သစ်ပန်းပု

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
Carved wooden cranes

သစ်ပန်းပုသည်ပန်းပုပညာ၏ အကိုင်းခက် မကြီးတစ်ခုဖြစ်သည်။ ပန်းပုပညာသည်နယ်ကျယ်ဝန်းသော ဗိသုကာပညာကိုမှီလျက် ပေါ်ပေါက်ခဲ့၍ ရုပ်လုံး၊ ရုပ်ကြွ၊ ပုံထုတ်ပုံဖော်၊အပြောက်ထုနှင့် စပ်လျဉ်းသော အနုပညာတရပ်ဖြစ်ပြီးလျှင် မြန်မာ့ရှေးရိုးလုပ်ငန်းကြီး ၁ဝမျိုးတွင်တခုအပါအဝင်ဖြစ်ပေသည်။

မြန်မာ့ရှေးရိုးလုပ်ငန်းကြီး ၁ဝ မျိုးဟူသည်မှာ (၁)သစ်သား၊ သတ္ထု၊ မြေစိုင်၊ ဆင်စွယ်၊ အရိုးအမျိုးမျိုး စသည်တို့ဖြင့်ရုပ်လုံးရုပ်ကြွ၊ပုံထုတ်ပုံဖော်ခြင်းကို ပြုသောပန်းပုအတတ်၊ (၂) ကျောက်သားဖြင့် ပုံထုတ်ပုံ ဖော်သောပန်းတမော့အတတ်၊(၃)အုတ်အင်္ဂတေသရွတ်တို့ဖြင့် ပုံထုတ်ပုံဖော်သောပန်းရံအတတ်၊ (၄)ကြေး၊ သံစသည် တို့ဖြင့်ရုပ်လုံးရုပ်ကြွ ပုံထုတ်ပုံဖော်သော ပန်းတဉ်းအတတ်၊ (၅)ရွှေငွေတို့ဖြင့်ပုံထုတ်ပုံ ဖော်သောပန်းထိမ်အတတ်၊ (၆)ဖန်၊ မှန်၊ သားရိုးတို့နှင့်စပ်လျဉ်းသောပန်းရွဲအတတ်၊ (ရ)သစ်စေးနှင့်စပ်လျဉ်းသောပန်းယွန်းအတတ် (၈)ပွတ်ခံသောပန်းပွတ်အတတ်၊ (၉)ရုပ်ပုံများရေးခြယ်သော ပန်းချီအတတ်၊ (၁ဝ) ဓား၊လှံ၊စူး၊ဆောက်စသည်တို့ကို ပုံထုတ်ပုံဖော်လုပ်ကိုင်သော ပန်းပဲအတတ်ဟူ၍ဖြစ်ကြပေသည်။ ထို အတတ်များကို ပန်းနှင့်အစပြုသောအမည် ဝေါဟာရများဖြင့် ခေါ်ဝေါ်ထားသဖြင့်ဘုရားမတင်၊ နတ်မတင်၊လူတွင်ပန်းဆယ်မျိုးဟုဆိုရိုးပြုခဲ့ကြလေသည်။

ထိုအတတ်များအားလုံးပင် ရုပ်လုံးရုပ်ကြွ၊ ပုံထုတ်ပုံဖော်ခြင်းနှင့် စပ်လျဉ်းကြသဖြင့် ပုံထုတ်ပုံဖော် ခြင်း ဟူသောမူလရေသောက်မြစ်ကြီးမှ ခွဲဝက်စိတ်ဖြာထွက်သွားခြင်းများဖြစ်ကြပေသည်။ ပန်းပုပညာတစ်မျိုးတည်းပင်အသုံးပြုသော အရာဝတ္ထုပစ္စည်းကို လိုက်၍ အခေါ်အဝေါ်ကွဲပြားသွားသေးသည်။ သစ်သား ဖြင့်ထုလုပ်ထားလျှင် သစ်သားပန်းပုဟုခေါ်ဆိုကြ၍ ဆင်စွယ်ဖြင့်ပြုလုပ်ပုံဖေါ်ထားလျှင်ဆင်စွယ်ပန်းပု၊ ကျောက်သားဖြင့်ထုထွင်းပုံဖေါ်ထားခြင်းကိုကျောက်ဆစ်အတတ် ဟုလည်းခေါ်ကြပေသည်။

