သရက်ထည်ပန်းပင်

ဝီကီပီးဒီးယား မှ

ချစ်စဖွယ်အသွေးအရောင်စုံ တို့ဖြင့်ဖူးပွင့်နေသောသရက်ထည်ပန်းပင်တို့သည် ပန်းခြံ ဥယျာဉ်တို့၏ အဆင်တန်ဆာတစ်ရပ်ဖြစ်ပေသည်။ ယင်းတို့သည် ပေါ်လီမိုနီယေးစီအီး မျိုးရင်းဝင်ဖြစ်ကြပြီးလျှင် မျိုးစိတ်ပေါင်း ၃ဝကျော်ရှိသည်။ ယင်းတို့အနက် ဆိုက်ဗီးရီးယားနှင့် ချီလီနိုင်ငံတို့၌ပေါက်ရောက်သောမျိုးစိတ်များမှ တစ်ပါး ကျန်မျိုးစိတ် အများစုသည်မြောက်အမေရိကတိုက်၌ မူလ ပေါက်ရောက်ခဲ့ကြလေသည်။

သရက်ထည်ပန်းပင်သည် အပင်ပျော့မျိုးဖြစ်သည်။ အရွက်တို့သည် အဖျားချွန်၍အနားညီပြီးလျှင် ရွက်ဆိုင်ထွက် သည်။ အပွင့်တို့သည်အကိုင်းအခက်တို့၏ အဖျားမှထွက်၍ အဆုပ်အခဲပွင့်ကြသည်။ မြေကိုအနည်းငယ်ပြုပြင်ပေး လျှင်ဒေသမရွေးလှဘဲ စိုက်ပျိုး၍ဖြစ်လွယ်ပြီးလျှင် ရာသီဥတု ၏ဒဏ်ကို အတော်အတန်ခံနိုင်ရည်ရှိသဖြင့် သရက်ထည် ပန်းပင်များကိုနေအိမ်ပန်းခြံများ၌ အစိုက်အပျိုးများသည်။ ထို့ပြင်မျိုးစပ်ခြင်းကိုလည်းပြုခဲ့ကြသဖြင့် အသွေးအရောင် ပိုမိုစုံလင်လာပေသည်။ တစ်ပိန်းတည်း အရောင် အသွေးများသာစုံလင်လာသည်မဟုတ်သေး၊ အစက်အပြောက် များလည်းပါရှိလာသည်။ ပွင့်ဖတ်ကလေးများသည် အနားညီညီ သာမက အချွန်းအဟိုက်ကလေးများနှင့်လည်းဖြစ်လာ လေသည်။ ပန်းပွင့်ဖတ်ကလေးများသည် အတော်အတန်နူးညံ့သော်လည်း ပန်းခက်များကိုအပင်မှမခူးဘဲထားလျှင် ရက်အတော်ကြာအောင် မညှိုးဘဲပွင့်လန်းနေလေသည်။ နေအိမ်ပန်းခြံများအတွင်း၌ ရောင်စုံဖူးပွင့်နေသောသရက်ထည် ပန်းခင်းသည်ရောင်စုံ ပန်းပွင့်ပန်းခက်များဖြင့်သရက်ထည်ဖျင်စကြီးတခုဖြန့် ခင်းထားသည့်နှယ်ဆင်ဆင်တူသဖြင့် ထိုပန်း ပင်ကလေးများကို မြန်မာနိုင်ငံ၌ သရက်ထည်ပန်းပင်ဟုခေါ်ဝေါ်လေသလောဟု ယူဆဖွယ်ရာရှိလေသည်။ အနောက် တိုင်းအမည်အားဖြင့် ဖလော့ဟုခေါ်တွင်ပေရာ ဂရိဘာသာအလိုအားဖြင့် မီးတောက်မီးလျှံဟု အဓိပ္ပာယ်ရပေသည်။

သရက်ထည်ပန်းသည် အသွေးအရောင်စုံလင်ငြားသော်လည်း မီးတောက်မီးလျှံနှင့်တူသောအရောင်မျိုးကား ယခုတိုင် မရှိသေးချေ။ နှစ်ရှည်ခံအမျိုးအစားနှင့် တစ်နှစ်ခံအမျိုးအစားဟူ၍ နှစ်မျိုးနှစ်စားရှိသည့်အနက် နှစ်ရှည်ခံမျိုးစိတ်များတွင် လေးပေအထိမြင့်၍ အပွင့်ကြီးသောအမျိုးအစားတို့လည်း ပါဝင်သည်။ အချို့မျိုးစိတ်တို့သည် တစ်ပေခန့်သာမြင့်၍ အချို့မူကားသုံးလက်မခန့်သာရှိသည်။ နှစ်ရှည်ခံအမျိုးအစားတို့ကို ကိုင်းဖြတ်၍၎င်း၊ အမြစ်မှအပင်ခွဲ၍လည်းကောင်း မျိုးပွားယူရသည်။ ထိုနောက်တစ်ပင်နှင့်တစ်ပင် သုံးပေမှ လေးပေခန့် အထိခွာ၍စိုက်ရသည်။ တစ်နှစ်ခံ အပင်များကိုမူ အစေ့မှပျိုးယူရပြီးလျှင် ပျိုးပင်ကလေးများကို ပန်းခင်းသို့ချသည့် အခါ တစ်ပေခန့်စီခွာ၍စိုက်ရသည်။ မြန်မာနိုင်ငံတွင် ၁၉၃ဝ ပြည့်နှစ် တစ်ဝိုက်ခန့်မှစတင်၍ သရက်ထည်ပန်းပင်များကို ခြံဥယျာဉ်များ၌ အလှစိုက်ပျိုးခဲ့ကြရာ တစ်နှစ်ခံ အပင်များကိုစိုက်ပျိုးကြ၍ မိုးအကုန်ဆောင်းသို့ အကူးအချိန် ကာလမှစပြီးလျှင် ဝေဝေဆာဆာဖူးပွင့်နေသောသရက် ထည်ပန်းခင်းများကို မြင်တွေ့ကြရလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)