သတ္တုမီးတိုက်ဆက်ခြင်း

ဝီကီပီးဒီးယား မှ

သတ္တုမီးတိုက်ဆက်ခြင်း[ပြင်ဆင်ရန်]

သတ္တုမီးတိုက်ဆက်ခြင်း(ဝဲလဒင်း) ဆိုသည်မှာသတ္တုများကို အရည်ပျော် လာသည် အထိအပူတိုက်ပေးပြီးနောက် ဖိအားဖြင့်ဆက်ခြင်းကိုဆိုသည်။ သို့ဖြင့်မျိုးတူသတ္တုများကိုတစ်သားတည်းဖြစ်သွားအောင် ဆက်ပေးနိုင်သည်။

ရှေးအခါကသတ္တုမီးတိုက်ဆက်ခြင်းကိုလူတို့သည် အကျိုးရှိရှိနှင့်အသုံးပြုရမှန်းမသိခဲ့ကြပေ။ ပထမကမ္ဘာစစ် ဖြစ်လာချိန်တွင် သတ္တုထည်များကို မြန်နိုင်သမျှမြန်အောင်ပြုလုပ်ရန်လိုအပ်လာသည့်အခါကျမှ ဤနည်းသည်အရေးတကြီးခေတ်စားခဲ့သည်။ သို့သော်ထိုအချိန်က ပစ္စည်းအသေးအဖွဲပြုလုပ်သည့်လုပ်ငန်း များတွင်သာအသုံးပြုခဲ့ကြသေး၏။ ၁၉၄ဝ ပြည့်နှစ်ကျော်လွန်လာမှ ဤနည်းကိုမီးရထား၊ သင်္ဘော အဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းမှစ၍ မရေတွက်နိုင်အောင်များပြားသည့်လုပ်ငန်းများတွင်ထည့်သွင်း အသုံးပြုလာကြသည်။ ဤနည်းသည်ယခင်က အသုံးပြုခဲ့ကြသော ရဗစ်ရိုက်နည်း၊ဇာဝီစုတ်နည်းတို့ထက် သာလွန်ကောင်းမွန်သည်ကိုလည်းတွေ့လာကြသည်။

သတ္တုမီးတိုက်ဆက်ခြင်းကို(၁)ပန်းဘဲဖိုဆက်နည်း၊ (၂)မီးစွယ်ဆက်နည်း၊(၃)ဓာတ်ငွေ့ဆက်နည်း၊(၄)လျှပ်စစ်ခုခံအား ဆက်နည်းနှင့် (၅)သာမိုက်ဆက်နည်း ဟူ၍အဓိကအားဖြင့်ငါးမျိုးခွဲခြားနိုင်သည်။

ပန်းဘဲဖိုဆက်နည်း ။ ။ ရှေးအကျဆုံးဆက်နည်းမှာ ပန်းဘဲဖိုဆက်နည်းပင်ဖြစ်၏။ ခရစ် ၁၈၉ဝ ပြည့်နှစ်ခန့်တိုင်အောင်လူတို့သည်ဤနည်းတစ်ခုတည်းဖြင့်သာ သတ္တုများကိုဆက်ခဲ့ကြ၏။ ယခုအခါတွင် လည်းဤနည်းကိုအထိုက်အလျောက် သုံးစွဲနေကြဆဲဖြစ်သည်။ ဆက်ပေးပုံမှာဆက်လိုသည့်သတ္တုမျက်နှာပြင်များကို သင့်တော်အောင်ပြုလုပ်ပြင်ဆင်ပြီးနောက် ထိုအစိတ်အပိုင်းများကိုဖို်ထဲ၌မီးပြင်းတိုက်၍မီးဖုတ်ပေးရသည်။ ထိုနောက်လက်ချားကဲ့သို့သောအဖျော်ကူပစ္စည်းတစ်ခုခုကို အနည်းငယ်ဖြူးပေးပြီးသော် တူဖြင့်ထု ရိုက်ဖြင့်ဖြစ်စေ၊ သို့မဟုတ်အခြားနည်းဖြင့်လှိမ့်ပေးဖိညှစ်ပေး၍ ဖြစ်စေဆက်ယူရလေသည်။

မီးစွယ်ဆက်နည်း ။ ။ ဤနည်းတွင် လျှပ်စစ်ဓာတ်နှင့်ဖန်တီးပေးရသော လျှပ်စစ်မီးစွယ်ဖြင့် သတ္တုကိုအရည်ပျော်စေ၍ဆက်ပေးသည်။ ဆက်ပေးရမည့်နေရာတွင်သတ္တုသားသွင်းပေးရန်အတွက် သင့် တော်သောသတ္တုများဖြင့် ပြုလုပ်ထားသည့် အသားသွင်းသတ္တုချောင်းကို အသုံးပြုလေ့ရှိကြ၏။ ရှေးဦးစွာ ဆက်လိုသည့်နေရာကိုနေသားတကျစီစဉ်ပြီးသော် ထိုအဆက်နှင့်သင့်တော်သောအသားသွင်းသတ္တုချောင်း တစ်ခု၏ စပ်ကြားတွင် လျှပ်စစ်မီးစွယ်ကိုကူးစေသည်။

