သန်းဆွေ (ပါမောက္ခ)

ဝီကီပီးဒီးယား မှ

ဒေါ်သန်းဆွေ သည် ပထမဆုံး အမျိုးသမီး မြန်မာစာပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ကာ ပညာရပ်ဆိုင်ရာ စာတမ်းများစွာကို ရေးသားခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ဘဝဖြစ်စဉ်အကျဉ်း[ပြင်ဆင်ရန်]

ဆရာမကြီး ကို ခရစ်နှစ် ၁၉၂ဝပြည့်နှစ်၊ နိုဝင်ဘာလ၂၉ရက်၊ သောကြာနေ့တွင် မန္တလေးတိုင်း အမရပူရမြို့နယ် လိပ်ဆံခွန်ရွာ၌ မွေးဖွားခဲ့သည်။ ဖခင်မှာ ဦးစက်ရုံ ဖြစ်၍ မိခင်မှာ ဒေါ်ထွေး ဖြစ်သည်။ မွေးချင်းနှစ်ဦးသာ ရှိပြီး ဆရာမကြီး က သမီးဦးဖြစ်၍ မောင်ငယ်မှာ ဦးကောင်းညွန့် (အဖွဲ့ဝင်၊ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့) ဖြစ်သည်။ ဖခင်ဦးစက်ရုံမှာ အလယ်တန်းကျောင်းအုပ်ဆရာကြီးဖြစ်ပြီး မိခင်ဒေါ်ထွေးမှာ အလယ်တန်းပြ ဆရာမဖြစ်သည်။ ဆရာမကြီး သည် လိပ်ဆံခွန်ရွာ အလယ်တန်းကျောင်း မှ ပင် ၁၉၃၃ ခုနှစ်တွင် မြန်မာအလယ်တန်း စာမေးပွဲအောင်ခဲ့သည်။ အင်္ဂလိပ်-မြန်မာ အလယ်တန်း စာမေးပွဲကို မန္တလေးမြို့ ဗုဒ္ဓသာသနာ့နုဂ္ဂဟ မိန်းကလေးကျောင်း မှ ၁၉၃၅ ခုနှစ်တွင် အောင်မြင်ခဲ့သည်။ အင်္ဂလိပ်-မြန်မာ၁ဝတန်းစာမေးပွဲ ကို မန္တလေးမြို့ (အေ-ဘီ-အမ်) အထက်တန်းကျောင်း မှ ၁၉၃ဂ ခုနှစ် တွင် အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် ပညာဆက်လက် ဆည်းပူးသင်ယူခဲ့သည်။

ရန်ကုန်တက္ကသိုလ် ၌ မြန်မာစာ ဝိဇ္ဇာတန်း ဒုတိယနှစ် တက်ရောက် သင်ယူနေဆဲမှာပင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်၍ ပညာသင် ရပ်ဆိုင်းခဲ့ရသည်။ စစ်အပြီး ဝိဇ္ဇာ ဂုဏ်ထူးတန်း တက်စဉ်အခါက ဂုဏ်ထူးတန်း တက်သူဟူ၍ ဆရာမကြီး တစ်ဦးသာ ရှိခဲ့သည်။ ထို့နောက် ပညာ ဆက်လက် သင်ယူခဲ့ရာ ၁၉၄၇ ခုနှစ်တွင် ဝိဇ္ဇာ ဂုဏ်ထူးတန်းကို အောင်မြင်ခဲ့သည်။ ၁၉၄၉ တွင် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ထို့နောက် ပညာရေးနယ်ပယ်သို့ ဝင်ရောက်လျှက် မြန်မာစာဌာနတွင် တာဝန်များ အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။ ဆရာမကြီး၏ မဟာဝိဇ္ဇာဘွဲ့ ယူသောကျမ်းအမည်မှာ“စိန္တကျော်သူနှင့်စာပေ”ဖြစ်ပြီးဂုဏ်ထူးရရှိခဲ့သည်။

ဆရာမကြီး၂၀၀၂ခုနှစ် ဇွန်လ၇ရက် (သောကြာနေ့) တွင် ကွယ်လွန်ခဲ့သည်။

တာဝန်နှင့် လုပ်ဆောင်မှုများ[ပြင်ဆင်ရန်]

မြန်မာစာဌာန[ပြင်ဆင်ရန်]

