သပိတ်မှောက်ခြင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သပိတ်မှောက်ခြင်းဟူသည်မှာ မဆက်ဆံပဲနေခြင်း၊ ပထားခြင်း၊ ကြဉ်ထားခံ ခြင်း၊ဖယ်ထားခြင်းဟူ၍အဓိပ္ပါယ်ရသည်။ သပိတ်သည် ဘုရားရှင်နှင့်တကွ တပည့်သံဃာတော်အရှင်မြတ်တို့၏ ပရိဘောဂပစ္စည်းတစ်ရပ်ဖြစ်သည်။ သပိတ်မှောက်သည်ဟူသော အသုံးအနှုန်းသည်ဘုရားရှင်လက်ထက်တော်ကပင် စတင်ခဲ့သည်။ စူဠဝါပါဠိတော်တွင်ဘုရားရှင်သည် လိစ္ဆဝီမင်းသားအား ရဟန်းသံဃာအပေါင်းတို့က သပိတ်မှောက်စေရန်ခွင့်ပြုတော်မူခဲ့ ကြောင်း အာဏာဒေသနာ တော်ပါရှိ သည်။ ထိုသို့ဘုရားရှင်ကိုယ်တော်မြတ်က သပိတ်မှောက်စေရန် ခွင့်ပြုတော်မူခဲ့ခြင်းအကြောင်းမှာဤသို့တည်း။ ဘုရားရှင်သည်ဝေသာလီပြည်၊ မဟာဝန်တော၌ သီတင်းသုံးတော်မူစဉ် ဝဎ္0x046မည်သောလိစ္ဆဝီမင်းသည် စဉ်းစားဆင် ခြင်ဉာဏ်ကင်းမဲ့သူဖြစ်သည်နှင့်အညီ ဆဗဂ္ဂီရဟန်းတို့၏ ဂုံးချောစကားကိုလိုက်နာ၍ မလမင်း၏သားအရှင်ဒဗ္ဗရဟန်း အား ပျက်စီးစိမ့်သောငှာ မိမိ၏မယားနှင့် အယုတ်တမာစွပ်စွဲ၍ ဘုရားရှင်အားလျှောက်ထားသည်။ ထိုအခါဘုရားရှင်သည် သံဃာအားလုံး အားစည်းဝေးစေ၍ ကိုယ်တော်တိုင် စစ်ဆေးမေးမြန်းလတ်သော် ရှင်ဒဗ္ဗတွင် ထိုကိစ္စနှင့်စပ်လျဉ်း၍ မြူမှုန်တစ်စေ့မျှှပြစ်မှုမရှိ ကြောင်းထင်ရှားလေသည်။ ထို့ကြောင့်ဘုရား ရှင်က (၁) ရဟန်းတော်တို့အား ပစ္စည်းလေးပါးမရစိမ့်သော ငှာလုံ့လပြုခြင်း၊ (၂) ရဟန်းတော်တို့အား ဘေးအန္တရာယ်ဖြစ်စေရန်၊ မတိုးပွားစေရန်လုံလပြုခြင်း၊ (၃) ရဟန်းတော်တို့အား ဤနေရာ၊ထိုနေရာတို့၌ မနေရစိမ့်သောငှာလုံ့လပြုခြင်း။ (၄) ရဟန်းတော်တို့ကို ဆဲရေးခြင်းဆယ်ပါးတို့ဖြင့် ဆဲရေးရေရွတ်ခြင်း။ (၅) ရဟန်းတစ်ပါးနှင့်တစ်ပါး စိတ်ဝမ်းကွဲပြားအောင် လုံ့လပြုခြင်း။ (၆) ဘုရားရှင်၏ကျေးဇူးမဲ့ကိုကဲ့ရဲ့ပြောဆိုခြင်း။ (ရ) တရားတော်၏ကျေးဇူးမဲ့ကိုကဲ့ရဲ့ပြောဆိုခြင်း။ (၈) သံဃာတော်၏ကျေးဇူးမဲ့ကိုကဲ့ရဲ့ပြောဆိုခြင်း။ အထက်ဆိုခဲ့သောအချက်ရှစ်ချက်တွင် တစ်ချက်ချက်နှင့်ပြည့်စုံစွာ လုံ့လအားထုတ်ပြုလုပ်သူ ဥပါသကာသို့မဟုတ် ဥပါသကီအား ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံပြုခြင်းငှာ ငါခွင့်ပြုတော်မူသည်ဟု စူဠဝါပါဠိ တော်၌လာရှိသည်။