သတ္တုချောင်းကိုသင့်တော်သော အဖျော်ကူပစ္စည်း တစ်ခုခုဖြင့် ဖုံးအုပ်မွမ်းမံထားလေ့ရှိသည်။ လျှပ်စစ်မီးစွယ်ကြောင့် ဖြစ်ပေါ်လာသောအပူချိန်မှာ ဖာရင်ဟိုက် ဒီဂရီ ရ၅ဝဝ ပင်ကျော်တတ်သေး၏။ ထိုအပူရှိန်ကြောင့် ဆက်ပေးရမည့်နေရာရှိသတ္တုနှင့်တစ်ကွသတ္တုချောင်းပါ အရည်ပျော်ပြီးသော် သတ္တုချောင်းမှသတ္တုရည်သည် အဆက်နေရာသို့ဝင်သွား၍ဆက်ပေးရမည့် သတ္တုအချင်းချင်းကိုတစ်သားတည်းဖြစ်အောင်ဆက်ပေးလေသည် အက်တမ်မစ်ဟိုက်ဒြိုဂျင်မီးစွယ်ဆက်နည်းဟုခေါ်သော နည်းတွင် တန်စတင်(အဖြိုက်နက်)ဖြင့်ပြု လုပ်ထားသည့် ဓာတ်ခေါင်းနှစ်ခုကြား၌ မီးစွယ်ကူးစေ၍ ထိုမီးစွယ်ကြားထဲသို့ဟိုက်ဒြိုဂျင်ဓာတ်ငွေ့ လွှတ်ပေးသည်။ ထိုအခါဟိုက်ဒြိုဂျင်မော်လီကျူးတို့သည် ဟိုက်ဒြိုဂျင်အက်တမ်အဖြစ်သို့ကွဲထွက်သွားပြီး နောက် မီးစွယ်ကိုကျော်လွန်ချိန်တွင်အက်တမ်အဖြစ်ကွဲထွက်စဉ်က စုတ်ယူထားသည့်အပူဓာတ်ကိုပြန် လည်စွန့်ထုတ်ပေးရင်း မော်လီကျူးအဖြစ်ပြန်လည်ပူးပေါင်းသွားကြသည်။ ဟိုက်ဒြိုဂျင်သည်မီးလောင်၍ ထိုမီးတွင်သတ္တုသားသွင်းပေးမည့်နန်းကြိုးကို အရည်ပျော်စေရသည်။ ဤသတ္တုရည်က တဖန်သတ္တုကိုဆက်ပေးသည်။

ဤနည်းဖြင့်ဆက်ယူသည့်အဆက်မျိုးသည်မူလအထည်နှင့် ခွဲ၍မရလောက်အောင်ပင် ကောင်းမွန်သည်ကိုတွေ့ရလေသည်။ ဓာတ်ငွေ့ဆက်နည်း။ ။ဤနည်းတွင်အဆက်တီလင်း ဓာတ်ငွေ့ကိုအောက်ဆီဂျင်ဓာတ်ငွေ့ဖြင့် ပေါင်းစပ်မီးရှို့ပေး၍ သတ္တုများကိုအရည်ပျော်အောင်ပြုလုပ်ပြီးလျှင်ဆက်ယူရသည်။ ထိုအတွက်အောက်ဆီအဆက်တီလင်းသတ္တုဆက်မီးခွက်ခေါ် မီခွက်တစ်မျိုးကိုအသုံးပြုကြရ၏။ ဖြစ်ပေါ်သည့်အပူချိန်မှာ ဖာရင် ဟိုက်အပူချိန်ဒီဂရီ ၅၅ဝဝဝ ခန့်ပြင်းထန်သည် ဟုဆိုသည်။ တစ်ခါတစ်ရံတွင်လည်း အောက်ဆီဂျင်နှင့်အဆက်တီလင်းအစား ဟိုက်ဒြိုဂျင်တစ်ခုတည်းကိုသော်လည်းကောင်း၊ ဟိုက်ဒြိုဂျင်နှင့် အောက်ဆီဂျင်ကို တွဲဖက်၍သော် ၎င်းအသုံးပြုကြသည်၊ ဤနည်းကိုများသောအားဖြင့်မီးရထားသံလမ်းများနှင့် ပိုက်လုံးများဆက်ရာ၌သုံး လေ့ရှိကြသည်။