ပန်းပုပညာအနေဖြင့်ကြည့်မည်ဆိုလျှင် အလွန်ရှေးကျသောသစ်ပန်းပုလက်ရာများကိုအလွန်တွေ့ရခဲ၍ ကျောက်၊သံ၊ကြေးတို့ဖြင့်ပြုလုပ်သောပန်းပုလက်ရာများကိုသာ အတွေ့ရများသည်။ အဘယ်ကြောင့်ဆိုသော်သစ်သားသည် ကျောက်၊သံ၊ကြေးတို့ကဲ့သို့နှစ်ပေါင်းထောင်နှင့် ချီ၍မတည်တံ့နိုင်ပေ။ သို့သော်နှစ်ပေါင်း၅ဝဝဝကျော်ထက် မနည်းသောခေတ်ကာလမှစ၍ သစ်ပန်းပုအတတ်ရှိနေခဲ့ကြောင်း အထောက်အထားများကို ပြနိုင်ခဲ့လေသည်။

ရှေးအကျဆုံးသောသစ်ပန်းပုလက်ရာတခုစ်ကို အီဂျစ်နိုင်ငံ၌တွေ့ကြရရာ ခရစ်တော်မပေါ်မီ အနှစ် ၄ဝဝဝခန့်ကလက်ရာဟုခန့်မှန်းရ၍ ထုလုပ်ပုံစံနစ်အဆင့်အတန်း မြင့်သည် ကိုလည်းတွေ့ရှိကြရ လေသည်။

စင်စစ်သစ်သားပန်းပုအတတ်သည် သစ်ပေါသောနိုင်ငံ၊ သစ်အလွယ်တကူရနိုင်သောနိုင်ငံများ၌ ရှေးအခါကပင်ခေတ်စားထွန်းကားခဲ့လေသည်။ ဂရိနှင့်ရောမနိုင်ငံတို့တွင် ရှေးသစ်ပန်းပုလက်ရာများကို မတွေ့ရှိရသော်လည်းရှေးစာပေများတွင်သစ်ပန်းပုနှင့် စပ်လျဉ်းသော အကြောင်းခြင်းရာများပါရှိသဖြင့် ဂရိ နှင့်ရောမနိုင်ငံတို့၌လည်း ရှေးရှေးအခါက သစ်ပန်းပုအတတ်သည် ထင်ရှားခေတ်စားခဲ့သည်ဟု ယူဆ ရပေမည်။

ဥရောပတိုက်တွင်သစ်ပန်းပုအတတ်သည် အလယ်ခေတ်၌ အထွန်းကားဆုံးဖြစ်ခဲ့သည်။ အလယ်ခေတ် အကောင်းဆုံး သစ်ပန်းပုလက်ရာများကို စကင်ဒီနေးဗီးယန်းတိုင်းပြည်များ၏ ဤဆောက်အအုံ တံခါးများတွင်တွေ့ရှိရ၍ ခရစ်နှစ်ကိုးရာစုမှ ၁၃ ရာစုနှစ်များအတွင်းကလက်ရာများဖြစ်သည်။ ထိုလက်ရာများမှာ ထင်းရှူးသားဖြင့်ပြုလုပ်ထား၍ ရုပ်လုံးများ၊ ပန်းလိပ်အခွေအတွန့်များဖြင့် တန်ဆာဆင်ထားသည်။ ၁၄ရာစုနှင့်၁၅ရာစုနှစ်များတွင် သစ်ပန်းပုအတတ်သည် ပြင်သစ်၊ဂျာမဏီ၊ ဣတလီနှင့်အင်္ဂလန် တို့၌အလွန်ခေတ်စားခဲ့လေသည်။ ထိုခေတ်က အကောင်းဆုံးလက်ရာများကို ဘုရားဝတ်ကျောင်းများ အတွင်းရှိအပြင်အဆင်၊ သုံးအဆောင်များတွင်တွေ့ကြရသည်။ သူတော်စင်များ၏ရုပ်လုံးများနှင့် သင်္ချိုင်း အုတ်ဂူပေါ်မှ ရုပ်လုံးများကိုလည်း သစ်သားဖြင့်ပင်ထုလုပ်ခဲ့ကြသည်။ ဣတလီနိုင်ငံတွင် အဆောက် အအုံမျက်နှာကျက်များသည် သစ်ပန်းပုလက်ရာဖြင့်ပြီးသည်။ထိုလက်ရာများကို အဆန်းတကျယ်ထုလုပ် ထားကြသော်လည်း အလယ်ခေတ်၏ထယ်ဝါခံ့ညားမှုနှင့်ပညာသားမပါလှပေ။ ထိုခေတ်တို့မှကျော်လွန်ခဲ့ပြီးနောက်တွင် သစ်ပန်းပုပညာသည်ထိုနိုင်ငံများ၌ တဖြည်းဖြည်းမှေးမှိန် လာသည်။ သို့သော် ဆွစ်လူမျိုးတောင်သူလယ်သမားများသည် သစ်ပန်းပုအတတ်ကိုစီးပွားရေးတစ်ရပ် အနေဖြင့် လုပ်ကိုင်နေကြဆဲဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံတွင် များသောအားဖြင့်နံရံကပ် နာရီအိမ်များ၊ အိမ်ထောင် ပရိဘောဂများကိုသစ်ပန်းပုလက်ရာများဖြင့်မွမ်းမံကြသည်။ ပြင်သစ်နိုင်ငံကျေးလက်များတွင် လည်း သစ်ပန်းပုအတတ်ဖြင့် အသက်မွေးဝမ်းကြောင်းနေကြသူများရှိသေးသည်။

