သာလိယဇာတ်

ဝီကီပီးဒီးယား မှ

ပဉ္စကနိပါတ် - ၂။ ဝဏ္ဏာရောဟဝဂ် -(၃၆၇) - သာလိယဇာတ် မြွေကိုက်လျှင် ဆေးကုမည်ဟု ကြံစည်ကာ သူငယ်ချင်းအား မြွေကို ဆက်ရက်ဟု လိမ်လည်ပြီး သစ်ခေါင်းတွင် အနှိုက်ခိုင်းသော ဆေးသမား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ဒေဝဒတ်ကြောင်းပြု မိန့်ဆိုမှု[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ဆေးသမားလှည့်စား ကလေးများ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ရွာငယ်တစ်ခုတွင် သူကြွယ်မျိုး၌ ဖြစ်၍ ငယ်ရွယ်စဉ် အခါ မြေမှုန့်ကစားဖက်ဖြစ်သောသူတို့နှင့် ရွာတံခါးအနီးရှိ ပညောင်ပင်ရင်း၌ ကကားလျက်နေ၏။

ထိုအခါ ဆေးသမားတစ်ယောက်သည် ရွာတွင်း၌ တစ်စုံတစ်ယောက်သောသူကိုမျှ ဆေးမကုရသဖြင့် ဆေးဖိုးဝါးခမရဘဲ ရွာမှထွက်သည်ရှိသော် ထိုသူငယ်တို့ ကစားရာအရပ်သို့ရောက်၍ သစ်ခွကြားတွင် ဦးခေါင်းထွက်ကာ အိပ်နေသော မြွေကိုမြင်လျှင် ငါသည် ဤသူငယ်တို့ကို လှည့်ပတ်ကာ မြွေကိုကိုက်စေ၍ ဆေးဝါး ကု-မ-ရလျှင် ဆေးဖိုးဝါးခ ရပေမည်ဟု ကြံစည်ကာ သူကြွယ်သားသူငယ်ကို “အမောင် … ဆက်ရက်ငယ်ကို မြင်လျှင် ဖမ်းမည်လော” ဟု မေး၏။ “ဆရာကြီး … ဖမ်းမည်” ဟု ပြော၏။ “အမောင် … ကြည့်လော”ဟု ပြော၍ သစ်ခွကြားတွင် ဦးခေါင်းထွက်ကာ အိပ်နေသော မြွေကို ပြလေ၏။

စိတ်ယုတ်ကျင့်ဖောက် ကိုယ့်ကိုရောက်[ပြင်ဆင်ရန်]

သူငယ်လည်း မြွေမှန်းမသိသည်ဖြစ်၍ သစ်ပင်ထက်သို့ လျင်မြန်စွာတက်၍ မြွေ၏ လည်ပင်းကို ဆုပ်ကိုင်မိလျှင် မြွေမှန်းသိသဖြင့် ကြောက်လန့်ရကား မလွတ်ရအောင် ကိုင်ပြီးလျှင် သစ်ပင်ထက်မှ လျင်မြန်သောအဟုန်ဖြင့် အောက်သို့ ပစ်ချလိုက်၏။ ထိုမြွေသည် ဆေးသမား၏ လည်ပင်းပေါ်သို့ကျ၍ လည်ပင်းကို ရစ်ပတ်ကာ [ကရ - ကရ] ဟု မြည်လျက် ကိုက်၍ ဆေးသမားကို ထိုအရပ်၌ လဲစေပြီးလျှင် ပြေးလေ၏။ အနီးရှိလူတို့လည်း ခြံရံကာ ကြည့်ရှုကြကုန်၏။ ထိုအခါ သူကြွယ်သားသူငယ်သည် -

“အချင်းတို့ … မြွေဟောက်ကို ဆက်ရက်ငယ်ဟူ၍ လှည့်ပတ်ပြောဆိုကာ ဖမ်းယူစေ၏။ လှည့်ပတ်ပြောဆိုသော ဤဆေးသမားသည်ပင် ထိုမြွေဟောက်ကိုက်၍ သေရ၏။

မညှဉ်းဆဲ မသတ်ဖြတ်ထိုက်သူကို ညှဉ်းဆဲသတ်ဖြတ်ရန် အလိုရှိသော ဤဆေးသမားသည် သေ၍ အိပ်ရသကဲ့သို့ ထို့အတူ မညှဉ်းဆဲ မသတ်ဖြတ်ထိုက်သူကို ညှဉ်းဆဲသတ်ဖြတ်သူတို့လည်း သေ၍ အိပ်ကြရမည်။

လေညာသို့ ပစ်လွှင့်သော မြူမှုန်သည် ပစ်လွှင့်သူကိုသာ ပြန်၍ ညှဉ်းဆဲသကဲ့သို့၊ ထို့အတူ အပြစ်မရှိ စင်ကြယ်၍ မပြစ်မှားထိုက်သူကို ပြစ်မှားသော မကောင်းမှုသည် ပြစ်မှားသူ လူမိုက်ကိုသာ ပြန်၍ ညှဉ်းဆဲဘိ၏” –

ဟု ရောက်လာသော ပရိသတ်အား အကျိုးအကြောင်းပြကာ ဆုံးမဟောကြားလေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဆေးသမားသည် - ယခုအခါ ဒေဝဒတ်။

ပညာရှိသူငယ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) သူတစ်ပါးမှန်၊ မကောင်းဖန်၊ ကိုယ်ဒဏ်ထိမည်သာ။

(၂) လေညာသို့မှု၊ လွှင့်သည့်မြူ၊ လွှင့်သူညှဉ်းဆဲရာ။

(၃) မသတ်ထိုက်သူ၊ သတ်ခဲ့မူ၊ သတ်သူသေသည်သာ။

(၄) မညှဉ်းထိုက်သူ၊ ညှဉ်းဆဲမူ၊ ညှဉ်းသူဆင်းရဲရာ။

ဂုမ္ဗိယဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