လျှပ်စစ်ခုခံအားဆက်နည်း။။ဤနည်းကိုလွန်ခဲ့သောနှစ်ပေါင်း ၅ဝခန့်ကအယ်လီဟျူးသွန်မဆင်ဆိုသူကစတင်တီထွင်ခဲ့သည်။ ဤနည်းတွင်ဆက်လိုသည့်အစိတ်အပိုင်းများကို လိုအပ်သလိုပြုပြင်၍ အားနှင့်ဖိထားပြီနောက် အားကောင်းသောလျှပ်စစ်ဓာတ်စီးကိုစီးဖြတ်စေသည်။ ပစ္စည်းတစ်ခုတွင်လျှပ်စစ် ဓာတ်စိီးဖြတ်သောအခါ လျှပ်စစ်ဓာတ်မစီးနိုင်အောင်ခုခံသည့်သဘောသည် ပစ္စည်းတိုင်းတွင်ရှိသည်။ ခုခံမှုကြောင့်အပူဓာတ်ကိုဖြစ်ပေါ်စေ၍ ခုခံမှုအားကြီးလျှင်အပူရှိန်သည်ပိုမိုကြီးမားလာသည်။ ဤနေရာ၌ ဆက်ပေးရမည့်နေရာတွင်ရှိသောခုခံအားသည် ကျန်နေရာများမှာထက်ပို၍ ကြီးသည်။ ထိုကြောင့်လျှပ်စစ် ဓာတ်စီးဖြတ်ချိန်၌ဖြစ်ပေါ်လာသောအပူရှိန်သည် ဆက်ပေးရမည့်နေရာတွင်ပို၍ကြီးမားပြင်းထန်သည်။ နောက်ဆုံးတွင်ထိုနေရာ၌ သတ္တုအရည်ပျော်လာသည်။

ထိုအခါယခင်ကထက်တိုးတက်ဖိနှိပ်ပေးရ၍ ထိုသို့ ဖိနှိပ်ပေးမှုကြောင့်သတ္တုချင်းဆက်သွားလေသည်။ သာမိုက်ဆက်နည်း။ ။ သာမိုက်ဟူသောဝေါဟာရမှာ အလျူမီနီယမ်နှင့်အိုင်းယန်းအောက်ဆိုက်ကို အမှုန့်ပြု၍ရောထားသည့်ပစ္စည်းရောကိုခေါ်သည့်ကုန်သည် သုံးအမည်ဖြစ်၏။ အလျူမီနီယမ်တွင်အောက် ဆီဂျင်ကိုဆွဲငင်တတ်သောဓာတ်ဆွဲသတ္တိရှိသည်။

ထိုကြောင့်သာမိုက်ကိုမီးစွဲလောင်အောင် မီးရှို့ပေးသောအခါ အလျူမီနီယမ်နှင့်အောက်ဆီဂျင်တို့ပေါင်းစပ်သွားပြီးနောက် လွတ်ကျန်နေသောသံသည် ဖာရင်ဟိုက်အပူချိန် ဒီဂရီ ၅ဝဝဝ ခန့်ဖြင့်အရည်ပျော်နေသောသံမဏိဖြစ်သွားသည်။ သံကိုသံချင်းဆက်ရာတွင်အဆိုပါသံမဏိရည်က ဆက်ပေးခြင်းဖြစ်၏။ဤနည်းတွင်ရှေးဦးစွာဆက်လိုသည့်နေရာ၌ ဆက်ပေးမည့်ပုံအတိုင်းဖ ယောင်းပုံလုပ်ပေးပြီးနောက် ဖယောင်းပေါ်၌သဲဖြင့်ပုံ၍ သဲပုံစံခွက်ရအောင်ပြုလုပ်ပေးရသည်။

ထိုနောက်ပုံစံခွက်ပေါ်၌ သာမိုက်ထည့်ထားသောလုံကိုတင်၍ စီးကျလာမည့်သံမဏိရည်သည်ပုံစံခွက်ထဲသို့ဝင်အောင် အံကိုက်စီမံထားရသည်။ အားလုံးအသင့်ဖြစ်သောအခါ ပုံစံခွက်အတွင်းရှိဖယောင်းသည်ပျော်သွားရုံသာမက ဆက်ရမည့်အစိတ်အပိုင်းများကိုနီရဲလာသည်အထိ အပူတိုက်ပေးရသည်။ ထိုနောက် လုံထဲ၌ ထည့် ထားသောသာမိုက်ကို မီးရှို့လိုက်သောအခါ ၂၅စက္ကန့်မှ ၃၅ စက္ကန့်အချိန်အတွင်းမှာပင် သံမဏိ ရည်ပေါ်လာသည်။ ထိုအခါလုံအောက်ဘက်ရှိပြွန်ခေါင်းကိုဖွင့်ပေးရ၏။

လုံထဲမှစီးကျလာသော သံမဏိ ရည်သည်ပုံစံခွက်ထဲသို့ ဝင်ရောက်သွား၍ဆက်လိုသည့်သတ္တုအချင်းချင်းကို တစ်သားတည်းကျအောင်ဆက်ပေး သွားလေသည်။ ဤနည်းကိုများသောအားဖြင့်ဓာတ်ရထားသံလမ်းများ ဆက်ရာ၌အသုံးပြုလေ့ရှိကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)