သယ်စက်တင်စက်

ဝီကီပီးဒီးယား မှ

သိပ္ပံပညာရပ်များသည် အစဉ်တိုးတက်နေလေရကား စက်ကရိယာများလည်း အမျိုးမျိုးကြံစည်တီထွင် လျက်ရှိကြလေသည်။ ရှေးအခါက အလုပ်သမားပေါင်းမြောက်မြားစွာ ကို အသုံးပြုပြီး သယ်ယူ ရွှေ့ပြောင်းရသောပစ္စည်းများကို ယခုအခါ သယ်စက်တင် စက်များဖြင့် အလွယ်တကူ သယ်ယူရွှေ့ပြောင်းနိုင်ပြီ ဖြစ်သောကြောင့် အချိန်လည်းနည်း၊ စရိတ်လည်းနည်း၊ လူလည်းအနည်း ငယ်နှင့်မပင်မပန်း လုပ်ကိုင်သွားလာနိုင်ပြီဖြစ်လေသည်။ သယ်စက်ကိုတပြင်တည်းရှိ ပစ္စည်းများတစ်နေ ရာမှတစ်နေရာသို့ ရွှေ့ပြောင်းလိုသည့် အခါတွင်အသုံးပြု၍ တင်စက်ကိုကား အနိမ့်တွင်ရှိသော ပစ္စည်းများကို အမြင့်သို့တင်လိုသည့်အခါ အသုံးပြုလေသည်။ ဆန်စက်ကြီးများတွင် စပါးများကို အောက်မှ အထက် အထပ်ထပ်သို့ တင်ပို့ရာတွင် တင်စက်များဖြင့် သယ်ယူ တင်ပို့ကြလေသည်။

အမြင့်သို့ကုန်ပစ္စည်းများကို ဤသို့တင်ပို့သည့် တင်စက်များအပြင် အထပ်ပေါင်းမြောက်မြားစွာရှိသည့် အဆောက်အအုံကြီးများတွင်နေထိုင်သူများအား သွားလိုသည့် အထပ်များသို့ ပို့ပေးနိုင်သောဓာတ် လှေကားတစ်မျိုးလည်း ရှိသေး၏။ ထိုဓာတ်လှေကားများသည် လျပ်စစ်ဓာတ်အားဖြင့် လူများကို တင်ပို့လျက်ရှိလေသည်။ အချို့သောနိုင်ငံကြီးများရှိ မြို့ကြီးများတွင် မြေအောက်၌ ဓာတ်ရထားလမ်းများဖောက်၍ တွဲဆက်ဓာတ်ရထားများ သွားလာလျက်ရှိသည်။ ထိုမြေအောက်ဓာတ်ရထားများမှ သာမန်မြေပြင်ပေါ်သို့ တက်လိုသော အခါများတွင် တက်လာသူသည် လှေကားထစ်တစ်ခုပေါ်သို့ တက်ရပ်လိုက်ရန်မျှသာ ဖြစ်ပြီးလျှင် ဓာတ်အားဖြင့် ထိုလှေကားသည် အပေါ်သို့တက်လာလေသည်။ မြေမျက်နှာပြင်သို့ ရောက်သော အခါမှသာလျှင်ခြေကို လှမ်းကာ လိုရာသို့သွားနိ်ုင်ကြလေသည်။ ထိုကဲ့သို့သောလှေကားများကို လှေကားရှင်(အက်စကားလေးတာ)ဟုခေါ်ကြသည်။ ( ဓာတ်လှေကား·။)

မျက်နှာပြင်တစ်ပြင်တည်း၌ရှိသော ပစ္စည်းများကို တစ်နေရာမှတစ်နေရာသို့ ပို့ရာတွင်အသုံးပြုသည့် သယ်စက်များသည် သယ်ပို့လိုသည့်ပစ္စည်းကို လိုက်၍ ပုံအမျိုးမျိုးရှိကြ၏။ အများအပြားအသုံးပြုသည့် ပုံတစ်မျိုးမှာ အဆက်မပြတ်သွားနေသော သားရေပတ်ပါရှိသည့် ပုံမျိုးဖြစ်သည်။ ထိုသားရေပတ်သည် တစ်ဖက်စွန်းတွင် စက်သီးကဲ့သို့လည်နေသောဘီးနှင့် အခြားတစ်ဖက်စွန်းတွင် သားရေပတ်ထွက် မသွားနိုင်ရန် ထိန်းထားသော ဘီးများပေါ်တွင် သွားလျက်ရှိလေသည်။ သယ်ယူလိုသောပစ္စည်းများကို အထိန်းဘီးဘက်မှတင်၍ အခြားစက်သီးဘီးဘက်မှ ချယူနိုင်လေသည်။ သားရေပတ်ကိုစက်သီးဘီး နှင့်အထိန်းဘီးများ အကြားရှိ ဒလိမ့်တုံးများဖြင့် ထိန်းထားသည့်ပြင် မြောင်းပုံသဏ္ဌာန်ဖြစ်အောင်လည်း ပြုလုပ်ထားသေးသည်။

