သဗ္ဗမင်္ဂလာဂါထာတော်

ဝီကီပီးဒီးယား မှ

"ဒိဝါ တပတိ" အစချီသည့် သဗ္ဗမင်္ဂလာဂါထာတော် သည် ရှေးဘုရားရှင်များ သက်တော်ထင်ရှားရှိစဉ် ကုက္ကုဍဝတီပြည်တွင် မဟာကပ္ပိနမင်းနှင့် အနောဇာဒေဝီတို့ စိုးစံချိန်မှ စတင်ရွတ်ဖတ်ပူဇော်ခဲ့ရာ ယခုထက်တိုင်ဖြစ်သည်။ လူတို့သည် ဘေးဥပါဒ်ရန်စွယ်အန္တရာယ်များကို စိုးရိမ်ထိတ်လန့်ကြောက်ရွံ့ကြ၏။ ထိုအခါ ထိုကြောက်မက်ဖွယ်အရာတို့မှ ကွေကွင်းလွတ်မြောက်စေရန် လူတို့သည် အမျိုမျိုးကြိုးစား အားထုတ်ကြ၏။ အောင်မြင်သည့်အခါလည်း ရှိသကဲ့သို့၊ မအောင်မြင်သည့် အခါလည်း ရှိပေသည်။ သို့သော် ဤ သဗ္ဗမင်္ဂလာဂါထာတော် ကို ရွတ်ဖတ်ပူဇော်ပါက ရှေးအခါမှ ယခုကာလထိ အောင်မြင်ခဲ့သည်ပင် ဖြစ်သည်။[၁]

ရွတ်ဖတ်ပုံ[ပြင်ဆင်ရန်]

နေ့စဉ်အိပ်ရာဝင်ချိန်နှင့် အိပ်ယာထချိန်တို့တွင် ယုံယုံကြည်ကြည် အလေးအနက်ထားကာ အနည်းဆုံးကိုးခေါက် ရွတ်ဖတ်ပူဇော်ရမည်။ ပူဇော်ရာတွင် မိမိ၏ ခံတွင်းအား သန့်သန့်ရှင်းရှင်းဖြစ်စေကာ ပူဇော်ရမည်။ မည်သည့် ရမ္မက်၊ လောဘစသည်တို့မရှိဘဲ စိတ်နှလုံးကြည်လင်ချမ်းသာစွာ ရွတ်ဖတ်ရန် အထူးအရေးကြီးသည်။ ဤဂါထာ၏ အနက်အဓိပ္ပာယ်ကို သိပြီးပါက ပါဠိသက်သက်ကို ရွတ်ဖတ်နိုင်သည်။[၁]

ပါဠိ[ပြင်ဆင်ရန်]

ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။
တာဒိသံ တေဇသမ္မန္နံ၊ ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ။
န မက္ကာရာ နုဘာဝေန၊ သဗ္ဗေပူရေ န္တု သင်္ကပ္ပါ။
[၁]

အနက်အဓိပ္ပာယ်[ပြင်ဆင်ရန်]

အာဒိစ္စော − ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် ထွန်းပြောင်ပဝင်း ရှင်နေမင်းသည်။ ဒိဝါ − နေ့အခါ၌။ တပတိ − လောကအလယ် ဂုဏ်မြင့်ကြွယ်၍ တင့်တယ်ပါပေ၏။

စနိ္ဒမာ − စန်းငွေယုန်ခ သော်တာလသည်။ ရတ္တိံ − ညဉ့်အခါ၌။ အာဘာတိ − နှစ်သက်စဖွယ် တင့်တယ်ပါပေ၏။

သန္နဒ္ဓေါ − ချပ်ဝတ်တန်ဆာ ကိုယ်မှာစုံလင် ဆင်ယင်ထားသော။ ခတ္တိယော − လူတို့သနင်း ပြည့်ရှင်မင်းသည်။ တပတိ − ကြီးမြင့်ခံ့ထယ် တင့်တယ်ပေ၏။

ဈာယိ − ဘက်စုံကောင်းမြတ် သမာပတ်ကို မပြတ်ထင်ရှား ဝင်စားလျက်ရှိသော။ ဗြာဟ္မဏော − ကိလေသာကို အပပြုပြီးသော အာသဝေါကင်းကွာ ရဟန္တာပုဂ္ဂိုလ်သည်။ တပတိ − ဈာန်မဂ်နှစ်သွယ် စွယ်စုံခြယ်၍ တင့်တယ်ပါပေ၏။

အထ − ထိုမှကြူး၍ ထူးသည်မှာကား။ ဗုဒ္ဓေါ − သစ္စာလေးဆင့် ခိုင်လုံးရင့်ကာ ပွင့်လာခေါင်ဖျား အောင်တော်မူ မြတ်စွာဘုရားသည်။ သဗ္ဗံ − အလုံးစုံသော။ တ အဟောရတ္တိံ − နေ့ညဉ့်ကာလပတ်လုံး။ တေဇသာ − ကြီးကဲစိုးရ တန်ခိုးတော်အနန္တဖြင့်။ တပတိ − အံ့ချီးလောက်ဖွယ် လောကလယ်၌ တင့်တယ်တော်မူပါပေသတည်း။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ဗုဒ္ဓဘာသာကောင်းတစ်ယောက်။ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန။ ၂၀၀၅။