သလ္လေခသုတ္တန်

ဝီကီပီးဒီးယား မှ

သလ္လေခ ဆိုသည်မှာ ကိလေသာများ ခေါင်းပါးအောင် ခြစ်ထုတ်ဖယ်ရှားသည့် အကျင့် ဖြစ်သည်။ လူတို့သည် မိမိတို့၏ စိတ်ကို ဆုံးမမည်ဆိုပါက သလ္လေခသုတ်ကို နာယူကျင့်သုံးသင့်သည်။[၁]

ဘုရားရှင် ဟောကြားတော်မူခြင်း[ပြင်ဆင်ရန်]

သလ္လေခသုတ္တန်ကို မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတော် တွင် ဟောကြားတော် မူခဲ့သည်။ မြတ်စွာဘုရားရှင်၏ တပည့်သားတော်တစ်ဦးဖြစ်သည့်ရှင်မဟာစုန္ဒ၏ မေးခွန်းကို အကြောင်းပြု ဟောကြားသည့် သုတ္တန်လည်း ဖြစ်သည်။ [၁]

သလ္လေခ (၄၄)ပါး[ပြင်ဆင်ရန်]

(၁) ငါသည် ရက်စက်ကြမ်းကြုတ်သူ မဖြစ်ရ။ သနားကြင်နာတတ်သူ ဖြစ်ရမည်။

(၂) ငါသည် သူများအသက်ကို သတ်ဖြတ်သူ မဖြစ်စေရ။ သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်သူ ဖြစ်ရမည်။

(၃) ငါသည် သူများဥစ္စာ ခိုးယူသူ မဖြစ်စေရ။ ခိုးယူခြင်းမှ ရှောင်ကြဉ်သူ ဖြစ်ရမည်။

(၄) ငါသည် မမြတ်သော အကျင့်ကိုကျင့်သူ မဖြစ်စေရ။ မြတ်သော အကျင့်ကိုကျင့်သူသာ ဖြစ်ရမည်။

(၅) ငါသည် လိမ်ပြောတတ်သူ မဖြစ်စေရ။ အမှန်အတိုင်း ပြောတတ်သာ ဖြစ်ရမည်။

(၆) ငါသည် ကုန်းတိုက်စကား ပြောတတ်သူ မဖြစ်စေရ။ ကုန်းတိုက်စကားပြောခြင်းမှ ရှောင်ကြဉ်သူ ဖြစ်ရမည်။

(၇) ငါသည် ရိုင်းပျသောစကား ပြောတတ်သူ မဖြစ်စေရ။ ယဉ်ကျေးစွာ ပြောတတ်သူသာ ဖြစ်ရမည်။

(၈) ငါသည် အကျိုးမရှိသော စကားမျိုး ပြောတတ်သူ မဖြစ်စေရ။ အကျိုးရှိသော စကားကို ပြောဆိုသူသာ ဖြစ်ရမည်။

(၉) ငါသည် သူတပါး၏ ပစ္စည်းကို လိုချင်စိတ်ရှိသူ မဖြစ်စေရ။ သူတပါး၏ ပစ္စည်းကို မလိုချင်သူသာ ဖြစ်ရမည်။

(၁၀) ငါသည် သူတပါး ပျက်စီးအောင် လုပ်ချင်သူ မဖြစ်စေရ။ သူတပါးအပေါ် မေတ္တာထားသူသာဖြစ်ရမည်။

(၁၁) ငါသည် မှားယွင်းသော အယူဝါဒရှိသူ မဖြစ်စေရ။ မှန်သော အယူဝါဒရှိသူသာ ဖြစ်ရမည်။

(၁၂) ငါသည် မှားယွင်းသော စိတ်ကူးရှိသူ မဖြစ်စေရ။ မှန်သော စိတ်ကူးရှိသူသာ ဖြစ်ရမည်။

(၁၃) ငါသည် စကားအရာ မှားယွင်းသူမဖြစ်စေရ။ စကားအရာ မှန်သူသာ ဖြစ်ရမည်။

(၁၄) ငါသည် ပြုလုပ်သည့်အရာ မှားယွင်းသူ မဖြစ်စေရ။ ပြုလုပ်သည့်အရာ မှန်သူသာ ဖြစ်ရမည်။

(၁၅) ငါသည် အသက်မွေးဝမ်းကြောင်းအရာ မှားယွင်းသူ မဖြစ်စေရ။ မှန်ကန်သူသာ ဖြစ်ရမည်။

(၁၆) ငါသည် မှားယွင်းသော အားထုတ်မှု ရှိသူ မဖြစ်စေရ။ မှန်သော အားထုတ်မှု ရှိသူသာ ဖြစ်ရမည်။