ဆရာမကြီး ဒေါ်သန်းဆွေသည် ၁၉၄ရ ခုနှစ် ဇူလိုင်လ ၁ရက်နေ့မှ စ၍ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန တွင် နည်းပြဆရာမ အဖြစ် စတင်အမှုထမ်းခဲ့သည်။ ၁၉၄ဂခုနှစ်၊ ဩဂုတ် ၁၅ရက်နေ့ တွင် လက်ထောက်ကထိက အဖြစ် တိုးမြှင့် ထမ်းဆောင်ခဲ့ပြီး၁၉၅၁ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် တွင် ကထိက အဖြစ် တိုးမြှင့် ခန့်ထားခြင်း ခံရသည်။ ၁၉၆၅ ခုနှစ်မှ စ၍ မန္တလေး ဝိဇ္ဇာ နှင့် သိပ္ပံတက္ကသိုလ် သို့ ပြောင်းရွှေ့ အမှုထမ်း ခဲ့သည်။ ၁၉၇၄ခုနှစ်၊ မေလ၁၇ရက်မှစ၍ မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် မြန်မာစာ ပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇ဂ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ဆရာမကြီးသည် ၁၉၈၁ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မြန်မာစာပါမောက္ခရာထူးမှ အငြိမ်းစားယူခဲ့သည်။

ပျူစာကိုပြန်လည်ရှင်သန်စေခဲ့သူ[ပြင်ဆင်ရန်]

မြန်မာစာပေသမိုင်းတွင်‘ပျူစာ’ကိုပြန်လည်ရှင်သန်စေခဲ့သူတစ်ဦးဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆို့သော် ဆရာမကြီး ဒေါ်သန်းဆွေသည် ၁၉၈၁-၈၂ ပညာသင်နှစ်မှစ၍ ပျူစာကို မဟာဝိဇ္ဇာတန်းတွင် ပြန်လည်ပြဋ္ဌာန်းခဲ့၍ ကိုယ်တိုင်ပို့ချပေးခဲ့သည်။

ရာဇကုမာရ်ကျောက်စာကို မြန်မာ၊ မွန်၊ ပါဠိ၊ ပျူ လေးဘာသာဖြင့် ရေးထိုးခဲ့ရာ ပါဠိ၊ မွန်၊ မြန်မာစာတို့ကိုသာ အနက် ဖော်ပြဆိုနိုင်ခဲ့ကြသော်လည်း ပျူဘာသာဖြင့် ရေးထိုးထားသော မျက်နှာစာ အဓိပ္ပာယ်ကို အနက်ဖွင့်ဆိုရန် လွန်စွာခက်ခဲခဲ့သည်။ မစ္စတာ စီအိုဗလက်ဒင် က ခရစ်နှစ် ၁၉၁၁ခုနှစ် ဧပြီလထုတ် ရွိုင်ရွယ်အာရှတိုက်ဂျာနယ်တွင် မြစေတီ (ခေါ်) ရာဇကုမာရ်ကျောက်စာ စတုတ္ထဘာသာ ဖြစ်သော ပျူဘာသာအား လေ့လာချက်များကို ရေးသားပြန်ဆိုခဲ့ရာ ကမ္ဘာ့သုတေသီပညာရှင်များက သူ၏ အရေးအသားပြန်ဆိုချက်များကို လေးစားအံ့ဩခဲ့ကြရသည်။ မစ္စတာစီအိုဗလက်ဒင်သည် ရှေးဟောင်းသုတေသန နှင့် မနုဿဗေဒပညာ ကို လေ့လာ စူးစမ်း ရှာဖွေခဲ့သူ သုတေသီပညာရှင် တစ်ဦးဖြစ်သည်။ မလေးကျွန်းဆွယ် ဗြိတိသျှ အစိုးရဝန်ထမ်းတစ်ဦး ဖြစ်သည်။ မြန်မာနိုင်ငံကို မရောက်ဖူးခင်ကပင် စတင်၍ ကျောက်စာမင်ကူး နှင့် ဓာတ်ပုံများကို လေ့လာမှတ်သားကာ မြစေတီ ကျောက်စာ လေးဘာသာအနက် မွန်နှင့်ပျူဘာသာ တို့ကို ပြန်ဆိုခဲ့သူ ဖြစ်သည်။ မြန်မာနိုင်ငံ ကျောက်စာဝန် မစ္စတာတော်စိန်ခို နှင့် မစ္စတာဒူရွိုင်ဆယ် တို့၏ မြစေတီကျောက်စာ မွန်ဘာသာ ပြန်ဆိုမှုများ နှင့် ထူးထူးခြားခြားတိုက်ဆိုင်နေပေသည်။ ပါမောက္ခလုစ် က မြန်မာပြည်ကိုမရောက်ဘူးဘဲ၊ မွန်၊ ပျူဘာသာစူးစမ်းလေ့လာပြန်ဆိုရေးသားနိုင်သည့် မစ္စတာ စီအိုဗလက်ဒင် အား ရှားလော့ဟုမ်း ခေါ် စုံထောက်ဦးစံရှား ဦးနှောက်ရှိသူဟုချီးကျူးဂုဏ်ပြုခဲ့သည်။ ထိုအချိန်က ပျူလူမျိုး၊ ပျူဘာသာသည် မြန်မာနိုင်ငံတွင် တိမ်ကော ကွယ်ပျောက်လု နီးပါးဖြစ်ခဲ့ရသည်။

