သတင်းအချက်အလက် တည်ဆောက်ပုံ

ဝီကီပီးဒီးယား မှ

သတင်းအချက်အလက် တည်ဆောက်ပုံ (Information Architecture) ဆိုသည်မှာ သတင်းအချက်အလက်များကို တူရာ အစုဖွဲ့ခြင်း၊ အချက်အလက် တစ်ခုနှင့် တစ်ခု ချိတ်ဆက် ဆက်သွယ်ခြင်းတို့တွင် အသုံးချနိုင်ရန် စီစဉ်ထားသည့် နည်းလမ်း စနစ်ကို သတင်းအချက်အလက် တည်ဆောက်ပုံ (Information Architecture) ဟုခေါ်သည်။

ထိရောက်သော သတင်းအချက်အလက် တည်ဆောက်ပုံစနစ်သည် လူအများကို သတင်းအချက်အလက်များ ရှာဖွေရာတွင် ကျိုးကြောင်းဆီလျှော်မှု ရှိရှိ ချိတ်ဆက်ထားသော အချက်အလက်များ အနေဖြင့် အထောက်အပံ့ ပေးထားပြီး အသုံးပြုသူ လိုချင်သော အချက်အလက်များဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ပို့ပေးနိုင်စွမ်း ရှိကြသည်။

သတင်းအချက်အလက် တည်ဆောက်ပုံ မကောင်းသည့်အခါ အသုံးပြုသူများ အနေဖြင့် သူတို့လိုချင်သော အချက်အလက်များဆီသို့ ရောက်အောင် ပို့နိုင်စွမ်း မရှိတော့ပေ။

သတင်းအချက်အလက် တည်ဆောက်ပုံ (Information Architecture) သည် ဝက်(ဘ်)ဆိုက်များနှင့် အင်တာနက်တို့တွင်သာ အသုံးများသော်လဲ အခြား သတင်းအချက်အလက် အခြေခံ လုပ်ငန်းများနှင့် သော်လည်းကောင်း ကွန်ပျူတာ စနစ်များနှင့် သော်လည်းကောင်း ဆက်စပ်မှု ရှိနေပေသည်။

သတင်းအချက်အလက် တည်ဆောက်ပုံ၏ အဆင့်ဆင့်တိုးတက်မှုများ[ပြင်ဆင်ရန်]

သတင်းအချက်အလက် တည်ဆောက်ပုံ (Information Architecture) ဆိုသည့် စကားလုံးကို ရစ်ချက်ဒ် ဆော ဝါးမင်း ဆိုသူက ၁၉၇၅ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။ ဝါးမင်းသည် ဗိသုကာပညာရှင် တစ်ယောက်ဖြစ်ပြီး သတင်းအချက်အလက်များ စုဆောင်းခြင်း၊ ဖွဲ့စည်းခြင်းနှင့် အဓိပ္ပါယ်ရှိစွာ ပြန်လည် တင်ဆက်ခြင်းတို့ စသည်တို့ အပေါ် ဗိသုကာ ပညာရှင် တစ်ယောက်အမြင်ဖြင့် ချဉ်းကပ် စိတ်ဝင်စားသည်။ ဝါးမင်း၏ Information Architecture နှင့် ပတ်သက်သည့် ကနဦး အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ သတင်းအချက်အလက် တည်ဆောက်ပုံ ဆိုသည်မှာ အချက်အလက် (data) များ၏ အဆက်အစပ်ရှိရှိ ချိတ်ဆက်မှုများကို စုဆောင်းခြင်းနှင့် ရှုပ်ထွေးသော အချက်အလက်များကို ရှင်းလင်းအောင် တည်ဆောက်ခြင်း ဖြစ်သည်။

အထက်ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ၁၉၉၆ ခုနှစ်ခန့်အထိ အသက်ဝင်ခဲ့သည်။ နောက်ပိုင်းတွင် သတင်းအချက်အလက် စုဆောင်းမှုဆိုင်ရာ သိပ္ပံပညာရှင် နှစ်ဦးဖြစ်သူ လူးဝစ် ရမ်းစဖဲနှင့် ပီတာ မိုဘေးတို့နှစ်ဦး၏ သတင်းအချက်အလက် အလွန်များပြားသော ဝက်(ဘ်)ဆိုက်တစ်ခု ရေးသားရာတွင် Information Architecture (သတင်းအချက်အလက် တည်ဆောက်ပုံဆိုသည့် စကားလုံးကို ပြန်လည် အသုံးပြုရာမှ စတင်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်များ ပိုမိုများပြား ပြည့်စုံလာခဲ့သည်။

သတင်းအချက်အလက် ကြီးမားများပြားသော ဝက်(ဘ်)ဆိုက်များအတွက် သတင်းအချက်အလက် တည်ဆောက်ပုံ ဆိုသည်မှာ

  • ၁ သတင်းအချက်အလက် စနစ်အတွင်းတွင် သတင်းအချက်အလက်များ စုဆောင်းခြင်း၊ အမည်ပေးခြင်း၊ တစ်ခုနှင့် တစ်ခု ချိတ်ဆက် ဆက်သွယ်ခြင်း စသည်တို့ကို ပူးပေါင်းထားသည်။
  • ၂ အလုပ်ပြီးမြောက်ခြင်း၊ ဝက်(ဘ်)စာမျက်နှာ အကြောင်းအရာများကို အလွယ်တကူ အသုံးပြုနိုင်ခြင်း စသည်တို့အတွက် သတင်းအချက်အလက်များကို စနစ်တကျ ဖွဲ့စည်း တည်ဆောက်ထားသော စနစ်တည်ဆောက်ပုံ ဖြစ်သည်။
  • ၃ လူအများကို သတင်းအချက်အလက်များ အလွယ်တကူ ရှာဖွေနိုင်စေရန် စီမံခန့်ခွဲနိုင်စေရန် ဝက်(ဘ်)ဆိုက်များနှင့် အင်တာနက်ကို အနုပညာအမြင်၊ သိပ္ပံ အမြင်တို့ဖြင့် ပုံစံချသည်၊ အမျိုးအစားခွဲခြားသည်။