သာလဲပင်

ဝီကီပီးဒီးယား မှ
Paper mulberry
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Rosales
မျိုးရင်း: Moraceae
မျိုးဇာတ်: Dorstenieae
မျိုးစု: Broussonetia
မျိုးစိတ်:
B. papyrifera
ဒွိနာမ
Broussonetia papyrifera
Synonyms
  • Broussonetia elegans K.Koch[၁]
  • Morus papyrifera L.
  • Papyrius papyrifera (L.) Kuntze

မိုင်းကိုင်စက္ကူ၊ သို့မဟုတ် ရှမ်းစက္ကူ ပြုလုပ်ရာ၌ အသုံးပြုရသောသာလဲပင်ကို ရုက္ခဗေဒ အမည်အားဖြင့် ဗရူးဆိုနီးရှားပက်ပီရီဖားရားဟုခေါ်၍ မိုရေစီအီး မျိုးရင်း တွင်ပါဝင်သည်။ အချို့ကသာလဲကို တာလဲဟုလည်း ခေါ်ကြ၍ ရှမ်းဘာသာဖြင့် မဲ့ဆိုင်လဲဟု ခေါ်လေသည်။

သာလဲပင်သည် မိုးရေချိန်လက်မ ၅ဝ မှ ရဝ အထိ ရှိ၍ အပူချိန်ဒီဂရီ ၈ဝ ကျော်ပြီးလျှင်ပေ ၂ဝဝဝမှ ၃၅ဝဝ အထိမြင့်သောဒေသများရှိ ချောင်းကမ်းပါးအနီးအနားနျင့် ချိုင့်ဝှမ်းများတွင်ပေါက်ရောက်သည်။ နုံးမြေများ၌လည်း စိုက်ပျိုးဖြစ်ထွန်းသည်။

ထိုအပင်များကိုပစိဖိတ်ကျွန်းများ၊ မလ္လာယုကျွန်းဆွယ်၊ ယိုးဒယား (ထိုင်း)နျင့် ဂျပန်နိုင်ငံများ၌လည်း တွေ့ရသည်။ မြန်မာနိုင်ငံတွင် မုတ္တမ၊ ကျိုက္ခမီ၊သံလွင်စသောနယ်များ၊ ကယားပြည်တောင်ပိုင်း၊ ဂုတ်ထိပ်၊ မေမြို့နှင့် ဗန်းမော် နယ်များတွင် အများဆုံးပေါက်ရောက်သည်။

သာလဲပင်သည်ရွက်ကြွေပင်မျိုးဖြစ်သည်။ အပင် အလတ် စား မျိုးဖြစ်၍အမြင့်ပေ ၃ဝ ခန့်ရှိတတ်သည်။ အမြစ်စို့အများအပြားထွက်သောအပင်မျိုးဖြစ်ပြီးလျှင် အငုတ်များမှလည်း အပင်များကောင်းစွာပေါက်နိုင်သည်။ အရွက်များသည်နုစဉ်အခါတွင် အဟိုက်များရှိတတ်၍ ရင့်သောအခါထိပ်ချွန်သောဘဲဥပုံများဖြစ်လာသည်။ အရွက်နှုတ်ခမ်းသားများတွင်ခွေးသွားစိတ်ကဲ့သို့ဖြစ်လေသည်။ အရွက်များသည်လေးလက်မမှရှစ်လက်မအထိရှည်ကြ၍ အပေါ်ဘက်သည် ကြမ်းလျက်အောက်ဘက်တွင်မူ အမွေးနုများ ရှိလေသည်။

အပွင့်များသည်ကြောင်မြီးတူပန်းသဏ္ဌာန်ကဲ့သို့ ရှည်၍ လုံးသောပန်းခိုင်များဖြစ်ကြရာ တစ်လက်မခွဲမှသုံးလက်မ အထိ ရှည်သည်။ အသီးသည်အနီရောင်ဖြစ်၍ အချင်း ၂/၅ လက်မ ခန့်ရှိပြီးလျှင် အသားထူလေသည်။ သာလဲပင်၏အသားသည် မီးခိုးရောင်ဖြစ်၍ပျော့သည်။ ထင်းအဖြစ် အသုံးများကြသည်။ ပင်စည်၏အခေါက်သည်လည်း မီးခိုးရောင်ဖြစ်၍ချောမွတ်သည်။ ရှေးကမြန်မာနိုင်ငံနှင့် ယိုးဒယားနိုင်ငံတွင် အသုံးပြုခဲ့ကြသောပုရပိုက်များကို သာလဲပင်၏ အခေါက်မှပြုလုပ်ခဲ့ခြင်းဖြစ်သည်။ နောင်အခါ ရှမ်းပြည်တွင်မိုင်းကိုင်စက္ကူ သို့မဟုတ် ရှမ်းစက္ကူများကို သာလဲပင်၏အခေါက်အတွင်းသားဖြင့်ပြုလုပ်လာကြ၍ ယခုအခါ ထိုလုပ်ငန်းသည်ရှမ်းပြည်နယ်၏ အိမ်တွင်းမှုလုပ်ငန်း တစ်ရပ် ဖြစ်နေလေသည်။

( မိုင်းကိုင်စက္ကူ။) ဒုတိယကမ္ဘာစစ်မတိုင်မီက ရှမ်းပြည်မြောက်ပိုင်း သီပေါနယ်တွင် သာလဲပင်မှ စက္ကူထုတ်လုပ်ရေးကို စက်မှုလုပ်ငန်းတစ်ရပ်အနေဖြင့်လုပ်ကိုင်ရေးအတွက် ကုမ္ပဏီတစ်ခုသည် ထိုအပင်များကိုအများအပြား စိုက်ပျိုးရန်စီစဉ်ခဲ့သည်။ သို့သော် အပင်များ ဖြစ်ထွန်းနိုင်မည့်မြေနေရာရှားပါးမှု၊ အလုပ်သမား အခက်အခဲနှင့် သယ်ယူပို့ဆောင်ရေးပြဿနာများကြောင့် ထိုအစီအစဉ်ကိုလက်လျှော့ခဲ့ရသည်ဟုသိရလေသည်။ ဂျပန်နိုင်ငံတွင် စက္ကူလုပ်ငန်းအတွက် သာလဲပင်များကို လုပ်ကိုင်ကြလေသည်။

ရှမ်းပြည်နယ်တွင် မိုင်းကိုင်စက္ကူကိုဆီစိမ်၍ ထီးရွက်ပြုလုပ်ကြသည်။ ပစိဖိတ်ကျွန်းစုများမှ တိုင်းရင်းသား တို့သည် ရှေးအခါကပင် သာလဲခေါက်ကို ပြုပြင်၍ အဝတ်အထည်အဖြစ် အသုံးပြုခဲ့ကြလေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. K. Koch Dendrologie 2(2): 440 1873
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)