ထူးခြားချက်[ပြင်ဆင်ရန်]

ဒေါ်သန်းဆွေ သည် မြန်မာစာပါမောက္ခထဲ၌ အမျိုးသမီးပါမောက္ခအဖြစ် ပထမဦးဆုံး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၏ သတ္တမမြောက် ပါမောက္ခဖြစ်ပြီး မြန်မာစာအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။

ပါမောက္ခ တာဝန်ထမ်းဆောင်ခဲ့စဉ် အမှတ်ထင်ထင် ပင်ရင်းမြန်မာစာ ကို တက္ကသိုလ် ပထမနှစ် နှင့် ဒုတိယနှစ် များတွင် ပြန်လည်သင်ကြားခွင့်ရအောင်လည်း စွမ်းဆောင်ခဲ့သည်။ မြန်မာလူမျိုး လူငယ်လူရွယ်တို့ မြန်မာစာကို တန်ဖိုးထား လေးစားတတ်အောင် ပျိုးထောင် လေ့ကျင့်ပေးခဲ့သူ တစ်ဦးဖြစ်သည်။

ပထမဆုံး အမျိုးသမီး မြန်မာစာ ပါမောက္ခရာထူးကို ထူးထူးခြားခြား ဦးဦးဖျားဖျား ရခဲ့သလို "ဆရာမကြီးဒေါ်သန်းဆွေ သည် မြန်မာစာပေ စနစ်တကျ ဖွံ့ဖြိုး တိုးတက်အောင် ကြံဆောင်ရာတွင် စံနမူနာ ယူထိုက်လှသော စာပေမိခင်ကြီး တစ်ဦးဖြစ်ကြောင်း" ဦးသန်းထွတ် ပါမောက္ခ (ငြိမ်း) ပညာရေးတက္ကသိုလ်က ဂုဏ်ပြုခဲ့၏။

ပြုစုခဲ့သောစာပေများ[ပြင်ဆင်ရန်]

ဆရာမကြီးသည် စာပေ တာဝန် ထမ်းဆောင်ခဲ့စဉ် ကာလတစ်လျောက်လုံးတွင် သုတေသနစာတမ်းများ၊ ဆောင်းပါးများလည်းရေးသားပြုစုခဲ့သည်။ မဂ္ဂဇင်း ဆောင်းပါးများ၊ ယဉ်ကျေးမှု စာစောင် နှင့် ဂျာနယ်တွင် ဆောင်းပါးများ ရေးသားခဲ့သည်ဟူ၍ စာရေးဆရာမ မြမဉ္ဇူက ဆိုသည်။ ရာဇကုမာရ် မွန် ကျောက်စာ လေ့လာချက်၊ ပျူစာ၊ ခင်ဘ ရွှေပေချပ် ဓာတ်ပုံများ၊ ပျူစာ၊ ခင်ဘ ရွှေပေချပ် လေ့လာချက်များကို စာအုပ်အဖြစ် ရေးသားထုတ်ဝေခဲ့သည်။

ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် စာတော်ဖတ် တာဝန်ကို ထူးခြားစွာ ထမ်းဆောင်ခဲ့သည်။ ရှင်မဟာသီလဝံသ ၏ဆုတောင်းခန်းပျို့၊ ရှင်မဟာရဋ္ဌသာရ ၏ ဘူရိဒတ် ဇာတ်ပေါင်း ပျို့နှစ်စောင်ကို တည်းဖြတ်ခဲ့သည်။ ဆရာမကြီး ဖတ်ကြားခဲ့သော သုတေသနစာတမ်း ခုနှစ်စောင် တိတိရှိသည်။

  1. ၁၉၆၉၊ မြန်မာနိုင်ငံသုတေသနဆွေးနွေးပွဲတွင် ရွှေစည်းခုံမွန်ကျောက်စာလေ့လာချက် (စကားလုံး) စာတမ်း၊
  2. ၁၉၇၀၊ မြန်မာနိုင်ငံသုတေသနဆွေးနွေးပွဲတွင် ရွှေစည်းခုံ မွန်ကျောက်စာလေ့လာချက် (ဖွဲ့ထုံးနှင့်အကြောင်းအရာ) စာတမ်း၊
  3. ၁၉၇၂၊ မြန်မာနိုင်ငံ သုတေသန ဆွေးနွေးပွဲတွင် မြန်မာစကားပြေ ၌ အသုံးအတွင်ဆုံး စကားများစာတမ်း၊
  4. ၁၉၈၁၊ မြန်မာနိုင်ငံသုတေသနဆွေးနွေးပွဲတွင် မြန်မာအက္ခရာပုံသမိုင်းစာတမ်း-၁ (မြန်မာစာဌာနလုပ်အားပါဝင်သည်)၊
  5. ၁၉၈၂၊ မြန်မာနိုင်ငံသုတေသနဆွေးနွေးပွဲတွင် မြန်မာအက္ခရာပုံသမိုင်းစာတမ်း-၂၊
  6. ၁၉၈၂၊ မြန်မာနိုင်ငံသုတေသန သူငယ်တန်း မြန်မာဖတ်စာလေ့လာချက်၊ စာတမ်း၊
  7. ၁၉၇၆၊ ဟံသာဝတီ သတင်းစာတိုက် ဘိုးဝဇီရ စနေစာပေဝိုင်းတွင် မြန်မာစကားနှင့်သုံးကြိမ်နှုန်းစာတမ်း။

ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်စဉ်တွင် မဟာဝိဇ္ဇာကျမ်းပေါင်း (၆၀) ကျော်တို့ကိုလည်း သဘာပတိအဖြစ်ပြီးစီးအောင်ဆောင်ရွက်ခဲ့သည်။

အထွေထွေ လုပ်ဆောင်မှုများ[ပြင်ဆင်ရန်]

ဆရာမကြီးဒေါ်သန်းဆွေသည်စာပေလုပ်သားအဖွဲ့တွင်ကမာရွတ်မြို့နယ်စာပေလုပ်သားအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစာပေလုပ်သားအဖွဲ့နာယကဖြစ်ခဲ့သည်။ နှင်းဆီကုန်းဘိုးဘွားရိပ်သာစောင့်ရှောက်ရေးအဖွဲ့၊ အဖွဲ့ဝင်ဖြစ်၍အမှုဆောင်အဖြစ်ရှစ်နှစ်မြောက်ဆောင်ရွက်ခဲ့သည်။ တတိယအကြိမ်ပြည်သူ့လွှတ်တော်တွင်မြစ်သားမြို့နယ်ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခဲ့သည်။ ဆရာမကြီးသည်စာပေတာဝန်ထမ်းဆောင်ခဲ့စဉ်တစ်လျောက်ဘာသာစာပေဆောင်းပါးများ၊ စာပေသုတေသနစာတမ်းများကိုရေးသားပြုစုပြီးစာတမ်းဖတ်ကြားခြင်း၊ စာပေမဂ္ဂဇင်းစသည်တို့တွင်အမည်ရင်းဖြင့်လည်းကောင်း၊ မြမဉ္ဇူဟူသောကလောင်အမည်ဖြင့်လည်းကောင်းရေးသားခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာစာပေမိခင်ကြီးတစ်ဦး။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 ၊ 2012 တွင် ပြန်စစ်ပြီး။Jan 2012 တွင် ပြန်စစ်ပြီး။

ပညာရေး ဝန်ကြီးဌာန မြန်မာစာနှင့် ဘာသာစကားပညာရေးဦးစီးဌာန Archived 28 October 2019 at the Wayback Machine.