မာတိကာသို့ ခုန်သွားရန်

သပြုပင်

ဝီကီပီးဒီးယား မှ
Dillenia indica
Leaves, fruits & buds in West Bengal, India
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
မျိုးစဉ်: Dilleniales
မျိုးရင်း: Dilleniaceae
မျိုးစု: Dillenia
မျိုးစိတ်:
D. indica
ဒွိနာမ
Dillenia indica

သပြုပင်ကို ရုက္ခဗေဒအမည်အားဖြင့် ဒီလင်းနီးယားအင်ဒီကားဟုခေါ်သည်။ ဒီလင်းနီးအေးစီအီးမျိုး ရင်းတွင်ပါဝင်၍ လင်းလျှော (လင်းရှော)၊ စင်ပြွမ်း တို့နှင့် မျိုးရင်းတူဖြစ်သည်။ သပြုပင်သည်အမြင့်ပေ ၃ဝမှ၈ဝ အထိရှိတတ်၍ အပင်ကြီးမျိုးဖြစ်သည်။ အရွက်မပြတ်ဘဲ အမြဲစိမ်းလန်းနေသည်။ ပူအိုက်စိုစွတ်သောရာသီဥတုမျိုးကိုနှစ်သက်သဖြင့် သီဟိုဠ် ကျွန်းနှင့် အာရှတိုက်အပူပိုင်းဒေသများ၌ မူလစတင် ပေါက်ရောက်ခဲ့သည်။ ယခု အခါဟိမဝန္တာအရှေ့ပိုင်း တောင်ခြေတလျှောက်၌လည်းကောင်း၊ အာသံပြည်နယ်နှင့် မြန်မာ နိုင်ငံရှိမိုးများသော သစ်တောဒေသ သစ်တောများ၌လည်းကောင်း၊ ပေါက်ရောက်သည်ကိုတွေ့ရသည်။ အထူးသဖြင့် မြစ်ချောင်းကမ်းပါးအနီး၌ပေါက်ရောက်သည်။ သပြုပင်ကို ခြံဥယျာဉ်များ၌လည်း အလှစိုက်ပျိုးကြသည်။ သပြုပင်၏ရွက်အုပ်သည်ဝိုင်းနေ၍ အရွက်များသည် အကိုင်းများတွင် စုရုံး၍ထွက်ကြသည်။ အရင်းကားသည့် လှံသွားပုံသဏ္ဌာန်ရှိသော အရွက်များသည် ရှစ်လက်မမှ ၁၄ လက်မအထိရှည်လျား၍ နှစ်လက်မမှလေးလက်မ အထိဗြက်ကျယ်သည်။ အရွက်၏နှုတ်ခမ်း များသည် အတော်အတန် ကျဲသောလွှသွားကဲ့သို့ဖြစ်နေသည်။ အရွက်တွင် တစုံနှင့်တစုံနီးကပ်စွာယှဉ်ပြိုင်၍ ထင်ရှားစွာပေါ်လွင် နေသော အကြောများကြောင့် အရွက်၏မျက်နှာပြင်သည် အကြောများ အလိုက်မြှောင်းကလေးများ ထသကဲ့သို့ရှိနေသဖြင့် အရွက်သည် တွန့်ရှုံ့နေသယောင်ထင်ရသည်။ အရွက်၏ ထက်အောက် မျက်နှာပြင်တွင် အမွေးများရှိလေသည်။

