သန်း၊ ကို၊ (ကြည့်မြင်တိုင်)

ဝီကီပီးဒီးယား မှ

ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂ဝဝ၈ စက်တင်ဘာမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း (ပဉ္စမတွဲ)' ကနေ "ကိုသန်း (ကြည့်မြင်တိုင်) (၁၉၂၆)" ရဲ့ အတ္ထုပ္ပတ္တိအကျဉ်းနဲ့ စာစုစာရင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။


ကိုသန်း (ကြည့်မြင်တိုင်) (၁၉၂၆)[ပြင်ဆင်ရန်]

  1. အမည်ရင်း - ကိုသန်း
  2. မိဘအမည် - ဦးဘော် + ဒေါ်တင်ညွန့်
  3. မွေးသက္ကရာဇ် - ၁၂ - ၃ - ၁၉၂၆
  4. မွေးဖွားရာဒေသ - ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့
  5. ကလောင်အမည်ခွဲများ - အမည် မဖော်ပြလိုသော လူငယ်တဦး၊ ပင်တိုင် ဆောင်းပါးရှင် မုန်တိုင်း၊ လေပြေ၊ မောင်ငယ်ထွေး၊ ရဲဘော် တင်ထူး၊ စူပါစပ်စု၊ ဟိန်းဇာနည်၊ ဝေမိုးသော်၊ ဇေမိုးသော်၊ ဝါရင့် တော်လှန်ရေးသမား တဦး

ကိုယ်ရေးဖြစ်စဉ်[ပြင်ဆင်ရန်]

ကိုသန်း။

ကိုသန်း - ကြည့်မြင်တိုင်ကို ၁၂၈၇ ခုနှစ်၊ တပေါင်းလကွယ် ၁၅ ရက် (၁၂ - ၃ - ၁၉၂၆) ခုနှစ်တွင် အဘ ဦးဘော်၊ မိခင် ဒေါ်တင်ညွန့် တို့မှ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။

ငယ်စဉ်က ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်း၊ ကြည့်မြင်တိုင် ဒေါ်ကြီးကြီး အလယ်တန်းကျောင်း၊ ကြည့်မြင်တိုင် အမျိုးသမီး အထက်တန်းကျောင်းနှင့် စိန်ဂျွန်း ကောလိပ်တို့တွင် ပညာ သင်ကြားခဲ့သည်။

ကျောင်းသား ဘဝတွင် ကျောင်းသား သမဂ္ဂ၌ ပါဝင်ပြီး ၁၃ဝဝ ပြည့် အရေးတော်ပုံ၌ ပါဝင်ခဲ့သည်။ အတွင်းဝန်ရုံးကို ကျောင်းသားများ ဝိုင်းစဉ်က ပါဝင်ခဲ့ကာ ဒဏ်ရာ ရရှိခဲ့ပြီး ထိုခေတ် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ၏ လွတ်လပ်ရေး တိုက်ပွဲဝင် ဂုဏ်ထူးဆောင် လက်မှတ် ချီးမြှင့်ခြင်း ခံရသည်။

ထို့နောက် ပြည်သူ့ အရေးတော်ပုံ ခေါ် မြေအောက် တော်လှန်ရေး ယူနစ်တွင် ပါဝင်ပြီး ဗြိတိသျှ နယ်ချဲ့ ဆန့်ကျင်ရေး ကြိုပမ်းမှုနှင့် အာရှ လူငယ် အဖွဲ့ ဖက်ဆစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတို့တွင် ပါဝင်ခဲ့သည်။

စစ်ပြီးခေတ် ဗမာပြည် ဆိုရှယ်လစ် ပါတီ မြို့နယ်၊ ခရိုင်၊ တိုင်းနှင့် ဌာနချုပ် တာဝန်များ အဆင့်ဆင့် ထမ်းဆောင်ရင်း အမျိုးသား လွတ်လပ်ရေး ကြိုးပမ်းမှု နောက်ဆုံးအဆင့်တွင် အရေးပါသော အခန်းမှ ပါဝင်ခဲ့သည်။ လွတ်လပ်ရေး ရရှိပြီးနောက် ဗမာပြည် ဆိုရှယ်လစ် ပါတီ သတင်းနှင့် ပြန်ကြားရေး ဌာန အတွင်းရေးမှူး၊ ပါတီ ကြွေးကြော်သံ 'ပြည်ထောင်စုအသံ' သတင်းစာတွင် အယ်ဒီတာချုပ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ဗီယက်နမ် ဒီမိုကရက်တစ် သမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး အဖွဲ့ဝင် အဖြစ် သွားရောက်ခဲ့သည်။ ပြည်သူ့စာပေ ကော်မတီ အဖွဲ့ဝင်လည်း ဖြစ်သည်။

အမျိုးသား တပ်ဦး ဂျာနယ်၊ ပြည်သူ့ တပ်ဦး ဂျာနယ်တို့တွင် အယ်ဒီတာ အဖွဲ့ဝင် အဖြစ် လည်းကောင်း၊ ပြည်သူ့ အယ်ဒီတာ အဖွဲ့ဝင် အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။

