေလေး။ ။
အိပ်ပါလူလေး၊ မေ့ရင်သွေး၊ ရည်းလေလေ့၊ ရည်းလေလေး။ ။(မင်းသုဝဏ်)

ယင်းတို့မှာ ခေတ်သစ်ကလေးကဗျာများ၏ ရှေ့ပြေးသားချော့တေးများပင် ဖြစ်သည်ဟုဆိုနိုင်သည်။ ထိုကဗျာများထဲမှ အချို့ကို မည့်သည့်စာဆိုက ရေးခဲ့သည်မသိသော်လည်း ထိုပုဂ္ဂိုလ်တို့၏ ကျေးဇူးတရားမှာ ကြီးမားလှပါသည်။ ကလေးတို့သည် မိခင်၏ရင်ခွင်တွင်း၌လည်းကောင်း၊ ပုခက်အတွင်း၌လည်းကောင်း ထိုသားချော့တေးများကို နားဆင်ရင်း ကြီးပြင်းလာခဲ့ကြကာ ကျောင်းနေအရွယ်သို့ ရောက်ခဲ့ကြရ၏။ ထိုကျောင်းသား/သူငယ်တို့သည် စာသင်ခန်းထဲ၌လည်း ကဗျာနှင့် ထပ်မံဆုံစည်းကြရပြန်သည်။

(ဝါဆို၊ ဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့် ကောက်စို့ကွယ်။
ခရာဆူးချုံ ဟိုအထဲက၊
မျှော့နက်မည်းကြီး တွယ်လိမ့်မယ်။
မျှော့နက်ဆိုတာ ချိုနဲ့လားကွယ့်
မြွေနဂါးတောင် ကြောက်ဖူးကွယ်။)

ပြီးတော့ဆက်ပြီး-

(မောင်လေးရေ ထပါတော့
ရောင်နီလာလှပေါ့။
တစ်ကြော့၊ နှစ်ကြော့တေးကိုသီ
ငှက်ကျေးနှုတ်ပလီ။)

တစ်ခါ

(ဆွမ်းအုပ်နီနီ အမေရွက်လို့၊
နက်ဖြန်မနက် ကျောင်းတက်မယ်။
မောင်းလည်းလိုက်မယ် ချန်မထားနဲ့
အမေသွားတော့ ပျင်းလှတယ်။) အစရှိသည့် ကဗျာများ . . . . ။

ကလေးတို့သည် ပုခက်တွင်း၊ မိခင်ရင်တွင်းမှာ မိခင်ရွတ်ဆိုသော တေးကဗျာ (သားချော့တေး) တို့ကို နားဆင်ရင်း တဖြည်း ဖြည်းမျက်တောင်စင်းကာ အိပ်ပျော်သွားခဲ့ရသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဇော်နောင်၊ စံတော်ချိန်သတင်းစာ၊ နိုဝင်ဘာလ (၂၃) ရက်၊ ၂၀၁၄ ခုနှစ်