သမိဒ္ဓိဇာတ်
ဒုကနိပါတ် - ၂။ သန္ထဝဝဂ် -၁၆၇ - သမိဒ္ဓိဇာတ်။ ။ ကိလေသာဖြင့် နတ်သမီးဖြားယောင်း၍မရသော ရသေ့အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]နတ်သမီးနှစ်သက် ဖြားယောင်းလျက်
[ပြင်ဆင်ရန်]နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်ကို အမှီပြု၍ တပေါဒါရုံကျောင်း၌ သီတင်းသုံးတော်မူစဉ် သမိဒ္ဓိမထေရ်သည် တစ်ညဉ့်ပတ်လုံး တရားအားထုတ်၍ အရုဏ်တက်သောအခါ ရေချိုးပြီးလျှင် ရွှေဆင်းတုနှင့် တူသောကိုယ်ကို ရေခြောက်စေ၍ သင်းပိုင်ကို ဝတ်ပြီးလျှင် ကိုယ်ရုံသင်္ကန်းကို လက်ဖြင့်ကိုင်ကာ ရပ်လျက်နေ၏။
ထိုအခါ သမိဒ္ဓိမထေရ်ကို တပ်စွန်းသော နတ်သမီး တစ်ယောက်သည် “အရှင်ရဟန်း ... သင်ကား အသက်အရွယ် ငယ်သေး၏။ အရွယ်နှင့် ပြည့်စုံ၏။ မည်းနက်သော ဆံပင်ရှိ၏။ အလွန်အဆင်းလှ၏။ ရှုချင်စဖွယ်၊ ကြည်ညိုဖွယ် ရှိ၏။ သို့ဖြစ်လျက် ကာမဂုဏ်ချမ်းသာကို မခံစားဘဲ ရဟန်းပြုသဖြင့် ဘယ်အကျိုးရှိအံ့နည်း၊ ငယ်ရွယ်စဉ်အခါ ကာမဂုဏ် ချမ်းသာကို ခံစား၍ ကြီးရင့်သောအခါမှ ရဟန်းပြုပြီးခါ တရားကို အားထုတ်ပါ” ဟု ကိလေသာဖြင့် ဖြားယောင်းကာ ပြောဆိုလေ၏။
ရဟန်းငြင်းဆန် ဘုရားလျှောက်ပြန်
[ပြင်ဆင်ရန်]သမိဒ္ဓိမထေရ်သည် နတ်သမီးကို “အို နတ်သမီး ... ငါသည် ဤမည်သောအရွယ်၌ သေရမည်၊ ဤမည်သော အချိန်ကာလ၌ သေရမည်ဟု သေရမည့်အရွယ်နှင့် အချိန်ကာလကို မသိသောကြောင့် ငယ်ရွယ်စဉ်အခါကပင် ရဟန်းပြုကာ တရားကို အားထုတ်၍ ဒုက္ခကုန်ဆုံးအောင် ပြုမည်” ဟု ပြန်ကြားပြောဆိုလေ၏။ နတ်သမီးလည်း မထေရ်ကို ဖြားယောင်း၍ မရသဖြင့် ထိုအရပ်မှာပင် ကွယ်လေ၏။ သမိဒ္ဓိမထေရ်လည်း မြတ်စွာဘုရားထံ ချဉ်းကပ်၍ ထိုအကြောင်းကို လျှောက်ထားလတ်သော် မြတ်စွာဘုရားသည် “ချစ်သား သမိဒ္ဓိ ... ယခုအခါ၌ သင့်ကိုသာလျှင် နတ်သမီး ဖြားယောင်းသည်မဟုတ်၊ ရှေးအခါ၌လည်း ရဟန်းတို့ကို နတ်သမီး ဖြားယောင်းဖူးပြီ” ဟုမိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]ရေသုံးသပ်ကာ နေသောအခါ
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိက ရွာငယ်တစ်ခုဝယ် ပုဏ္ဏားမျိုးဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် အတတ်ပညာအလုံးစုံကို သင်ကြားတတ်မြောက်ပြီးလျှင် ရသေ့ရဟန်းပြု၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေလျက် ဟိမဝန္တာအရပ်၌ အလိုလိုဖြစ်သော အိုင်တစ်ခုကို အမှီပြု၍ နေလေ၏။
တစ်နေ့သ၌ ရသေ့သည် တစ်ညဉ့်လုံး တရားအားထုတ်၍ အရုဏ်တက်သောအခါ ရေချိုးပြီးလျှင် လျှော်တေသင်္ကန်း တစ်ထည်ကိုဝတ်၍ လျှော်တေသင်္ကန်းတစ်ထည်ကို လက်တွင် ကိုင်လျက် ရေခြောက်စေရန် တစ်ခဏ ရပ်လျက်နေ၏။
တဏှာပရိယာယ် ရသေ့ငြင်းပယ်
[ပြင်ဆင်ရန်]ထိုအခါ နတ်သမီးတစ်ယောက်သည် ရသေ့၏ ကိုယ်အင်္ဂါလက္ခဏာ အဆင်းသဏ္ဌာန် တင့်တယ်ခြင်းကို မြင်လျှင် တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ -
“အရှင်ရသေ့ ... သင်သည် ငယ်ရွယ်စဉ်အခါ ကာမဂုဏ်ချမ်းသာကို မခံစားဘဲ ရဟန်းပြုဘိ၏။ ကာမဂုဏ်ချမ်းသာကို ခံစား၍နေရမည် မဟုတ်ပါလော၊ ငယ်ရွယ်စဉ်အခါ ကာမဂုဏ်ချမ်းသာကိုခံစား၍ ကြီးရင့်သောအခါမှ ရဟန်းပြုပါ၊ သင့်မှာ ကာမဂုဏ်ချမ်းသာကို ခံစားရာဖြစ်သော ငယ်ရွယ်သောအခါကို မကုန်လွန်ပါစေလင့်” –
ဟု ကိလေသာဖြင့် ဖြားယောင်းကာ ပြောဆိုလေ၏။ ရသေ့လည်း နတ်သမီး၏ ပြောသောစကားကို ကြားလျှင် -
“အို နတ်သမီး ... ငါသည် သေရမည့်အချိန်ကိုမသိ၊ ငါ့အား သေရမည့်အချိန်အခါသည် ဖုံးလွှမ်း၍ နေသဖြင့် မထင်ရှား၊ ထို့ကြောင့် ကာမဂုဏ်ချမ်းသာကို မခံစားဘဲ ရဟန်းတရားကို အားထုတ်ကျင့်ကြံရာ အချိန်အခါသည် မကုန်လွန်ပါစေလင့်” –
ဟု ငယ်ရွယ်စဉ်အခါ၌ပင်လျှင် ရဟန်းပြုပါသည်။ မိမိ၏ အလိုဆန္ဒကို ပြန်ကြားပြောဆိုလေ၏။ နတ်သမီးလည်း ရသေ့၏ စကားကိုကြားလျှင် ထိုအရပ်မှာပင် ကွယ်လေ၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ ရသေ့အား ဖြားယောင်းသော နတ်သမီးသည် - ယခုအခါ သမိဒ္ဓိအား ဖြားယောင်းသော နတ်သမီး
ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) သေမည့်အချိန်ခါ၊ မသိရာ၊ ငယ်ခါရဟန်းပြု။
(၂) တရားကျင့်မြဲ၊ ငယ်စဉ်လဲ၊ ဆင်းရဲငြိမ်းအောင်ပြု။
သမိဒ္ဓိဇာတ် ပြီး၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။