ထိုအခါကသပိတ်မှောက်သည်ဆိုရာ၌ သပိတ်ကိုအောက်သို့ မျက်နှာထားသောအားဖြင့် ပြုမူသည်မဟုတ်။သပိတ် မှောက်ခြင်းခံရသော ဒါယာကာယောကျာ်း ဒါယိကာမိန်းမတို့ လှူဒါန်းသော လှူဖွယ်ဝတ္တုပစ္စူည်းလေးပါးတို့ကို ရဟန်း တိုင်းကမသုံးဆောင် ကြခြင်းပေတည်း။ ဇမ္မူဒီပါရှိ အခြားသောရဟန်းတို့အားလည်း မသုံးစွဲမသုံးဆောင်ကြရန်တိုက် တွန်းနှိုးဆော်ကြသည်။ ထိုသို့ပြုရခြင်းကား အကျင့်သိက္ခာနှင့်ပြည့်စုံသောရဟန်းကောင်း ရဟန်းမြတ်ကို အပြစ်ပြောဆို သည့်ဒါယကာ ဒါယိကာမတို့ နောင်အခါအသိတရားရ၍ လိမ်မာယဉ်ကျေးလာကြရန် အကျိုးကိုမျှေှာ်ကိုးဆောင်ရွက်ခြင်း ဖြစ်ပေသည်။ ထိုဒါယကာ ဒါယိကာမတို့သည် နောင်တတရားရကာ လိမ်မာ ယဉ်ကျေးလာပြီးလျှင် သုံးကြိမ်တိုင်တိုင် တောင်းပန် တိုးထျှိုးလာပါက သပိတ်လှန်ခြင်းကိုဆောင်ရွက်ကြရမည်။ တောင်းပန်တိုးလျှိုးခြင်း မပြုလာသေးပါကဆိုခဲ့ သောဒါယိကာ ဒါယကာမတို့၏ လှူဖွယ်ဝတ္တုပစ္စည်းလေးပါးတို့ကို မသုံးဆောင်အပ်ဟူ၍ ဘုရားရှင်က ပညတ်တော်မူခဲ့လေသည်၊။ ဤသို့ဖြင့်သပိတ်မှောက်ခြင်းကိစ္စသည် သာသနာရေး ကိစ္စတစ်ရပ်ဖြစ်ခဲ့သော်လည်း ယခုခေတ်တွင်မူ နိုင်ငံရေး လောက၌ခေတ်စားနေသော နိုင်ငံရေးလက်နက်တစ်ရပ် ဖြစ်နေပေသည်။ အလုပ်သမားနှင့်အလုပ်ရှင်၊ ကျောင်းသားနှင့် ကျောင်းအာဏာပိုင်များ ပဠိပက္ခအရေးများတွင် သပိတ်မှောက်ခြင်းတည်းဟူသော လက်နက်ကိုမကြာခဏ စွဲကိုင်အသုံးပြုကြသည်။ ထိုအစဉ်အလာကား အနောက်နိုင်ငံများမှ ကူးစက်လာသော အစဉ်အလာတစ်ရပ် ဖြစ်ပေသည်။

အနောက်နိုင်ငံများတွင် သပိတ်မှောက်ခြင်းကို ဗွိုင်းကော့လုပ်သည်ဟုခေါ်ဆိုသည်။ ဗွိုင်းကော့လုပ်သည်ဟု ဆိုလျှင်အများသဘောသို့မလိုက်လျော၊ အများသဘောနှင့် မကိုက်ညီဘဲဖီလာကန့်လန့်ပြုသူအား လူအများသဘောသို့ လိုက်လျောသည်အထိ အဆက်အဆံမပြုဘဲနေကြခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ဗွိုင်းကော့ဟူသောဝေါဟာရသည် အိုင်ယာလန်ပြည်မှ စတင်ပေါ်ပေါက်ခဲ့၍ ကပ္ပီတန် ချားကန်နင်ဂမ်ဗွိုင်းကော့၏ အမည်ကိုအစွဲပြု၍ ခေါ်တွင်လာခြင်းဖြစ်သည်။ ကပ္ပီတန်ဗွိုင်းကော့သည် လော့အန်းအမည် ရှိမူးမျိုးမတ်နွယ်တစ်ဦး၏ နယ်မြေကိုယ်စားလှယ်ဖြစ်သည်။ ၁၈၈ဝပြည့်နှစ်တွင် ဗွိုင်းကော့သည် လယ်မြေသီးစားသမားများအပေါ် အတင်းအကြပ်အခွန်ကောက်ခံခြင်း၊ မြေယာအငှားချထားရေး၌ နိုင့်ထက်စီးနင်းဆောင်ရွက်ခြင်းတို့ကြောင့် မြေငှားများသည် မခံမရပ်နိုင်ဘဲမြေပိုင်ရှင်၊ သို့မဟုတ် ကိုယ်စားလှယ်အား လုံးဝအဆက်အဆံမပြုဘဲဝိုင်းပယ်ထားကြ ရန်ဆုံးဖြတ်ကြသည်။ ဗွိုင်းကော့က အလျှော့မပေးမချင်း မြေငှားတို့သည် သွေးစည်းညီညွတ်ကာ ဗွိုင်းကော့အား ဝိုင်းပယ် ထားသည်သာမက ဗွိုင်းကော့၏လုပ်ငန်းများကို အနှောက်အယှက်ပေးခြင်း၊ ဗွိုင်းကော့အား ခြိမ်းခြောက် ခြင်းများပြုလုပ်ကြလေရာ နောက်ဆုံးတွင် ဗွိုင်းကော့သည် လက်လျှော့အရှုံးပေး၍ ထိုနယ်မှထွက်ခွာသွားရလေသည်။ ထို့နောက်တွင်အိုင်ယာလန်ပြည်တွင် အမျိုးသားရေး တိုက်ပွဲအမျိုးမျိုး၌မဆက်ဆံရေး၊ ဝိုင်းပယ်ရေးလမ်းစဉ်သည် အလွန်တွင်ကျယ်ခေတ်စားလာသည်။ ထိုအခါထိုလမ်းစဉ်ဖြင့် ပထမဆုံးလက်တည့်စမ်းခံရသူက ပ္ပီတန်ဗွိုင်းကော့ကို အစွဲပြု၍ ဗွိုင်းကော့ လုပ်သည်ဟုဆိုစမှတ်ပြုကြသည်။ ထိုဝေါဟာရ သည်အခြားနိ်ုင်ငံများ၌ပါ အသုံးအစွဲများလာသည်။ မြန်မာနိုင်ငံတွင်မူ ထိုဝေါဟာရကို သပိတ်မှောက်သည်ဟူ၍ မြန်မာမှုပြုလိုက်ကြသည်။

နောင်အခါတွင် အထူးသဖြင့် အလုပ်ရှင်နှင့် အလုပ်သမား၊ ကျောင်းအာဏာပိုင်နှင့်ကျောင်းသားများ အရေးတို့တွင် ထိုလမ်းစဉ်ကိုကျင့်သုံးလာကြသည်။ အလုပ်သမားများသည် အလုပ်ရှင်များထံမှ မိမိတို့ လိုလားချက်များ ရရှိစေရန် အလုပ်မဆင်းဘဲသပိတ်မှောက်ကြ သည်။ ကျောင်းသားများသည်ကျောင်း အာဏာပိုင်များထံမှ မိမိတို့လိ်ုလားချက် များရရှိရန်ကျောင်းမတက်ဘဲ သပိတ်မှောက် ကြသည်။ ထိုသပိတ်မှောက်လမ်းစဉ်ကို ကျင့်သုံးမှုများ ပြားလာသဖြင့် သပိတ်မှောက်ခြင်းကို အက်ဥပဒေဖြင့်တားမြစ်ခဲ့သည်။ ထိုအက်ဥပဒေမျိုးကိုမြန်မာနိုင်ငံ၌ ၁၉၂၂ ခုနှစ်တွင်ထုတ်ပြန်ခဲ့လေသည်။ သပိတ်မှောက်လမ်းစဉ်သည် မိမိတို့အလိုရှိရာ တောင်းဆိုမှု၌ တောင်းဆိုချက်များသည်မူမှန်၍ တောင်းဆို သူများသည် စည်းလုံးညီညွှတ်ပါက အလွန်ထိရောက်သော လက်နက်ဖြစ်ပေသည်။ အလုပ်သမားများသပိတ်မှောက်၍ အလုပ်မဆင်းဘဲနေသဖြင့် အလုပ်ရှင်တို့၏ အလုပ် စက်ယန္တရားများ မလည်နိုင်တော့ဘဲရပ်တန့်နေခဲ့ကြရာ လုပ်ငန်းထိခိုက် နစ်နာဆုံးရှုံးမှု များစွာဖြစ်စေလေသည်။ မြန်မာနိုင်ငံတွင် ၁၉၂ဝ ပြည့်နှစ်၌ ရန်ကုန်ကောလိပ် ပညာရေးသပိတ်မှောက်ခြင်းမှအစပြု၍ သပိတ်မှောက် လမ်းစဉ်ခေတ်စားခဲ့သည်။ ထိုသပိတ်အရေးသည် တစ်မျိုးသားလုံး၏မျိုးချစ်စိတ်ကို