သန့်ရှင်းသော သောက်သုံးရေ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

သန့်ရှင်းသော သောက်သုံးရေသည် အနည် အမှုန် ကင်းရသည်။ အရောင် အဆင်း၊ အနံ့ အရသာ ကင်းရသည်။ ကျန်းမာရေး ထိခိုက်စေသော ပိုးများနှင့် ဓာတ်သတ္တုများ ကင်းရမည်။ အနည် အမှုန်များတွင် ရောဂါပိုးများ ခိုကပ်နေသည်။ သံဓာတ်၊ ထုံးဓာတ်ကဲ့သို့ ဓာတ်သတ္တုများလည်း ပါရှိနေသည်။ ယင်းကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်သည်။

မာတိကာ

ရေကို အနည်ထိုင်အောင် ပြုလုပ်ခြင်း[ပြင်ဆင်ရန်]

ရေကို အနည်ထိုင်အောင် ပြုလုပ်ခြင်းသည် ကောင်းပါသည်။ အရပ်ဒေသအလိုက် ရေကို အနည်းထိုင်အောင် လုပ်နိုင်သည့် နည်းအမျိုးမျိုးရှိသည်။ ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။

(က) ညသိပ်ရေ အသုံးပြုခြင်း[ပြင်ဆင်ရန်]

ရေခပ်ထားပြီး ညသိပ်လိုက်လျှင် အနည်အမှုများ ထိုင်သွားပါသည်။ အပေါ်ရေကြည်ကို ကဲ့ပြီးသုံးလျှင် ရောဂါပိုးအတော်များများ လျော့ပါးသွားပြီး ဖြစ်သော်ကြောင့် သုံးရေအဖြစ် သုံးနိုင်သည်။

(ခ) မြေပဲဆံအစိမ်း၊ ရေကြည်စေ့၊ ဒန့်ဒလွန်စေ့ခြောက် အမှု့န်များ အသုံးပြုခြင်း[ပြင်ဆင်ရန်]

မြေပဲဆံအစိမ်း၊ ရေကြည်စေ့၊ ဒန့်သလွန်စေ့ခြောက်အမှုန့်များကို အသုံးပြုပြီး ရေကို မြန်မြန် အနည်းထိုင်စေသည့် နည်းများသည်လည်း အကျိုးရှိသည်။

(ဂ) ကျောက်ချဉ်မှုန့်ဖြူးခြင်း[ပြင်ဆင်ရန်]

ကျောက်ချဉ်မှုန့်ဖြူးခြင်းသည် ရေကို မြန်မြန် အနည်ထိုင်စေပြီး ရောဂါပိုးများစွာကို သေစေသည်။

ရေထဲမှ ရောဂါပိုးများကို ဖယ်ရှားခြင်း[ပြင်ဆင်ရန်]

ရေထဲမှ အနည်အမှုန့်များကို စစ်ထုတ်လိုက်ခြင်းသည် မြင်သာသည့် ရေညစ်ညမ်းမှုကို ဖယ်နိုင်သည်။ သို့သော် မျက်စိဖြင့် မမြင်နိုင်သော ရောဂါပိုးများ၊ ရေထဲပျော်ဝင်နေသော ဓာတ်သတ္တုများ ရှိနေနိုင်သည်။ ယင်းတို့ကို ဖယ်ရှားနိုင်မှ ကျန်းမာရေးနှင့် ညီညွတ်သော ရေကို ရရှိနိုင်သည်။ ရေထဲတွင် ပိုးအမျိုးမျိုးရှိနိုင်သည်။ ယင်းထဲတွင် လူ့မစင်က လာသည့် ပိုးများသည် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်သည်။ အထူးသဖြင့် ဝမ်းရောဂါ၊ ပိုလီယိုရောဂါ၊ အသည်းရောင်ရောဂါ၊ အူရောင်ငန်းဖျား၊ ဝမ်းပျက် ဝမ်းလျှော ရောဂါများ ဖြစ်စေနိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။ ရောဂါပိုးပါဝင်သည့် ရေကြောင့် ရောဂါများပျံ့နှံနိုင်ပြီး လူအများအပြားကို ကပ်ရောဂါသဖွယ် ကူးစက် နိုင်သည်။ ယင်းကြောင့် ရေထဲတွင် ရောဂါပိုးများကို ဖယ်ရှားရမည်။