အင်္ဂလန်နှင့်အမေရိကန် ပြည်ထောင်စုတွင်သစ်ပန်းပုအတတ်ကို ယဉ်ကျေးမှုအနုပညာတစ်ရပ်အနေဖြင့် တိမ်မြုပ်သွားခြင်းမရှိ လေအောင် ထိန်းသိမ်းပေးလျက်ရှိသည်။

အာဖရိကတိုက်အနောက်ပိုင်းဒေသနှင့် ကွန်ဂိုမြစ်ဝှန်းဒေသမှနီဂရိုး(ကပ္ပလီ) များ၏သစ်ပန်းပု လက်ရာများသည် အနုပညာလက်ရာမြောက်ကြောင်းတွေ့ရသည်။ ယင်းတို့သည်ယင်းတို့၏ ယုံကြည်ကိုးကွယ်မှုအတွက်သာနတ်ရုပ်များကို ထုလုပ်ခြင်း ဖြစ်၍အနုပညာတစ်ရပ်အနေဖြင့် လုပ်ကိုင်ကြသည်မဟုတ်ပေ။ အရှေ့နိုင်ငံများတွင် အိန္ဒိယ၊တုတ်၊ ဂျပန်နိုင်ငံတို့၌ သစ်ပန်းပုအတတ်သည်ရှေးပဝေဏီခေတ်ကပင်ထင်ရှားခေတ်စား ခဲ့လေသည်။ တုတ်နှင့်ဂျပန်တို့သည် သစ်ပန်းပုအတတ်တွင် အလွန်စိတ်သန်သူများ ဖြစ်သည်။

ယင်းတို့သည်သစ်ပန်းပုရုပ်ထုရုပ်လုံးများကိုဆေးရောင်ခြယ်လေ့ ရှိသည်။ ရွှေပိန်းချလေ့လည်း ရှိသည်။ အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓမြတ်စွာဘုရားပွင့်တော်မမူမီကပင် ရုပ်လုံးရုပ်တုများကို လုပ်ခဲ့ကြောင်း အထောက်အထားများရှိသည်။ အိန္ဒိယနိုင်ငံအချို့မြို့ကြီးများတွင်ခရစ်တော်မပေါ်မီ နှစ်ပေါင်း၂ဝဝဝခန့်က ထုလုပ်ခဲ့သောပန်းပုလက်ရာများရှိနေသေးသည်ဟု သိရှိရပေသည်။ အိန္ဒိယနိုင်ငံသည် သစ်ပေါသောနိုင်ငံ ဖြစ်ပေရာ သစ်ပန်းပုအတတ်သည်လည်းထွန်းကားခဲ့မည်မှာ ယုံမှားဖွယ်ရာမရှိချေ။