နှိုးဆွပေးကာ စည်းလုံးညီညွတ်မှုကို ရရှိစေခဲ့သည်။ မြန်မာနိုင်ငံ၌ ပေါ်ပေါက်ခဲ့သည့် ဖော်ပြသင့်ဖော်ပြထိုက်သော အခြား သပိတ်မှောက်ခြင်းများမှာ ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလ ရန်ကုန်တက္ကသိုလ်မှပင်အစပြုခဲ့၍ မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းများသို့ပါ ကူးစက်သွားသော ကျောင်းသားသပိတ်၊ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလတွင်ရန်ကုန်တက္ကသိုလ်မှအစပြုကာ မြန်မာတစ်နိုင်ငံလုံးသို့ကူးစက် သွားသော ကျောင်းသားသပိတ်၊ ထိုသပိတ်နှင့် ရှေ့ဆင့်နောက်ဆင့် ပေါ်ပေါက်ခဲ့သော ရေနံမြေသပိတ်၊ အလုပ်ရုံစက်ရုံ များသပိတ်၊ ဒုတိယကမ္ဘာစစ်ပြီးခေတ် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းနေချိန်တွင် ပုလိပ်(ရဲ)အဖွဲ့နှင့် အစိုးရအမှုထမ်းပေါင်းစုံ သပိတ်ကြီးတို့ကား မြန်မာနိုင်ငံသမိုင်းတွင် မှတ်တမ်းတင်လောက်သော သပိတ်မှောက်ခြင်းများဖြစ်ပေသည်။ နိုင်ငံလူထုနိုးကြားရေး၊ အမျိုးသားရေး ပြင်းပြရေးနှင့်မြန်မာ့လွတ်လပ်ရေးအတွက် ကြီးမားသောအထောက်အကူများ ကိုပေးခဲ့သည်။ စီးပွားရေးသပိတ်မှောက်ခြင်းများလည်းရှိသေးသည်။ ထိုသို့သပိတ်မှောက်ခြင်းမျိုးမှာ တစ်နိုင်ငံထွက်ပစ္စည်း အသုံးအဆောင်များကို တစ်နိုင်ငံက အသုံးမပြုဘဲ နေခြင်းဖြစ်သည်။ ပုံစံအားဖြင့် မြန်မာနိုင်ငံတွင် ဝံသာနုခေတ်က မျိုးချစ်စိတ်တက်ကြွနေသော တိုင်းရင်းသူတိုင်းရင်းသားများသည် နိုင်ငံခြားပစ္စည်းများကိုမသုံးစွဲကြဘဲ တိုင်းရင်းဖြစ်ပင်နီချောနှင့် ယောထမီ၊ ယောလုံချီတို့ကိုဝတ်ဆင်ကြသည်။ အိန္ဒိယသည် ကိုယ်ပိုင်အုပ်ချုပ်ရေးရရန်ဆန္ဒပြသောအားဖြင့် ဗြိတိသျှ ကုန်ပစ္စည်းများကို သပိတ်မှောက်ကာ တိုင်းရင်းဖြစ်များကိုသာ သုံးစွဲဝတ်ဆင်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ခေတ်မတိုင်မီ က အမေရိကန်အမျိုးသမီးများသည် ဂျပန်ပိုးဖြင့်ပြုလုပ်သော ခြေအိတ်များကို မသုံးစွဲဘဲသပိတ်မှောက်ခဲ့ကြသည်။ အမေရိကန် လွတ်လပ်ရေးစစ်ပွဲကိုအစပျိုးခဲ့သော ဗော့စတွန်မြို့မှ လက်ဖက်ခြောက်သွန်ပစ်မှုကြီးသည်လည်းဗြိတိသျှကုန် ပစ္စည်းများကို သပိတ်မှောက်သည့် သဘောတရားပင် ဖြစ်လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)