(က) ရေကို ဆူပွက်အောင် ကျိုချက်ခြင်း[ပြင်ဆင်ရန်]

ရေကို ပွက်ပွက်ဆူအောင် ကျိုချက်ပြီး ရေနွေးအဖြစ် သောက်သုံးခြင်း၊ လက်ဖက်ရည်ကြမ်းအဖြစ် ၊ ရေကျက်အေးအဖြစ်သောက်သုံးခြင်းသည် ရောဂါပိုးများကို ကင်းစင်စေပြီး ကျန်းမာနိုင်သည်။

(ခ) ရေကို ကျောက်ချဉ်ခပ်သောက်ခြင်း[ပြင်ဆင်ရန်]

ရေတစ်စည်ကို ကျောက်ချဉ်ငါးကျပ်သား ခပ်ခြင်းအားဖြင့် ရေထဲရှိ ရောဂါပိုး အများစုကို သေစေနိုင်သည်။ မသေပဲ ကျန်ရှိခဲ့သည့် ရောဂါပိုးတစ်ချို့သည်လည်း အနည်ထိုင်သည့် အထဲမှာ ပါသွားသည်။ ရေကို ကျောက်ချဉ်ခပ်ပြီး သောက်ခြင်းသည် စရိတ်သက်သာပြီး ကျန်းမာနိုင်သည်။

(ဂ) ရေကို နေပြခြင်း သို့မဟုတ် နေလှန်ခြင်း[ပြင်ဆင်ရန်]

ရေကို စစ်ပြီး ကြည်လင်သည့် ကော်ဘူး၊ ဖန်ပုလင်း စသည့်တို့တွင် ထည့်ပြီး နှစ်ရက်ခန့် နေလှန်းနိုင်လျှင် ရောဂါပိုး တစ်ချို့ သေသွားနိုင်သည်။ ငွေမကုန်ပဲ ရေသန့်သောက်နိုင်သည့် နည်းတစ်ခု ဖြစ်သည်။ တစ်နေ့ခန့်သာ နေပြပြီး ပိုးသန့်ချင်လျှင် ပလပ်စတစ် ရေသန့်ဘူး(အကြည်)ဘူးခွံကို ဆေးအနက် တစ်ခြမ်း အပြင်မှ သုတ်ပြီး ရေကြည်ထည့်ပြီး နေလှန်းရပါမည်။ မနက်မှ နေစလှန်းလျှင် ညနေမှာ ရောဂါပိုး သန့်ပြီး ဖြစ်သွားမည်။

(ဃ) ရေကို ဆေးခပ်သောက်ခြင်း[ပြင်ဆင်ရန်]

ကလိုရင်းဆေးရည် ဆေးပြားများကို ရေထဲတွင် ခပ်လိုက်ပါက ရောဂါပိုးများ သေကုန်သည်။ ဝမ်းနှင့် ပတ်သက်သည့် ကပ်ရောဂါများ ဖြစ်လာသည့်အခါ အများသုံး သောက်ရေထဲတွင် ဆေးခပ်နိုင်က ပိုကောင်းသည်။ ပုံမှန် အမြဲတမ်း ဆေးခပ်နေခဲ့လျှင် ဆေးမှာပါသည့် ဓာတ်များကြောင့် ကျန်းမာရေးထိခိုက်နိုင်သည်။

(င) ရေကို မြေစစ်အိုးဖြင့် စစ်ခြင်း[ပြင်ဆင်ရန်]

မြေရေစစ်အိုး (Ceramic Filter) ကို ရောဂါပိုး ဖယ်ထုတ်ရန်၊ ရောဂါပိုး ကင်းစင်စေရန် နည်းပညာအသစ်များဖြင့် အလွယ်တကူ ပြုလုပ်ထားသည်။ ဈေးမှာလည်း ချိုသာသည်။ စနစ်တကျ အသုံးပြုလျှင် သောက်ရေသာမက သုံးရေကိုပါ သန့်စင်အောင် ပြုလုပ်နိုင်သည်။

ရေထဲမှ ကျန်းမာရေးထိခိုက်နိုင်သည့် ဓာတ်သတ္တုများကို ဖယ်ရှားခြင်း[ပြင်ဆင်ရန်]