တစ်ပွင့်ချင်းပွင့်သော အဖြူရောင်ပန်းများသည် ငါးလက်မမှ ရှစ်လက်မအထိ ကြီးမားကြ၍ ပွင့်ချပ်များသည် ကြီးမားသည့်အပြင် ထူထဲသည်။ အပွင့်များသည် သင်းပျံ့ပျံ့မွှေးလေသည်။ သပြုပင်သည် အသီးများသည်။ သပြုသီးများသည် အချင်းသုံးလက်မမှ ငါးလက်မခန့် အထိရှိသည်။ အပွင့်၏ ထူထဲသောပွင့်ဖတ်များသည် ကြီးရင့်လာသော အခါစိမ်းလာ၍ အသားထူသောအဖတ်များဖြစ်လာသည်။ ထိုအဖတ်များသည် အစေ့များပါသောအိမ်ကိုအုံဖွဲ့ကာ ကြီးထွားလာပြီးလျှင် အသီးဖြစ်လာသည်။

အစေ့များသည် ကျောက်ကပ်သဏ္ဌာန်ရှိ၍ သေးငယ်ကြရာ တစ်အောင်စလျှင် အစေ့ ၁ဝဝဝ မှ ၁၅ဝဝ ခန့်အထိပါဝင်နိုင်သည်။ အတော်အတန်ရင့်သော အသီးများမှ အဖတ်များကိုခွာယူ၍ အချဉ်ဟင်း ချက်စားနိုင်သည်။ အချို့သုပ်၍လည်းစားကြသည်။ မြန်မာဆေးကျမ်းများ အလိုအရ သပြုသီးသည်ချဉ်ဖန်အရသာရှိသည်။ လေသလိပ်ကိုနိုင်သည်။ သွေးသည်းခြေကို ပျက်စေတတ်သည်။ သုက်ကိုခန်းခြောက် စေတတ်သည် ဟုဆိုလေသည်။

အိန္ဒိယဆေးကျမ်းများအလိုအရ ဖျားနာသူ၊ ချောင်းဆိုးသူများကို သပြုသီးမှည့်အခွံ၏အရည်ကို သကြားနှင့် ဖျော်ပြီးလျှင် ဖျော်ယမကာ တစ်မျိုးအဖြစ် တိုက်ပေးနိုင်သည်ဟုဆိုသည်။ သို့သော်များလွန်းလျှင် ဝမ်းသက်တတ်သည်ဟုဆိုသည်။ ထို့ပြင်အသီးမှည့်၏ အခွံရည်ကို ကျောက်ကြော၊ ယိုစသည်ဖြင့်လုပ်ကိုင်စားသုံးကြသည်။ အခေါက်နှင့် အရွက်များကိုချုပ်ဆေးအဖြစ်သုံးနိုင်သည်။ ပိုးခြည်ထုတ်သော ပိုးကောင်များအား ပိုးစာရွက်ကျွေးသကဲ့သို့ သပြုရွက်ကိုလည်း ကျွေးနိုင်သည်ဟုဆိုသည်။ အရွက်ခြောက်များကို ဆင်စွယ်နှင့်ဦးချိုများအား ပွတ်တိုက်ရန်ကော်ဖတ်အဖြစ် အသုံးချနိုင်လေသည်။

