သတိုးပီယ (စာရေးဆရာ)

ဝီကီပီးဒီးယား မှ
သတိုးပီယ
အမည်ရင်းဦးချစ်စရာ
မွေးဖွား၁၈၉၉
ပျဉ်းမနားမြို့ ရှမ်းကျောက်တောင်ရပ်
ကွယ်လွန်၁၉၂၇-ခု ဇူလိုင်လ ၂၉ ရက် သောကြာနေ့
ပျဉ်းမနားမြို့
အလုပ်အကိုင်ကျောင်းဆရာ၊ စာရေးဆရာ၊ ကဗျာဆရာ
လူမျိုးဗမာ
နိုင်ငံသား မြန်မာ
မိဘဦးပန်းဘူး+ ဒေါ်လှိုင်
ကိုးကွယ်မှုဗုဒ္ဓဘာသာ

သတိုးပီယ [၁၈၉၉-၁၉၂၇][ပြင်ဆင်ရန်]

ပျဉ်းမနားမြို့ ရှမ်းကျောက်တောင် အရပ်တွင် အဖ ဦးပန်းဘူး၊ အမိ ဒေါ်လှိုင် တို့က ၁၈၉၉-ခု (ဦးချစ်စရာ စာစု စာရင်းတွင် ၁၉ဝဝ ပြည့်ဟု ဖော်ပြသည်) တွင် ဖွားမြင် ခဲ့သည်။ မွေးချင်း ညီအစ်ကို မောင်နှမ ခြောက်ဦး ရှိသည့် အနက် ဒုတိယမြောက် သား ဖြစ်သည်။ အမည်ရင်းမှာ ဦးချစ်စရာ ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ငယ်စဉ်က ပျဉ်းမနားမြို့ တိုင်းရင်း မြန်မာကျောင်း (ဦးဝိသုဒ္ဓ ကျောင်း) တွင် စတင် သင်ယူ ခဲ့သည်။ ပျဉ်းမနား ဦးသိန်းယမ် ကျောင်းမှ ၁၉၁၈ ဖေဖော်ဝါရီလတွင် ကျင်းပသည့် ခုနစ်တန်း စာမေးပွဲ အောင်သည်။ မန္တလေး ရွှေကျီးမြင့် ဘုရား အနီး နော်မန် ကျောင်းမှ ၁၉၁၉ မတ်လတွင် ကျင်းပသော မြန်ဘာသာ ရှစ်တန်း စာမေးပွဲကို တတိယဆင့်မှ အောင်ခဲ့သည်။ ၁၉၂ဝ မတ်လတွင် စစ်ဆေးသော ကိုးတန်း စာမေးပွဲကို သမိုင်း ဂုဏ်ထူးနှင့် အောင်မြင် ခဲ့သည်။ ၁၉၂၁ တွင် မန္တလေး နော်မန် ကျောင်းမှ အလယ်တန်း ဆရာ ဖြစ်သင် အောင်မြင် ခဲ့သည်။ ကယား ပြည်နယ် ဘော်လခဲ မြို့တွင် ဆရာ အဖြစ် စတင် အမှု ထမ်းခဲ့သည်။ လယ်ဝေးသို့ ပြောင်းပြီး ဦးငွေမောင် ကျောင်းတွင် လက်ထောက် ဆရာ အဖြစ် အမှု ထမ်းပြန်သည်။ ၁၉၂၂ တွင် မိုးကုတ်သူနှင့် အိမ်ထောင် ကျပြီးနောက် မိုးကုန်မြို့ ပိတ်စွယ်ရပ် မူလတန်း ကျောင်းအုပ် ဆရာကြီး အဖြစ် လည်းကောင်း၊ ၁၉၂၄ တွင် ပျဉ်းမနားမြို့ အစိုးရ အထောက်အပံ့ခံ အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်း ဆိုင်ရာ မြန်စာ ဆရာ အဖြစ် လည်းကောင်း၊ ၁၉၂၄ တွင်ပင် ပျဉ်းမနားမြို့ ကေအီးအမ် ဗုဒ္ဓဘာသာ အထက်တန်း ကျောင်းတွင် ပုံဆွဲ ဆရာ အဖြစ် လည်းကောင်း အမှု ထမ်းခဲ့သည်။ ၁၉၂၅ ၌ ဆရာကြီး ဦးဘလွင် အုပ်ချုပ်သော ရန်ကုန် မြို့မ အထက်တန်း ကျောင်းတွင် အထက်တန်း ကဗျာ လင်္ကာနှင့် ရာဇဝင် ဆရာ အဖြစ် ဆောင်ရွက်ရင်း၊ မြန်မာ စာပေ တိုးတက်ရေး အတွက် "ဦးပုည အသင်း" ကို ဦးဆောင် ဖွဲ့စည်း ခဲ့သည်။ ထို အသင်း အတွက် မြန်မာ စာပေ ဗဟု သုတများ စုဆောင်းခြင်း၊ ကဗျာ သင်တန်း ဖွင့်လှစ် ပေးခြင်း ပြုခဲ့သည်။