ရေကို ကျိုချက်ခြင်းဖြင့် ဓာတ်သတ္တု အချို့ကို ဖယ်ရှားနိုင်သည်။ ထုံးဓာတ်ကို ဖယ်ရှားနိုင်သည့်အတွက် ထုံးဓာတ်များသည့်ရေကို ကျိုချက်ပြီး သောက်သုံးသင့်သည်။ ရေကို လေဖြင့် ထိတွေ့စေခြင်းဖြင့် ဓာတ်သတ္တု အချို့ကို ဖယ်ရှားနိုင်သည်။ ရေထဲတွင် ပျော်ဝင်နေသည့် သံဓာတ်များကို ယင်းနည်းဖြင့် ဖယ်ရှားနိုင်သည်။ ရေကို လေဖြင့် ထိတွေ့စေနိုင်သည့် နည်းလမ်းများစွာရှိသည့်အနက် သဲရေစစ်အိုးများသည် အလွယ်ဆုံးဖြစ်ပြီး ငွေမကုန်ပဲ သံဓာတ်များ လျော့ပါးစေနိုင်သည်။ ရေကို အနည်ထိုင်စေခြင်းဖြင့် ဓာတ်သတ္တုအချို့အနည်ထဲသို့ ပါသွားသည်။ အခြားနည်းလမ်းများ ရှိသေးသော်လည်း လုပ်ကိုင်ရခက်ခဲသည်။

သဘာဝအတိုင်း သန့်ရှင်းသည့်ရေ[ပြင်ဆင်ရန်]

(က) မိုးရေ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံသည် လေထုညစ်ညမ်းမှုများသည့် နိုင်ငံမဟုတ်သည့်အတွက် မိုးရေသည် သန့်သည်။ မိုးပေါ်မှ ကျလာသောကြောင့် ရောဂါပိုးများလည်း မပါနိုင်ပေ။ အနည်အမှုန်များ၊ ဓာတ်သတ္တုများလည်း မပါဝင်ပေ။ မိုးရေခံသည့် ပစ္စသည်း သန့်ရှင်မှုမရှိလျှင် ကျန်းမာရေး ထိခိုက်နိုင်သည်။ သက်ကယ်၊ ဓနိစသည့် အမိုးများနှင့် မိုးရေခံလျှင် အမှုန်များ၊ ဖုံများ၊ ငှက်ချေးများဖြင့် မိုးရေကို ညစ်ညမ်းစေနိုင်သည်။ မိုးဖြိုင်ဖြိုင်ရွာပြီးမှ သွပ်မိုးပေါ်က ခံယူသည့် မိုးရေ၊ စင်အောင် ဆေးကြောထားသည့် ပလပ်စတစ်ပေါ်မှ ခံယူထားသည့် မိုးရေတို့သည် သန့်ရှင်းနိုင်သည်။ မိုးရေခံခွက် သန့်ရှင်းရန်လည်း လိုအပ်သည်။

(ခ) စိမ့်စမ်းရေ[ပြင်ဆင်ရန်]

တောင်ပေါ်ဒေသများတွင် စမ်းပေါက်မှ ထွက်လာသည့် စမ်းရေသည် သန့်ရှင်းသည်။ သို့သော် စမ်းပေါက်ကို သန့်ရှင်းအောင် ကာကွယ်မထားခဲ့လျှင် ချက်ခြင်းညစ်ညမ်းသွားနိုင်သည်။ စမ်းရေထွက်ပေါက်များအထက်ပိုင်းမှ လူ၊ တိရစ္ဆာန်များ၏ အညစ်အကြေးများရှိနေခဲ့လျှင် စမ်းရေထဲသို့ ရောဂါပိုးများ ဝင်ရောက်သွားနိုင်သည်။ စမ်းချောင်းတစ်လျှောက်တွင်လည်း အညစ်အကြေးများ၊ ရောဂါပိုးများ ဝင်ရောက်လာနိုင်သည်။

(ဂ) မြေအောက်ရေ[ပြင်ဆင်ရန်]

