သန်းနွဲ့ (ဟာသသရုပ်ဆောင်)

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

လောကနိယာမအရ ယနေ့အသစ်သည် မနက်ဖြန်အဟောင်း၊ ယနေ့အဟောင်းသည် မနေ့ကအသစ်၊ ထာဝရ အသစ် ဆိုသည်မှာ မရှိနိုင်။ သို့ဖြစ်၍ သစ်ခြင်း၊ ဟောင်းခြင်းသည် အဓိကမဟုတ်။ ကောင်းခြင်းဖြစ်ဖို့သာ လိုသည်။ ကြာခဲ့ပြီဖြစ်သော်လည်း မေ့ပျောက်၍ မသွားနိုင်လောက်အောင် ရင်ထဲစွဲထင်နေသည့် အဟောင်း အဟောင်းတွေ ကြားက အကောင်းအကောင်းတွေကို ပြောပြချင်သည်။ ရယ်မောခြင်းနှင့်အတူ ပျော်ရွှင်ကြည်နူးမှုများသည် ပါလာစမြဲ။ စိတ်ညစ်၊ စိတ်ထွေနေလျှင် မရယ်နိုင်ပါ။ သာမန်အားဖြင့် ရယ်မောနေ လျှင် ပီတိဖြစ်နေသည်။ စိတ်ကြည်လင်နေသည်ဟု မှတ်ယူနိုင်ပါသည်။ ရယ်နေသည့်အခိုက် ရယ်စရာဖြစ်ပေါ်မှုအပေါ် အာရုံစူးစိုက်ဈာန်ဝင်နေ သည့်အတွက် သောက၊ ဗျာပါဒတို့ကို သတိမရ၊ စိတ်ဖိစီးမှု ကင်းဝေးနေ သည့်အတွက် ရယ်သောသူသည် အသက်ရှည်၏ ဟု ကျန်းမာရေး ရှုထောင့်က ဆိုသည်။


လူတစ်ယောက်ရယ်မောပျော်ရွှင်လာအောင် လုပ်ဖို့မလွယ်ပါ။ လွယ်မယောင်နှင့် ခက်၊ တိမ်မယောင်နှင့် နက်သည်။ ဟာသသည် ပညာ တစ်ရပ်။ စာပေ၊ ရုပ်ရှင်၊ ပြဇာတ်နှင့် သဘင်လောကတို့တွင် ပေါ်ထွက်ခဲ့ သော ဟာသပညာရှင်တို့၏ အရေအတွက်မှာ အခြားသော အနုပညာရှင် တို့၏ အရေအတွက်နှင့် နှိုင်းစာလျှင် ရာခိုင်နှုန်းအားဖြင့် နည်းလှသည်။ ဟာသသည် ခက်ခဲနက်နဲသော ပညာတစ်ရပ်ဖြစ်သော်လည်း အလေးပေးမခံရ။ ဟာသပညာကို သာမန်မျှသာ သဘောထားတတ်ကြ သည်။ ဟာသစာပေရှိသော်လည်း ဟာသစာပေ ထူးချွန်ဆုမရှိ၊ ဟာသ ရုပ်ရှင်ရှိသော်လည်း ဟာသအကယ်ဒမီ ထူးချွန်ဆုမရှိ၊ ထိုအချက်တွေက ဟာသပညာရပ်ပေါ် လေးလေးနက်နက် မရှိသေးကြောင်း သက်သေပြ နေသည်။ သဘင်ပညာရှင်များသည် သဘင်အကယ်ဒမီထူးချွန်ဆုကို မျှော်လင့်‌ နေကြကြောင်း စာစောင်အချို့တွင် ဖတ်လိုက်ရသည့်အတွက် ဟာသပညာရှင်များလည်း ဟာသအကယ်ဒမီထူးချွန်ဆုကို မျှော်လင့်နေ ကြမည်ဟုထင်ပါသည်။