ထိုကဲ့သို့ပြုလုပ်ထားသဖြင့် တင်လိုက်သည့် ပစ္စည်းများသည် ကျနိုင်တော့ မည်မဟုတ်ချေ။ ကုန်များချပြီး၍ သားရေပတ် ပြန်လာသောအခါ အထိန်းဘီးများပေါ်မှလာရသည်။ ပစ္စည်းများကို ချလိုသည့်နေရာတွင် ချနိုင်ရန်လည်း စီမံထားသည်။ ပစ္စည်းချနိုင်ရန်ပြုလုပ်ထားသော အရာတွင် ပေါင်အရှင်တစ်ခုရှိ်ရာ ထိုပေါင်ရှင်၏အထက်နှင့်အောက်ပိ်ုင်းတွင် ပြောင်းပြန်လည်နေသော ဒလိမ့်များတပ်ဆင်ထားလေသည်။ အထက်ဒလိမ့်သို့မရောက်မီ သားရေပတ်သည် တဖြည်းဖြည်း လက်မ ၂ဝခန့်မြင့်တက်သွား၏။ ထိပ်သို့ရောက်၍ ကုန်များ ချပြီးသောအခါ သားရေပတ်သည် တစ်ဖန် အောက်ဒလိမ့်တုံးသို့ ဆင်းလာပြန်သည်။ ယင်းသို့ဖြင့်သားရေပတ်သည် အထက် ဒလိမ့်တုံးနှင့်အောက်ဒလိမ့်တုံးကြားတွင် ကွေ့ကောက်၍ သွားနေမည်ဖြစ်သည်။ ထိုနောက်မှတစ်ဖန် သွားစဉ်အတိုင်း ဆက်၍ သွားနေပြန်လေသည်။

ကောက်နှံများကို သယ်ယူပို့ဆောင်ရာတွင် ဘီးများပေါ်တွင် သွားနေသည့်သားရေပတ်သည် ချည်ဖြင့် ပြုလုပ်ထားသည့် ရွက်ထည်ဖြစ်၍ ထိုရွက်ထည်ကို ကြက်ပေါင်စေးဖြင့်ဖုံးထားလေ့ရှိကြသည်။ အရှည်မှာလိုသလို ပေတစ်ရာမှ ပေတစ်ထောင်အထိ ရှည်တတ်ကြ၍ အကျယ်မှာ ၁ဝ လက်မမ ၄၅ လက်မ အထိရှိတတ်ကြသည်။ သို့သော်ကျောက်မီးသွေး၊ မီးဖုတ်ကျောက်မီးသွေး၊ သဲနှင့် အခြားမာသော ပစ္စည်းများကို တင်ဆောင်သယ်ယူသော သားရေပတ်မှာကား တစ်ခုနှင့်တစ်ခုဆက်၍ ထားသော သံမဏိပြားများဖြစ်တတ်သည်။ အင်္ဂလန်နှင့် အမေရိကန်နိ်ုင်ငံရှိ အချို့မြို့ကြီးများတွင် ခေတ်သစ်နည်းများဖြင့် စီမံထားသည့် လေအားကို အသုံးပြုသောနျူမက်တစ်ပြွန်ကြီးများကို အသုံးပြုထားကြ၏။ သင်္ဘောကြီးများဝမ်းထဲ၌ ရှိသည့် တန်ပေါင်းများစွာသော ဂျုံ၊ ဆန်၊ ပြောင်းနှင့်အခြား ကောက်နှံများကို ထိုလေစုပ်ပြွန်ကြီးများဖြင့်စုပ်တင် ယူနေသည်ကိုတွေ့နိုင်ကြသည်။ ထို့ပြင်အဆက်မပြတ် လည်လျက်ရှိသည့်ပုံးကြီးများဖြင့် စက်ကြီးများ၏အောက်မှ အထက်ဆုံးအထပ်များသို့ ပို့နေသည်ကိုလည်း တွေ့နိုင်ကြသည်။ ကောက်နှံများကို သင်္ဘောကြီးများထဲတွင် တာရှည်ဆက်လက် ထားရှိနေပါက ယိုယွင်းပျက်စီးတတ်သဖြင့် အချိန်မနှောင်း မီ သယ်ယူတင်ပို့ရန် အထူးလိုအပ်လှပေသည်။

ထိုသို့အရေးကြီးမှန်းသိကြသဖြင့် လေအားကို အသုံးပြုသည့်ပြွန်များကို တီထွင်၍အသုံးပြုကြခြင်းဖြစ်သည်။ ထိုပြွန်များကို အသုံးပြုသဖြင့် ကုန်ပစ္စည်းများကို လျင်မြန်စွာသယ်ယူနိုင်ပြီးလျှင် လက်နှင့်ပင် မထိရသဖြင့်လည်း ကုန်ပစ္စည်းများမှာ သန့်ရှင်းစင်ကြယ်လေသည်။ ဤသို့သော အကြောင်းများကြောင့်ပင် အစဉ်မပြတ်လည်လျက်ရှိသည့် ပုံးကြီးများဖြင့် အလွန်မြင့်သော စက်ရုံကြီးများသို့ ကုန်ပစ္စည်းများကို ပို့ပေးလျက်ရှိကြလေသည်။ သို့မဟုတ်လျှင် လူအမြောက်အမြားကို စက်ကြီးများ၏တစ်ထပ် မှတစ်ထပ်သို့ တင်ပို့ရမည်ဖြစ်သဖြင့် အချိ်န်ကုန်လူပင်ပန်းဖြစ်ရပေမည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)