သန်းမြင့်အောင်(ပန်းချီ)

ဝီကီပီးဒီးယား မှ

သန်းမြင့်အောင် (ပန်းချီ) (၁၉၆၈-၂၀၁၀)[ပြင်ဆင်ရန်]

စာနယ်ဇင်းသရုပ်ဖော် ပန်းချီဆရာသန်းမြင့်အောင်ကို ဦးတင်ညွန့်၊ ဒေါ်ကျင်မြတို့က ရေနံချောင်းမြို့ ပုဏ္ဏားကုန်းရပ်ကွက်၌ ၁၉၆၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်းလေးဦးအနက် အကြီးဆုံး သားဖြစ်သည်။ ပန်းချီသန်းမြင့်အောင်သည် အခြေခံပန်းချီပညာကို ရေနံချောင်းမြို့ရှိ ပန်းချီဆရာဦးအောင်မောင်း၊ ဦးစိန်ဝင်းနှင့် ဦးတင်ညွန့်တို့ထံ၌ သင်ယူသည်။ ၁၉၈၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ၌ ကျင်းပသော ရှန်ကာ အပြည်ပြည်ဆိုင်ရာ ကလေးပန်းချီပြိုင်ပွဲနှင့် ၁၉၈၁ ခုနှစ်တွင် ချက်ကိုဆလိုဗားကီးယားနိုင်ငံ၌ ကျင်းပသောကလေးပန်းချီပြိုင်ပွဲများမှ ဆုများဆွတ်ခူးရရှိသည်။ ဆီဆေးပန်းချီရေးနည်းကို ပန်းချီပြိုင်ပွဲ ဦးသက်ညွန့်ထံ၌ လည်းကောင်း၊ အရောင်များကို ဓားဖြင့်ရေးဆွဲနည်းကို ပန်းချီဝင်းဖေမြင့်ထံ၌လည်းကောင်း သင်ယူဆည်းပူးသည်။ ထို့အပြင် သရုပ်ဖော်ပန်းချီရေးဆွဲနည်းကို ပန်းချီ ဦးလှထွန်းထံ၌ သင်ယူလေ့လာကာ မဂ္ဂဇင်းများ၊ ဝတ္ထုများ၊ ဂျာနယ်များတွင် သရုပ်ဖော်ပန်းချီများကို ရေးဆွဲသည်။ ၁၉၉၆ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ စာနယ်ဇင်းသရုပ်ဖော်ပန်းချီပြပွဲများ၌ ပါဝင်ပြသသည်။ တစ်ကိုယ်တော်ပန်းချီပြပွဲနှစ်ပွဲကိုလည်း ကိုယ်တိုင် စီစဉ်ပြသသည်။ ပန်းချီသန်းမြင့်အောင်သည် အစိုးရစက်မှု လက်မှုသိပ္ပံမှ A.G.T.I (E.P)ဒီပလိုမာရရှိပြီးနောက် ပန်းချီလောကသို့ ဝင်ရောက်ခဲ့ရာ ပန်းချီရေးဆွဲခြင်းသာမက ကဗျာများကို သင်းဝေအောင် ကလောင်အမည် ဖြင့်လည်းကောင်း၊ ဝတ္ထုနှင့်ဆောင်းပါးများကို ကိုသီအောင် ကလောင်အမည်ဖြင့်လည်းကောင်း ရေးသားသည်။ မေရဲ့ပန်းပွင့် သို့မဟုတ် ကမ်းပါးပေါ်က ကျွံကျသွားသော နာဂစ်နေ့၊ နာဂစ်ည၊ နာဂစ်အလွန် ခံစားမှုကဗျာများ ကဗျာစာအုပ်ကို ကိုရွေး၊ အံ့ဘွယ်ဇင်တို့နှင့်အတူ စီစဉ်ထုတ်ဝေသည်။ ရင်ဘတ်ပေါ်အုံ့တဲ့တိမ်ကလေး ကဗျာစာအုပ်ကို သဲထူး၊ မိုးဦးဆွေညိမ်းတို့နှင့် အတူပူးပေါင်းထုတ်ဝေသည်။ ထို့ပြင်မဂ္ဂဇင်းများနှင့် ဂျာနယ်များတွင် ပန်းချီအနုပညာ ဆောင်းပါးနှင့် ဝတ္ထုတိုများရေးသားသည်။ ပန်းချီဆရာ သန်းမြင့်အောင်သည် ၂၀၁၀ ပြည့်နှစ် မေလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်လှရီ ကျန်ရစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)