လက်ရိုက်တွင်း၊ အဝီစီတွင်းတူးပြီး မြေအောက်ရေကို ထုတ်ယူ အသုံးချနိုင်သည်။ လက်နှိပ်တုံကင် နှင့်ဖြစ်စေ၊ မော်တောတပ်နှင့်ဖြစ်စေ အလွယ်တကူ ငင်ယူနိုင်သည်။ မြေအောက်ထဲမှ လာသည့်အတွက် ရောဂါပိုးများ မပါဝင်ပါ။ သို့သော် မြေအနေအထားကို လိုက်ပြီး ထုံးဓာတ်၊ သံဓာတ်၊ အားဆင်းနစ်ဓာတ်နှင့် ဓာတ်ဆားများ ပါလာနိုင်သည့်အတွက် အန္တရယ်ကင်းကင်း ရေကို စစ်ကြည့်ပြီးမှ စိတ်ချလက်ချ အသုံးပြုသင့်သည်။ တုံကင်ကို သုံးတဲ့နေရာတွင် လူတွေ သန့်ရှင်းမှုမရှိလျှင် စက်ရေတွင်း၏ ပတ်ဝန်းကျင်တွင် ညစ်ပတ်နေလျှင် ရောဂါပိုးများ ဝင်နိုင်သည်ကိုလည်း သတိချပ်သင့်သည်။

တိုက်ရိုက်သောက်သုံးရန် မသင့်သည့်ရေ[ပြင်ဆင်ရန်]

တိုက်ရိုက်သောက်သုံးရန် မသင့်သည့် ရေတို့မှာ ချောင်းရေ၊ မြစ်ရေ၊ ကန်ရေ၊ လက်ယက်တွင်းမှရေ၊ ရိုးရိုးတွင်းရေ တို့ဖြစ်သည်။

ရေထဲသို့ ရောဂါပိုးများ မဝင်ရောက်အောင် ကာကွယ်ခြင်း[ပြင်ဆင်ရန်]

သောက်ရေခပ်မည့် လက်ကို ဆပ်ပြာနဲ့ စင်ကျယ်အောင်ဆေးပြီးမှ ရေခပ်ခြင်း၊ ရေခပ်မည့် ပုံးနှင့် ကြိုးအား ဖုံနှင့် ရောဂါပိုးများ မဝင်နိုင်အောင် ဂရုစိုက်ခြင်း၊ အများသုံးပုံး၊ ကြိုး တစ်စုံတည်းကို စက်သီးဖြင့် ဖြစ်စေ၊ မောင်းတက်နဲ့ဖြစ်စေ သုံးပြီး ရေခပ်ခြင်း၊ ရေသယ်သည့် ပုံးမှ ဖုံများ၊ ရောဂါပိုးများ မပါအောင် ဂရုစိုက်ခြင်း၊ ရေသယ်ရာတွင် မဖိတ်စင်အောင် ဖုံးအုပ်သည့် ပစ္စည်းများကို သန့်ရှင်းအောင် ဆေးကြောပြီးမှ ဖုံးအုပ်ခြင်း၊ ရေသယ်မည့်လူ၊ ယာဉ်၊ တိရစ္ဆာန်များသည် ခပ်မည့်ရေပေါ်သို့ ဝင်ရောက်ပြီး မခပ်ခြင်း တို့သည် ရေထဲသို့ ရောဂါပိုးများ မဝင်ရောက်အောင် ကာကွယ်ခြင်းဖြစ်သည်။ ထို့အပြင် ရေထွက်ပင်ရင်းနားမှ ရေချိုးခြင်း၊ အဝတ်လျှော်ခြင်း မပြုလုပ်ရန်၊ ရေအိုင်၊ ဗွက်အိုင် မဖြစ်အောင် ကာကွယ်ခြင်း၊ တိရစ္ဆာများ မဝင်နိုင်အောင် ကာကွယ်ခြင်းနှင့် ရေထွက်ပင်ရင်းမှ အနည်းဆုံး ပေ ၅၀ ခွာပြီးမှ အိမ်သာဆောက်ခြင်းတို့သည်လည်း အရေးပါသည်။

ကိုးကား[ပြင်ဆင်ရန်]

ယူနီဆက်၏ ပံ့ပိုးမှုဖြင့် ဗဟိုကျန်းမာရေးပညာဌာန သန့်လေးသန့် စီမံချက်မှ ထုတ်ဝေသည့် လက်ကမ်းစာအုပ်ငယ်