ကလိထိုးလျှင်လည်း ရယ်ရပါသည်။ သို့သော် ဟာသမဟုတ်၊ အခံရခက်၍ ကြောင်း/ကျိုးဆက်စပ်ပြီး သဘာဝကျကျ၊ ဇာတ်ကွက်လှလှ ဖန်တီးပြနိုင်မှ ဟာသရသမြောက်ပေမည်။ ဟာသမြောက်အောင် ဇွတ်လုပ်ယူ၍မရ။ လက်ရာမြောက်လှသော တစ်ကွက်စာကာတွန်းများ သည် တစ်သက်စာ မေ့မရနိုင်လောက်အောင် ဆွဲဆောင်နိုင်မှုရှိသလို မရယ်ဘဲအောင့်ထား၍ မရလောက်အောင် ဟာသဖြင့် ကလိနိုင်စွမ်းရှိသူ တစ်ဦး၏ သရုပ်ဆောင်မှုများသည် စာရေးသူ၏ မျက်စိထဲမှမထွက်။ မချိုမချဉ်လုပ်နေသည့် သူ့မျက်နှာပေးကို ပြန်မြင်မိတိုင်း ယနေ့တိုင် ရယ်ချင်နေသေးသည်။


ထိုသူမှာ ပြည်သူချစ်သော ဟာသဝိဇ္ဇာ၊ ပျော်တော်ဆက် သန်းနွဲ့။ ရုပ်ရှင်သရုပ်ဆောင် ချာလီချက်ပလင် သည် ဟာသဖြင့် ကမ္ဘာ ကျော်ခဲ့သလို မြန်မာပြည်မှာလည်း သန်းနွဲ့ သည် ဟာသဖြင့် ထင်ပေါ်ခဲ့ ပါသည်။ သူ့ခေတ်သူ့ကာလက ကလေးရော၊ လူကြီးပါမကျန်၊ သူပါဝင် သော ဇာတ်ကားတိုင်း နှစ်သက်ခဲ့ကြပါသည်။ သူသည် သူချစ်သော အနုပညာဖြင့် ရိုးသားစွာ အသက်မွေး ရင်း၊ ဘဝကိုတည်ငြိမ်စွာ တင့်တယ်စွာ ဖြတ်သန်းသွားနိုင်ခဲ့သူ သူလိုလူ မရှိပါ။ သူ့မူ၊ သူ့ဟန်၊ သူ့သဏ္ဌာန်ကို တုရန်လည်းခက်လှသည်။ အကယ်ဒမီ မြတ်လေး၊ အကယ်ဒမီ ကောလိပ်ဂျင်နေဝင်း၊ အကယ်ဒမီ ဦးကျောက်လုံး၊ အကယ်ဒမီ ဦးသိန်းမောင်နှင့် ဒေါ်မြလေးတို့ကဲ့သို့ အစား ထိုးမရသော အနုပညာရှင်။

သန်းနွဲ့၏ သားအကြီးဆုံးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ရဲထွန်းနွဲ့ (အတာ)၏ ပြောပြချက်အရ သန်းနွဲ့သည် မိတ္ထီလာသား၊ အဖ ဦးထွန်း မောင် (မီးရထားဝန်ထမ်း)နှင့် အမိ ဒေါ်လွန်းတို့က ၁၄-၂-၁၉၂၁ ရက်၊ တနင်္လာနေ့တွင် ဖွားမြင်ခဲ့ပြီး အမည်ရင်းမှာ မောင်လှမောင်၊ မွေးချင်း ၅ ယောက်ရှိသည့်အနက် တတိယမြောက်၊ မန္တလေးမြို့ B.T.N ဗုဒ္ဓ သာသနာ့နုဂ္ဂဟအသင်းမှ ကြီးမှူးသည့် ဟိုက်စကူး (အထက်တန်းကျောင်း) မှ မက်ထရစ် (၁၀) တန်းအောင်မြင်ခဲ့ပြီး မီးရထားဌာန၊ ကြေးနန်း ဆက်သွယ်ရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ရုပ်ရှင် လူကြမ်းနှင့် ဟာသသရုပ်ဆောင် သာဂေါင်ကြီး(ဦးလှမောင်)နှင့် ဆက်နွှယ် ပြီး ဝန်ထမ်းဘဝမှ နုတ်ထွက်ကာ ရန်ကုန် ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့ သည်။