(၁၇) ငါသည် အကုသိုလ်မှု၌ သတိရသူ မဖြစ်စေရ။ ကုသိုလ်မှု၌ သတိရသူသာ ဖြစ်ရမည်။

(၁၈) ငါသည် အကုသိုလ်၌ စိတ်စိုက်သူ မဖြစ်စေရ။ ကုသိုလ်၌ စိတ်စိုက်သူသာ ဖြစ်ရမည်။

(၁၉) ငါသည် ဉာဏ်နီဉာဏ်နက်များသူ မဖြစ်စေရ။ မှန်ကန်သော ဉာဏ်အမြင်ရှိသူသာ ဖြစ်ရမည်။

(၂၀) ငါသည် အတုအယောင်လွတ်မြောက်သူ မဖြစ်စေရ။ အစစ်အမှန်လွတ်မြောက်သူသာ ဖြစ်ရမည်။

(၂၁) ငါသည် ပျင်းရိထိုင်းမှိုင်းသူ မဖြစ်စေရ။ တက်ကြွလန်းဆန်းသူသာ ဖြစ်ရမည်။

(၂၂) ငါသည် စိတ်ပျံ့လွင့်သူ မဖြစ်စေရ။ စိတ်တည်ငြိမ်သူသာဖြစ်ရမည်။

(၂၃) ငါသည် ချီတုံချတုံ မပြတ်သားသူ မဖြစ်စေရ။ ဆုံးဖြတ်ချက် ပြတ်သားသူသာ ဖြစ်ရမည်။

(၂၄) ငါသည် စိတ်တိုတတ်သူ မဖြစ်စေရ။ စိတ်ရှည်တတ်သူသာ ဖြစ်ရမည်။

(၂၅) ငါသည် ရန်ငြိုးထားတတ်သူ မဖြစ်စေရ။ ခွင့်လွှတ်တတ်သူသာ ဖြစ်ရမည်။

(၂၆) ငါသည် ကျေးဇူးကန်းတတ်သူ မဖြစ်စေရ။ ကျေးဇူးသိတတ်သူသာ ဖြစ်ရမည်။

(၂၇) ငါသည် သူတပါး၏ အရည်အချင်းကို အသိအမှတ် မပြုသူ မဖြစ်စေရ။ အသိအမှတ်ပြုတတ်သူသာ ဖြစ်ရမည်

(၂၈) ငါသည် သူတပါး၏ အောင်မြင်မှုကို မနာလိုသူ မဖြစ်စေရ။ ဝမ်းသာနိုင်သူသာ ဖြစ်ရမည်။

(၂၉) ငါတို့သည် ကိုယ့်ဖို့သာ ကြည့်တတ်သူ တစ်ကိုယ်ကောင်းသမား မဖြစ်စေရ။ သူတပါးအတွက်လည်း နားလည်သူ ဖြစ်ရမည်။

(၃၀) ငါသည် သူတော်ကောင်းယောင်ဆောင်သူ မဖြစ်စေရ။ ရိုးသားဖြောင့်မတ်သူသာ ဖြစ်ရမည်။

(၃၁) ငါသည် လှည့်စားတတ်သူ မဖြစ်စေရ။ ပွင့်လင်းရိုးသားသူသာ ဖြစ်ရမည်။

(၃၂) ငါသည် ခက်ထန်မာကြော သဘောထားတင်းမာသူ မဖြစ်စေရ။ သဘောထားနူးညံ့ပျော့ပျောင်းသူသာ ဖြစ်ရမည်။

(၃၃) ငါသည် ဘဝင်မြင့်သူ မဖြစ်စေရ။ ဆက်ဆံရေး ပြေပြစ်သူသာ ဖြစ်ရမည်။

(၃၄) ငါသည် ပြောရဆိုရ ခက်ခဲသူမဖြစ်စေရ။ ပြောရဆိုရ လွယ်ကူသူသာ ဖြစ်ရမည်။

(၃၅) ငါသည် မကောင်းသော အပေါင်းအသင်းရှိသူ မဖြစ်စေရ။ မိတ်ကောင်းဆွေကောင်းပေါင်းတတ်သူသာ ဖြစ်ရမည်။

(၃၆) ငါသည် ယစ်မူးမေ့လျော့သူ မဖြစ်စေရ။ ကောင်းမှု၌ သတိရှိသူသာ ဖြစ်ရမည်။

(၃၇) ငါသည် ကောင်းမှုအရာတွင် ယုံကြည်ကင်းမဲ့သူ မဖြစ်စေရ။ ယုံကြည်သူ စိတ်ဝင်စားသူသာ ဖြစ်ရမည်။

(၃၈) ငါသည် မကောင်းမှု ဒုစရိုက်အရာတွင် မရှက်တတ်သူ မဖြစ်စေရ။ မကောင်းမှုဒုစရိုက်တို့မှ ရှက်တတ်သူ ဖြစ်ရမည်။

(၃၉) ငါသည် မကောင်းမှုကို မကြောက်တတ်သူ မဖြစ်စေရ။ မကောင်းမှု ပြုရမှာ ကြောက်တတ်သူသာ ဖြစ်ရမည်။

(၄၀) ငါသည် အကြားအမြင်သုတ ကင်းမဲ့သူ မဖြစ်စေရ။ အကြားအမြင်သုတ များသူသာ ဖြစ်ရမည်။

(၄၁) ငါသည် ပျင်းရိသူ မဖြစ်စေရ။ ထကြွလုံ့လ ဝီရိယရှိသူသာ ဖြစ်ရမည်။

(၄၂) ငါသည် သတိကင်းမဲ့သူ မဖြစ်စေရ။ အစဉ်သတိရှိသူသာ ဖြစ်ရမည်။

(၄၃) ငါသည် ပညာကင်းမဲ့သူ မဖြစ်စေရ။ အသိပညာ ကြွယ်ဝသူသာ ဖြစ်ရမည်။

(၄၄) ငါသည် မမှန်ကန်သည့် ကိုယ်ပိုင်အမြင်ကို ဆုပ်ကိုင်ထားသူ၊ စွန့်လွှတ်ရန်ခက်သူ မဖြစ်စေရ။ ဆုပ်ကိုင်မထားသူ၊ စွန့်လွှတ်ရန်လွယ်သူသာ ဖြစ်ရမည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ အရှင်နန္ဒမာလာဘိဝံသ။ သလ္လေခသုတ်အနှစ်ချုပ်