၁၉၂ဝ ပြည့် ဝန်းကျင်ထုတ် သူရိယ၊ မြန်မာ့ အလင်း၊ ဒဂုန်၊ ပညာ့အလင်း စသည့် မဂ္ဂဇင်း များတွင် ကဗျာ လင်္ကာနှင့် ဆောင်းပါးများ ရေးသား ခဲ့သည်။ "ဇေယျ သတင်းစာ"၊ "မော်ဒန် ဘားမား တိုင်း သတင်းစာ"နှင့် "မြန်မာ့ ဝန်ထမ်း သတင်းစာ" များ တွင်လည်း 'ချစ်ချစ်' ကလောင် အမည်ဖြင့် ကဗျာ လင်္ကာနှင့် စာပေ ဆောင်းပါးများ ရေးခဲ့သည်။ မြန်မာစာ ညွှန်းပေါင်း ဋီကာ (၁၉၂၄)၊ ကိုးခန်းပျို့ အဖြေကျမ်း (၁၉၂၆)၊ ပုတ္တော ဝါဒ ဆုံးမစာ အဖွင့် (၁၉၂၆) ဂန္ဒီသာရပျို့ ဒီပနီ (၁၉၂၇)၊ ကဗျာ ဖွဲ့နည်းကျမ်း (၁၉၂၇)၊ လောကသာရပျို့ အဖွင့်ကျမ်း တို့မှာ ထင်ရှားသည်။ 'မြန်မာစာ ညွန့်ပေါင်း ဋီကာ' ကို ဆရာလွန်းနှင့် လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး တို့က ကြီးကြပ် ပြင်ဆင် ခဲ့သည်။ 'ကဗျာ ဖွဲ့နည်းကျမ်း' မှာ အမျိုးသား ကျောင်းသုံး ပြဋ္ဌာန်းခြင်း ခံရသည်။ စာပေ လက်ရာများ အနက် "လှည်းယဉ် ထပ်ချဲ့ လေးချိုး" နှင့် "မဲဇာ တောင်ခြေ လေးချိုးကြီး" တို့မှာ အထူး ထင်ရှားသည်။ ဦးဝန်နှင့် ဦးသိန်းဟန် ရွေးချယ် တည်းဖြတ်ပြီး တက္ဗသိုလ် စာအုပ် ထုတ်ဝေ ဖြန့်ချိရေး ကော်မတီ ရန်ကုန် တက္ကသိုလ်က ထုတ်ဝေသည့် ခေတ်သစ် ကဗျာများ (၁၉၆၂) တက္ကသိုလ် ကျောင်းသုံး စာအုပ်တွင် အဆိုပါ လေးချိုး နှစ်ပုဒ်ကို ထည့်သွင်း ခဲ့သည်။ ထို့ပြင် "လှည်းယဉ် ထပ်ချဲ့ လေးချိုး" ကို မြန်မာ့ အသံ ကျေးလက် တေးသံ ကဏ္ဍမှ မကြာခဏ ထုတ်လွှင့် ပေးခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

မြို့မ ကျောင်း၌ အမှုထမ်း နေစဉ် ၁၉၂၇ ခု ဇူလိုင်လ ၂၉ ရက် သောကြာနေ့တွင် ပျဉ်းမနား မြို့၌ အဆုတ် ရောဂါဖြင့် ကွယ်လွန် ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်၂၈နှစ် မျှသာ ရှိသေးသည်။ 'သတိုး ပီယ'၊ 'မောင်ချစ်စရာ' တို့အပြင် 'ပျဉ်းမနားက နင်းပြား' ကလောင် အမည်များ ကိုလည်း အသုံးပြု ရေးဖွဲ့ ခဲ့သည်။ [၁]

စာညွှန်း[ပြင်ဆင်ရန်]

  1. ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ် (၂ဝဝ၅ ခု၊ ဇူလိုင်)
  1. ထွန်းစိန်။ သတိုးပီယ၊ ငွေတာရီ (မေ ၁၉၆၉)။ စာ ၆၇-၆၈။
  2. မောင်မောင်အေး (စစ်ကိုင်း)။ သတိုးပီယ၏ ဘဝနှင့် စာပေ၊ စာပေဂျာနယ် (ဖေဖော်ဝါရီ ၁၉၉၅)။ စာ ၁၃၂-၁၃၄။
  3. တင်အောင်သွင်။ သတိုး ပီယ၊ မိုးဂျာနယ် (ဒီဇင်ဘာ ၂ဝဝ၂)။ စာ ၃၇-၄ဝ။
  4. မချိုချိုလွင် (သိပ္ပံဘွဲ့)။ ဦးချစ်စရာ အတ္ထုပ္ပတ္တိနှင့် စာပေ လက်ရာများ စိစစ်ချက် (၁၉၈၆)။