သပြုပင်သည် ရှင်သန်ကြီးထွားလွယ်သည်။ တောများထဲ၌ သပြုသီးများ ကို ဆင်များစား၍ အညစ်အကြေးစွန့် ပစ်ရာ၌ပါသွားသောအစေ့များမှလည်း မျိုးဆက်ပြန့်ပွားသည်။ မြစ်ချောင်းကမ်းဘေး၌ ပေါက်သောအပင်များမှ ကြွေကျ၍ ရေမျောပါသွားသော အသီးများသည်ကမ်းစပ်တွင် တစ်ဖန်ပြန်၍ တင်ကျန်ခဲ့ရာမှ ပုပ်ရိဆွေးမြည့်သောအခါ ယင်းတို့၏ အစေ့များမှလည်း မျိုးဆက်ပြန့်ပွားသည်။ လောင်းရိပ်ခံ အပင်မျိုးဖြစ်၍ အရိပ်များသော နေရာများ၌ပင် အပင်ငယ်များ အများအပြားပေါက်ရောက်ကြသည်။ သပြုပင်သည် ငုတ်များမှလည်း အပင်ကောင်းစွာပေါက်နိုင်လေသည်။ သပြုပင်ကို ပဝတ္တိစိုက်ပျိုးရန်မှာ ဒီဇင်ဘာနှင့် ဇန်နဝါရီလများအတွင်း ဆွတ်ခူးသောအသီးရင့်များမှထုတ်ယူသော အစေ့များကိုပျိုးခင်း၊ သို့မဟုတ် ပျိုးသေတ္တာထဲတွင် မေလမှစတင်ပျိုးရသည်။ ပေါက်လာသော အပင်ငယ်သည် တစ်နှစ်သားရလျှင်၊သို့မဟုတ် သုံးလက်မမှလေးလက်မခန့် ရှိလာလျှင် မိုးဦးကျအချိန်၌အလိုရှိသောနေရာသို့ ပြောင်းရွှေ့ စိုက်ရသည်။ မူလအပင်အောက်၌ ပေါက်နေသော အပင်ပေါက် ကလေးများကိုလည်း ပျိုးခင်းများထဲသို့ ရွှေ့ပြောင်းပျိုး ထောင်နိုင်လေသည်။

အသားသေပြီးသား သပြုသားကုဗတစ်ပေသည် ၄၉ ပေါင် အချိန်စီးသည်။ သပြုသားသည် နီ၍ အဖြူပြောက် များရှိသည်။ အကြောစိပ်၍ အသင့် အတင့်မာသည်။ အရိပ်ထဲထား ရသောပစ္စည်းအဖြစ်လည်းကောင်း၊ ရေနှင့်ထိတွေ့ နေသောပစ္စည်း အဖြစ်လည်းကောင်း၊ သပြုသားကိုပြုလုပ်အသုံးချ လျှင်ကြာရှည်ခံသည်။ ကောင်းစွာဂရုစိုက်၍ အခြောက် မခံလျှင်မူ သပြုသားသည် လိမ်ကောက်၍ ကွဲတတ်သည်။ သပြုသားကို အိမ်အဆောက် အအုံများ၊လှေများ၊ သေနတ်ဒင်များ ၊ကရိယာတန်ဆာပလာလက်ကိုင်များ အတွက်အသုံးပြုနိုင်သည်။ သပြုပင်သည်ပင်စည်ကောက်တတ်သောကြောင့် သပြုသားကို အလျားရှည်ရှည် မရနိုင်ပေ။ သပြုအကာသားတွင် အပူဓာတ် ကယ်လိုရီ ၅၂၂၆ ပါဝင်၍ အနှစ်သားတွင် ၅၂၂၇ ပါဝင်သဖြင့် ထင်းဆိုက်၍လည်း ကောင်းလေသည်။ သပြုပင်ကို စိမ်းစိုဝေဆာနေသော ရွက်အုပ်၊ အနီရောင်ရှိသောအခေါက်နှင့် အကြောပြိုင်းထကာ တွန့်နေသယောင် ရှိသောအရွက်များကြောင့် ထင်ရှားသိသာနိုင်ပေသည်။[၂]

ပုံသဏ္ဌာန် : အပင် အမြဲစိမ်းလန်း၍ ပင်စည်ဖြောင့်မတ်သော သစ်မာပင်ကြီးမျိုးဖြစ်သည်။ အမြင့်ပေ ၅၀ အထိရှိသည်။ အခေါက်ချောသည်။ သပြေနုရောင်ရှိသည်။ အကိုင်းဖြာသည်။ အကိုင်းအခက်များသာမက ရွက်ညှာနှင့် ရွက်ကြောရိုးများပါ အမွေးနုလေးများနှင့် ဖုံးအုပ်နေသည်။ အဖိုပင် အမပင် နှစ်မျိုးရှိ၏။