၁၉၄၆ ခုနှစ် အသံတိတ်ခေတ် အေဝမ်းဖလင်မှ ဒါရိုက်တာ ဦးဘရှင် ရိုက်ကူးခဲ့သော ခေတ်သစ်ဖာတစ်လုံး ခေါင်းကျား ဇာတ်ကား တွင် ဇာတ်ပို့၊ ဇာတ်ရံအဖြစ် ပွဲဦးထွက်သရုပ်ဆောင်ခဲ့သည်။ ဇာတ်ပို့ ဇာတ်ရံ၊ လူရွှင်တော်၊ ဟာသမင်းသား၊ ဒါရိုက်တာ၊ ထုတ်လုပ်သူစသည်ဖြင့် ရိုက်ကူးခဲ့သော ဇာတ်ကားပေါင်း ၁၄၃ ကားရှိခဲ့ပြီး အများပိုင်အဖြစ် စံပြ ရုပ်ရှင်၊ ပုဂ္ဂလိက တစ်ဦးတည်းပိုင်အဖြစ် ရွှေနဲ့မြ ရုပ်ရှင်ကုမ္ပဏီတို့ကို ထူထောင်နိုင်ခဲ့သည်။ ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးခဲ့သော ဇာတ်ကားများမှာ မာမရှိန်း(၁၉၅၀)၊ ကာတွန်းအောင်ရှိန်၏ နာမည်ကျော်ကာတွန်း ဇာတ်ဆောင် စံရှား-ဒိန်းဒေါင်၏ ဇာတ်လမ်းများကို ရုပ်ရှင်အဖြစ် အသက်သွင်းရိုက်ကူးထားသော မှားတဲ့အခါလည်း မှားပေမပေါ့ (၁၉၆၄)၊ အောင်ပင်လယ် (၁၉၆၅)၊ အံ့ဩကုန်နိုင်ဖွယ် (၁၉၆၆) နှင့် လကမ္ဘာသို့ (၁၉၆၈) ဇာတ်ကားများဖြစ်သည်။


ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော ဇာတ်ကားများမှာ လင်းဆွဲ (၁၉၅၀)၊ ချစ်ပြဿနာ (၁၉၆၇)၊ တိုင်းကျော် (၁၉၅၉)၊ အချစ်ရေ (၁၉၆၀)၊ စန်းပွင့်လာပြီ (၁၉၆၀)၊ ကျွန်တော်ဇာတ်လမ်း (၁၉၆၀)၊ ကဲမာမာပဲ (၁၉၆၁)၊ စိန်လားဟေ့မောင်တို့ (၁၉၆၁)၊ မိချစ်တဲ့မောင် (၁၉၆၂)၊ ဖြစ်ချင်တာလည်း မဖြစ်ရပါ (၁၉၆၂)နှင့် မောင်ချော့မြှူပါ့မယ် (၁၉၆၃) တို့ဖြစ်သည်။

ရွှေနှင့် မြ ရုပ်ရှင်မှ ထုတ်လုပ်ခဲ့သော ဇာတ်ကားများမှာ မိချစ်တဲ့မောင် (၁၉၆၂)၊ မောင်ချော့မြှူပါ့မယ် (၁၉၆၃)၊ မြီးကောက်ပေါက် (၁၉၆၅)၊ ဘာလိုလို (၁၉၆၅)၊ တမာချိုချို (၁၉၆၆)၊ မင်းနဲ့ငါ (၁၉၆၇)၊ လကမ္ဘာသို့ (၁၉၆၈)၊ လူပြက်ကလေးမောင်ရွှေရိုး (၁၉၆၉)၊ ခကွေးယပင့် စသတ်ချစ် (၁၉၆၉)၊ အားကစားနှင့်ပင်တိုင်စံ (၁၉၆၉)၊ ကိုကိုညီညီ (၁၉၇၆)တို့ ဖြစ်သည်။ သန်းနွဲ့ကွယ်လွန်ပြီးနောက် သားဖြစ်သူ ဟာသ သရုပ်ဆောင် သန်းနွဲ့လေး ထုတ်လုပ်ခဲ့သည့် သန်းနွဲ့နှင့် သန်းနွဲ့ အနုပညာ(၁၉၇၅)၊ ဘဝကြင်ဖော်အဖြစ် ဒေါ်ခင်ရွှေ၊ ဒေါ်သန်းမြတို့နှင့် ဖူးစာဆုံခဲ့ပြီး (၁) သားကြီး ရုပ်ရှင်သရုပ်ဆောင်ရဲထွန်းနွဲ့ (ဩစတြေးလျ)၊ (၂) သမီးမြင့်မြင့်နွဲ့ (ဂျပန်)၊ (၃) ဟာသသရုပ်ဆောင်သန်းနွဲ့လေး (ကွယ်လွန်)၊ (၄) သား ရုပ်ရှင်သရုပ်ဆောင် သန်းထွန်းနွဲ့ (အင်္ဂလန်၌ ကွယ်လွန်)၊ (၅) သားငယ် ဒါရိုက်တာ ထွန်းအေးနွဲ့ (ဂျပန်) တို့ကို မွေးဖွားခဲ့ သည်။


ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၉ ခုနှစ်သို့အရောက် ပြဇာတ် များ ခေတ်စားလာချိန် တစ်ဖက်မှ ရုပ်ရှင်ရိုက်ရင်း အခါအခွင့်သင့်ပါက ပန်းဆိုးတန်း ဝင်းဝင်းရုံ၊ လမ်းမတော်အနောက်ပိုင်း ကာဌေးရုံ၊ ရေကျော် ဇော် ပြဇာတ်ရုံတို့တွင် သရုပ်ဆောင်၊ ဒါရိုက်တာအဖြစ် ပြဇာတ် ပေါင်းများစွာ တင်ဆက်ကပြခဲ့သည်။ ပြဇာတ်ဒါရိုက်တာအကျော်အမော် များ ဖြစ်ကြသော အလင်္ကာကျော်စွာ ဒဂုန်ဆရာတင်၊ ကျွန်တော် ချစ်မောင်၊ ဗိုလ်ကလေးတင့်အောင်တို့နှင့် ခေတ်ပြိုင်ဖြစ်ပြီး ပြဇာတ် ပရိသတ်ကို အောင်မြင်စွာ ပျော်တော်ဆက်နိုင်ခဲ့သူ။ ပြဇာတ်ခေတ်တွင် ကိုယ်တိုင်ပါဝင်ကပြခဲ့ဖူးသည့် သန်းနွဲ့ ၏ဇနီးဖြစ်သူ ဒေါ်သန်းမြ ပြောပြချက်အရ သန်းနွဲ့ ဒါရိုက်တာအဖြစ် တင်ဆက်ခဲ့သော မင်းသား မျိုးမြင့်၊ မင်းသမီး ရိုစ့်ဌေးတို့ပါဝင်သည့် ချစ်ဖေဖေ ပြဇာတ်၊ မင်းသား တက္ကသိုလ် မျိုးချစ်၊ မင်းသမီး ခင်အုန်းမြင့်တို့ပါဝင်သည့် ချစ်ရန်စ ပြဇာတ်၊ စံပြမယား ပြဇာတ်တို့မှာ ပရိသတ်၏ တောင်းဆိုချက်အရ အကြိမ်ကြိမ် ပြန်လည်ကပြခဲ့ရသည်ဟု သိရှိရသည်။ လှော်ကောင်းတုန်းတက်ကျိုး ဆိုသလို ဟာသအနုပညာများ ဖန်တီးတင်ဆက်မှု အရှိန်ကောင်းနေဆဲ အသက် ၅၀ အရွယ်သို့အရောက် ကျန်းမာရေးချို့တဲ့လာသည့်အတွက် သားကြီးရဲထွန်းနွဲ့နှင့်အတူ အင်္ဂလန်သို့ သွားရောက်ဆေးကုသခဲ့သည်။ သို့သော် ရောဂါကျွမ်းနေပြီဖြစ်သည့်အတွက် ၇-၁-၁၉၇၁ ရက်နေ့တွင် လည်ချောင်း ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။


အများဆုံး တွဲဖက်ရိုက်ကူးခဲ့သော ရုပ်ရှင်မင်းသမီးမှာ ဝဏ္ဏကျော်ထင် အကယ်ဒမီ ကြည်ကြည်ဌေး၊ အကယ်ဒမီ ဝါဝါဝင်းရွှေ၊ အကယ်ဒမီ စံရှားတင်၊ အကယ်ဒမီ ရေဒီယိုတေးသံရှင် သန်းသန်းဆင့်တို့ ဖြစ်ကြသည်။ ဟာသကွက်များ ပုံဖော်ဖန်တီးရာတွင် လူရွှင်တော်များဖြစ်ကြသော ကျွန်တော်ချစ်မောင်၊ မြင့်ဖေ၊ ဂျော်လီဆွေ၊ ကြယ်နီ၊ သာဂေါင်၊ သာဆန်း၊ အေးကို၊ မစိန်ခင်၊ မအေးကြည်တို့နှင့် အပေးအယူအချိတ်အဆက်မိမိ ပရိသတ်ကို ကလိနိုင်ခဲ့ကြသည်။ လူပင်သေသော်လည်း နာမည်မသေ မြန်မာ့ရုပ်ရှင်သမိုင်းတွင် သူ၏ဂုဏ်သတင်းသည် ထုံသင်းဝေလျက် ... [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင့်လွင်ဦး (စီးပွားရေးတက္ကသိုလ်) ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလထုတ် ၊ တော်ဝင်ပန်းဂျာနယ် အမှတ် (၁၁၆)