အိန္ဒိယယဉ်ကျေးမှုပညာရပ်များသည် တကောင်းအဘိရာဇာခေတ်ကပင် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာခဲ့ရာပန်းပုအတတ်ပညာသည်လည်းပါဝင်ခဲ့ပေသည်။ ပုဂံခေတ်တွင်ပန်းပုအတတ်သည်အဆင့် အတန်းတို့ပွားလာခဲ့ရာ ဘုရားပုထိုးများတွင်ရုပ်လုံးရုပ်တုများစွာကိုသုတေသီများ တွေ့ရှိခဲ့ကြရသည်။ ပုဂံ ပြည့်ရှင်ကျန်စစ်သားဘုရင် နတ်ရွာမစံမီနာမကျန်းဖြစ်နေခိုက် သားတော်ရာဇကုမာရ်သည်ထီးမွေနန်းရိုက်ကို မရရှိသော်ငြားလည်းခမည်းတော်၏ကျေးဇူးတရားကိုအောက်မေ့၍ ရွှေုဖြင့်ပြိီးသော မြတ်စွာဘုရား ၏ရုပ်ပွားတော်တစ်ဆူကို ပြုလုပ်၍ ခမည်းတော်အတွက် ထိုဆင်းတုတော်ကို ပူဇော်ကြောင်း မြစေတီ ကျောက်စာ၌ အထင်အရှားဖေါ်ပြပါရှိလေသည်။

အလောင်းစည်သူမင်းသည်လည်း ဘေးလောင်းတော်၊ ဘိုးလောင်းတော်တို့၏ ရုပ်တုများကိုထုလုပ်ကိုးကွယ်ကြောင်း ရာဇဝင်သမိုင်းများ၌ဆိုထားလေသည်။ ပုဂံခေတ်ဘုရားဌာပနာ များတွင်ကျောက်သား၊ ကြေးသတ္ထုတို့ဖြင့် ပြီးသောပန်းပုလက်ရာများကိုသာအတွေ့ရများ၍ သစ်ပန်းပုလက်ရာဟောင်းအဆွေးအပိုင်းအစများကိုတစ်ခါ တစ်ရံမျှသာတွေ့ရသည်။ မြန်မာနိုင်ငံ ရာသီဥတုကြောင့် သစ်ပန်းပုလက်ရာတို့သည် ကြာမြင့်ရှည်လျားသော နှစ်ကာလကိုမကျော်လွန်နိုင်ကြသဖြင့် ယင်းသို့အတွေ့ရနည်းခြင်းဖြစ်ပေမည်။

အင်းဝခေတ်တွင်သစ်ပန်းပုအတတ်သည်အထူးတိုးတက် ပြောင်မြောက်ခဲ့ဟန်တူပေရာ ထိုအထောက် အထားကို ဒုတိယမင်းခေါင်၏လက်ထက်အရှင်မဟာရဋ္ဌသာရသီကုံးရေးသား သောတံတား ဦးတည် မင်္ဂလာစေတီ မော်ကွန်း၌ဤသို့တွေ့ရပေမည်။ 'အရွယ်အိုမင်း၊ ရှိုက်တွင်းပါးစောင်၊ ပုဏ္ဏားယောင်ကား၊ ဟန်ဆောင်တင့်တယ်၊ဘွဲ့စလွယ်နှင့်၊ ဆံပယ်ပစ်တင်၊ဝတ်စားဆင်၍၊ရေစင်နေဇာ၊ ထက်ကြပ်ပါလျက်၊ ဝါဝါဝင်းဝင်း၊ ခရုသင်းလည်း၊ ကိုင်းလျှင်းတုံပြီး၊ ရှေးတီးဗြဟ္မဏ၊ သဘာဝဖြင့်၊ ဆွဆွဖွေးဖွေး၊ နဖူးရေး လျက်၊တပ်စွေးစားကွမ်း၊ နှုတ်ခမ်းဖွင့်အုပ်၊ မေးလှုပ်လှုပ်နှင့်၊ အရုပ်မထင်၊ အရှင်ဟူမှား၊ လက် ဝါးပြကြည့်၊ ခတ်လှည့်မျက်လုံး၊ ခပ်ပြုံးရယ်ရွှင်၊ ပီပြင်တွတ်တွတ်၊ ရွတ်သည့်ဂါထာ၊ နားဝင် သာလျက်၊လာလာသသူ၊ လူထိုမျှကို၊ အဘအမယ်၊ ချစ်ဖွယ်ခေါ်ဝေါ်၊ တွေငေါ်ညောင်းညောင်း၊ အကြောင်းပြန်ခြင်း၊ သီဟိုဠ်မင်းက၊ သတင်းကျော်မွှန်း၊ ရွှေနန်းသခင်၊ နတ်ရှင်ထံမှာ၊ ကိုယ်စား လာသည်၊ငါ၏သက်ရွယ်၊ နှစ်ရှစ်ဆယ်ဟု၊ အကယ်တံတံ၊ ဆိုကုံထံသည်၊ ထွက်သံသက် သက်ညှင်းညှင်းတည်း'။ ပုဏ္ဏားရုပ်တုကြီးအား အသက်ဝင်စွာပြောင်မြောက်သော လက်ရာဖြင့် ထုလုပ်ထားပုံကိုရှင်ဟာရဋ္ဌသာရက ကွင်းကွင်းကွက်ကွက်တင်ပြနိုင်အောင် သရုပ်ပေါ်လွင်စွာဖြင့်ချီးကျူးဖွဲ့ဆိုထား လေသည်။

