သဘင်ဝန်

ဝီကီပီးဒီးယား မှ

သဘင်ဝန်[ပြင်ဆင်ရန်]

သဘင်ဝန်သည် သဘင်အကဟူသမျှကို စိုးပိုင်းခွင့်ရှိသူ ဖြစ်ပြီး ပျို့ ၊ ကဗျာ ၊ လင်္ကာ ၊ တရားဓမ်မတ် စသည်တို့ကို ကျွမ်းကျင်တက်မြောက်ရန်လည်း လိုအပ်ပါသည်။ သဘင်ဝန်၏ ဝတ်စားဆင်ယင်ပုံမှာ ခါသာသိုရင်း အင်္ကျီ၊ နဖူးရွှေပြားတပ် ၊ သိုင်းနီ ၂ ချက် ၊ ဓားလွတ်ငွေအိမ် ဆင်ယင်ခွင့်ရရှိသည်။

သဘင်ဝန် ဦးပိုးဖြူ[ပြင်ဆင်ရန်]

သဘင်ဝန်ရာထူးကို ဗဒုံမင်း (ဘိုးတော်ဘုရား) လက်ထက်တွင် စတင်ခန့်အပ်ခဲ့ရာ ပထမဆုံး ခန့်အပ်ခံရသူ သဘင်ဝန်မှာ မင်းလှဥဇနာဘွဲ့ခံ ဦးပိုးဖြူ ဖြစ်သည်။ စတင် ခန့်အပ်စဉ်က ဒုတိယ သဘင်ဝန်ဟူသော ရာထူးလည်းရှိပြီး ဒုတိယသဘင်ဝန်အဖြစ် ပညာကျော်ဘွဲ့ခံ ပန်းခုနှစ်ရွာစား ဦးတုတ်အား ခန့်အပ်ခဲ့သည်။ ဗဒုံမင်းသည် ၃၀ ဇန်နဝါရီ ၁၈၁၇ ခုနှစ်တွင် မြေနန်းတော် အနောက်ဆောင်၌ သဘင်ဝန် ဦးပိုးဖြူအား သဘင်စည်းကမ်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ကြောင်း သိရှိရ၏။

သဘင်ဝန် ဦးသော်[ပြင်ဆင်ရန်]

စစ်ကိုင်းမင်းလက်ထက် သဘင်ဝန်မှာ ဦးသော်ဖြစ်သည်။ သဘင်ဝန် ဦးသော်သည် ၁ မတ် ၁၈၂၂ ခုနှစ်တွင် စစ်ကိုင်းမင်းအား အမြင့်သဘင် (ရုပ်သေး)အကြောင်းကို ရေးသားဆက်သွင်းခဲ့ရသူ ဖြစ်၏။ သဘင်ဝန် ဦးသော်သည် ရွှေတောင်မြို့စား အရာလည်း ရရှိခဲ့သည်။

သဘင်ဝန် ဦးအောင်ဘို[ပြင်ဆင်ရန်]

သဘင်ဝန် ဦးအောင်ဘို၏ မင်းပေးဘွဲ့အမည်မှာ ဇော်တဗန္ဓုဖြစ်သည်။ ဦးအောင်ဘိုသည် ဦးသော်၏ ရာထူးကို ဆက်ခံလျက် သဘင်ဝန်ဖြစ်လာခဲ့သော်လည်း မည်သည့်မင်းလက်ထက်၌ အမှုထမ်းရွက်ခဲ့သည်ကို မသိရပေ။

မြေစိုက်ဇာတ်ရုံများ[ပြင်ဆင်ရန်]

အမရပူရခေတ်က နန်းတွင်းဇာတ်တော်သဘင်များ ၊ ရုပ်သေးအမြင့်သဘင် ၊ နန်းတွင်းထိုင်ဆို အငြိမ့်များ ထွန်းကားခဲ့သော်လည်း မြေစိုက်ဇာတ်ရုံကြီးများကိုသာ အသုံးပြုခဲ့ကြသည်။ အပေါ်အပါး အလွန်ဝါသနာပါသူ ပုဂံမင်းသည် နန်းတော်၏ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက်မုခ်တို့၌ ဇာတ်ရုံကြီးများ ဆောက်လုပ်ကာ သဘင်ပညာသည်များကို အလှည့်ကျ ကပြဖျော်ဖြေစေခဲ့သည်။ မင်းတုန်းမင်းလက်ထက်တွင် ရတနာပုံနန်းတွင်း၌ ဇာတ်ရုံကိုစနစ်တကျ ဆောက်လုပ်ခဲ့သည်။ ထိုစဉ်က နန်းတွင်းရာမဇာတ်နှင့် အီနောင်ဇာတ်တော် တို့မှာ ထင်ရှားသော ဇာတ်ကြီးများ ဖြစ်ကြ၏။ ရတနာပုံခေတ်တွင် နန်းတော်ကြီး အရှေ့ဘက်၌ ပွဲကြည့်ဆောင်များ ဇာတ်ခုံများကို ခမ်းနားစွာ ဆောက်လုပ်ခဲ့သည်။ ရာမဇာတ်တွင် သီတာဒေဝီအား ဒဿဂီရိ ခိုးယူခန်း၌ စက်ယန္တရားဖြင့် ခိုးပုံ ၊ ရသေ့ကောင်းကင်မှ ကြွလာပုံ ၊ ကျောက်ဖျာကြီးများ အလိုအလျောက် ပွင့်လာပုံ စသည်တို့ကို ခေတ်မီ စက်ကိရိယာများဖြင့် ပြုလုပ်တင်ဆက်ခဲ့သည် ဆို၏။

ပညာသည် စာရေးနှစ်ဦး[ပြင်ဆင်ရန်]

မင်းတုန်းမင်းနှင့် သီပေါမင်းတို့လက်ထက်၌ ပညာသည် စာရေးအဖြစ် ခန့်အပ်ခံရသူ ဦးဘိုးမြမှာ ယိုးဒယားအက ကောင်းသူဖြစ်ပြီး ဇနီး ဒေါ်နှင်းခက်မှာလည်း သီတာဒေဝီအဖြစ် ကပြရသူဖြစ်သည်။ ယိုးဒယားဇာတ်ကြီးအား အုပ်ချုပ်ရန် ၁၈⁠၈၃ ခုနှစ် ဇွန်လတွင် ဦးဘိုးမြအား ပညာသည် စာရေးခန့်ခဲ့ပြီး ၁၈⁠၈၄ ခုနှစ် ဧပြီလတွင် မောင်ဆင်ဆိုသူအား ပညာသည်စာရေးအရာ ထပ်မံ ခန့်အပ်ခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