၁၉၆၃ ခုနှစ်တွင် ဗမာပြည် အလုပ်သမား ပါတီ ဗဟို ကော်မတီ နုတ်ထွက်ပြီး လမ်းစဉ် ပါတီသို့ ဝင်ခဲ့သည်။ လမ်းစဉ် ပါတီ ဌာနချုပ်တွင် စာပြု တာဝန်မှ အထက်တန်း သုတေသန အရာရှိ၊ နိုင်ငံခြားရေး ဝန်ကြီး ဌာန အကြံပေး ကော်မတီ၊ ကုန်သွယ်ရေး ဝန်ကြီး ဌာန ဆန် စပါး တင်ပို့ ရောင်းချရေး ကော်မတီတို့တွင် တာဝန်များ ထမ်းဆောင်ခဲ့သည်။

၁၉၄၆ ခုနှစ်ကပင် ဗမာပြည် ဆိုရှယ်လစ် ပါတီ ကြွေးကြော်သံ 'ဆိုရှယ်လစ် တပ်ဦး' ဂျာနယ်တွင် ဆောင်းပါး စတင် ရေးသားခဲ့သည်။ ပြည်ထောင်စု အသံ သတင်းစာ အယ်ဒီတာချုပ်၊ ပြည်သူ့ စာပေ ကော်မတီမှ ထုတ်ဝေသော 'ပြည်သူ့ စာစဉ်' ဂျာနယ်၊ နိုင်ငံရေး ပညာပေး စာစောင်များတွင် ပါဝင် ရေးသားခဲ့သည်။ တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေးမှ ထုတ်ဝေသော ဂျာနယ်၊ အားသစ်ဂျာနယ်၊ စာပေသစ် မဂ္ဂဇင်းနှင့် တိုင်းချစ် ဂျာနယ်တို့တွင် စာပေများ ရေးသားခဲ့သည်။

လမ်းစဉ်ပါတီမှ ထုတ်ဝေသော နိုင်ငံတကာရေးရာ စာစောင် ကြီးကြပ်ရေး အဖွဲ့ဝင်၊ လမ်းစဉ် လူငယ် ဌာနချုပ်မှ ထုတ်ဝေသော လူငယ် ဂျာနယ် ကြီးကြပ်ရေး အဖွဲ့ဝင်၊ လမ်းစဉ် သတင်း ဂျာနယ် ကြီးကြပ်ရေး အဖွဲ့ဝင် ဖြစ်ခဲ့ပြီး၊ ဗိုလ်တထောင် နေ့စဉ် သတင်းစာ၊ ကြေးမုံ၊ လမ်းစဉ် သတင်း ဂျာနယ်၊ စွယ်စုံကျမ်း နှစ်ချုပ်၊ သမဝါယ ဂျာနယ်၊ စစ်ပြန် မဂ္ဂဇင်း၊ ဝေဒ မဂ္ဂဇင်း၊ စိတ်စွမ်းအင် မဂ္ဂဇင်း၊ ၁၉၈၈ နောက်ပိုင်းတွင် ခေတ်မြန်မာပေါင်းစု၊ မြက်ခင်းသစ်၊ မိုး၊ စတိုင်သစ်၊ လျှို့ဝှက်ဆန်းကြယ် မဂ္ဂဇင်း၊ ရနံ့သစ် မဂ္ဂဇင်း၊ မြန်မာနေရှင်း ဂျာနယ်၊ ချင်းတွင်း မဂ္ဂဇင်းတို့တွင် စာများ ရေးသားခဲ့သည်။ စာပေလုပ်သား အဖွဲ့ဝင် ဝ၅၂၃ ဖြစ်သည်။

၁၉၈၁ ခုနှစ်တွင် နိုင်ငံ့ဂုဏ်ရည် (ဒုတိယဆင့်) ချီးမြှင့်ခံရသည်။ ကိုသန်း (ကြည့်မြင်တိုင်) သည် တိုက် - ၃၊ အခန်း (၁၆)၊ ဝေဠုဝန် အိမ်ရာသစ်၊ မုန့်လက်ဆောင်ကုန်း (မြောက်) ရပ်ကွက်၊ စမ်းချောင်းမြို့နယ် ရန်ကုန်တွင် နေထိုင်လျက် ရှိသည်။

ကိုသန်း (ကြည့်မြင်တိုင်) ရေးသား ပြုစုခဲ့သော စာအုပ်များမှာ -

  1. ပြည်တွင်း ငြိမ်းချမ်းရေး ရလိုသော် - ၁၉၆၃။
  2. စီအိုင်အေ ခြေရှုပ်သမျှ - ၁၉၉၁ (ကလောင် - ဝါရင့်တော်လှန်ရေးသမား တဦး)။
  3. ကိုယ်တွေ့ သိခဲ့ရသမျှ နိုင်ငံတော် လုပ်ကြံမှုကြီး - ၁၉၉၉။
  4. အမျိုးသား ဒီမိုကရေစီ (နယူးတိုင်း ဂျာနယ် ဘာသာပြန်) - ၁၉၉၉။