အရွက် ရွက်လွှဲ ထွက်သည်။ ကျယ်ပြန့် သော လှံစွပ် ပုံရှိသည်။ အလျား ၁ ပေခန့် ရှည် ၊ ထိပ်ပိုင်း ကျယ်၍ ရွက်ရင်း သွယ်ပြီး ရွက်ထိပ် ချွန်သည်။ ရွက်ညှာ ရှည်သည်။ ရွက်ကြော များ အလွန်ထင်ရှား သဖြင့် အရွက် အပေါ်မျက်နှာ ပြင် အမြှောင်း လိုက် ဖောင်းကြွ နေသည်။ အပေါ် မျက်နှာ ပြင်ချော ၍ အောက်မျက်နှာ ပြင် ကြမ်းသည်။ ရွက်နား ပတ်လည် အလွန် ထင်ရှားသော လွှသွား ပုံရှိသည်။

အပွင့် အလွန် ကြီးသည်။ အဖြူရောင် ဖြစ်သည်။ ပွင့်ချပ် စိမ်းဝါ ရောင်ရှိ၍ အပွင့် ဘဲဥ ပုံ ဆန်ဆန် ဖြစ်သည်။ အကိုင်း အခက် အဖျား တွင် တစ်ပွင့်တည်း ပွင့်သည်။ အနံ့မွှေးသည်။ ဝါဆို၊ ဝါခေါင် တွင် ပွင့်သည်။

အသီး ကြီး၍ မာသည်။ ရှောက်သီး လုံးခန့် ရှိသည်။ အပေါ်ဘက် တွင် ဂေါ်ဖီ ထုပ်ကဲ့သို့ ပွင့်ဖတ်များ အထပ်ထပ် ဖုံးအုပ် နေသည်။ အပြင် ခွံ မာ၍ အတွင်း၌ အနှစ် အသား ရှိသည်။ အစေ့ များသည် သီတင်းကျွတ် ၊ တန်ဆောင်မုန်း လများ တွင် သီးမှည့်သည်။

အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အသီး။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : အောက်မြန်မာပြည် တောတောင် များ အထူးသဖြင့် ချောင်း မြောင်းများ ၌ ပေါက်ရောက် သည်။ ပေါက်ရောက်ပုံ သဘာ၀ အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာ ဆေးကျမ်းများ အလိုအရ သပြုသီး အစိမ်း သည် ဖန်၏၊ ချဉ်၏ ၊ အသီးမှည့် သည် ဖန်ချို ချဉ်သော အရသာ ရှိ၏။ လေ ၊ သလိပ် ရောဂါ၊ ရင်၌ ထိုးကျင် သော အနာ၊ မောပန်းခြင်းနှင့် အပူပြင်း ထန်သော အဖျား များကို နိုင်သည်။ အသုံးပြုပုံ- အသီး ၁ ။ အသီးကို သကြားခဲ နှင့် ဖျော်ရည် ပြုလုပ်ပြီး သောက်ပါက ချောင်းဆိုး ရောဂါ နှင့် အပူလွန် ခြင်း အပြင်း ဖျား ခြင်း တို့ကို ပျောက်ကင်း စေ၍ ဝမ်းကို စင်ကြယ် စွာသွား စေ၏။ ၂ ။ ခြေဖဝါး လက်ဖဝါး ပူလောင်သော အခါ အသီးရည်ကို လိမ်းပေးပြီး အရွက်နှင့် ပတ်ထား ပေးပါက ရက်အနည်းငယ် အတွင်း ပျောက်ကင်း စေသည်။ ၃ ။ အသီးကို အရည်ညှစ် ၍ သောက်သုံး ခြင်း ဖြင့် ဝက်ရူး ရောဂါ၊ ခွေးရူး ရောဂါ များ ပျောက်၏။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Oldfield, S. (2000). "Dillenia indica". IUCN Red List of Threatened Species 2000. IUCN. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  3. http://arogyamonline.com/commodity/materials/?raw=39[လင့်ခ်သေ]