ထိုသစ်ပန်းပုရုပ်ထုကြီး၏ ဤနုပညာမြောက်မှုကြောင့် ရွှေပွဲတော်လာပရိသတ်တို့မှာ နယုန်လနေပူကျဲကျဲအချိန်တွင်ပင် လူချင်းကျပ်သိပ်တိုးဝှေ့ကာ ချွေးသံရွှဲရွှဲနှင့်ညောင်းညာရန်ပင် သတိမရ၊ဆာလောင်ရန်လည်းမသိ၊ တမေ့တမောအံ့0x100သ မကုန်ဖြစ်ကြရပုံကို· 'သစ်ရုပ်ပုဏ္ဏား၊ အရှင်လားသို့၊ စကားတွတ်တွတ်၊ ဆိုသတတ်ဟု၊ ခြေ ချွတ် လက် ချွတ်၊ မြေကြီးခတ်မျှ၊ လာလတ်သသူ၊ ရှင်နှင့်လူကား၊ ယှဉ်တူရင်အပ်၊ အထပ်ထပ်တည့်၊ မလပ် စေ့စေ့၊တိုးကြဝှေ့ကား၊ ကိုယ်ငွေ့ခြောင်းခြောင်း၊ နေရှိန်ပြောင်းလည်း၊ ညောင်း၏မဟူ၊ ပူ၏မမှတ်၊ မွတ်၏မထင်၊ ဝမ်းပန်းရွှင်လျက်၊ ရှုချင်မရဲ၊ တလဲလဲလျှင် .' ဟူ၍ ဆက်လက် ဖေါ်ပြ ပြန်လေသည်။ ဒုတိယမင်းခေါင်၏ကောင်းမှုတော် မင်္ဂလာတံတားဦးတည် စေတီတော်ကြီး၏ ဌာပနာတိုက်ခန်းပိတ်သည့်ပွဲတော်တွင် ပွဲတော်ကြီးစည်ကားရန်ထိုပုဏ္ဏားရုပ်ကြီးကိုသာတန်ဆောင်း မဏ္ဍပ်ကြီးအတွင်း ၌ထားရှိသည်မဟုတ်သေး။အခြားတန်ဆောင်း မဏ္ဍပ်များအတွင်း၌လည်းအခြားလှုပ်နိုင် ရှားနိုင်သော ရုပ်လုံး၊ရုပ်တုများ ရှိသေးကြောင်းကို 'ထိုမှတစ်ပါး ရုပ်ရှင်များလည်း၊ စကားတမည်၊ မဆိုသည်သာ၊ ထူးခြားစွာ၏'၊ ဟုရှင်မဟာရဋ္ဌသာရစာဆိုတော်အရှင်မြတ်က ထပ်လောင်းတင်ပြထားသည်ကို တွေ့ရ လေသည်။

အင်းဝခေတ်နောက်ပိုင်း၌လည်း သစ်ပန်းပုအတတ်သည်ဆက်လက်ထွန်းကားကြောင်းကို ၁ဝ၁၂ ခုနှစ်ပထမဝါဆိုလဆန်း ၅ ရက်နေ့တွင် ရေးထိုးသောသာလွန်မင်းတရားကြီး၏ကောင်းမှုုဖြစ်သည့် စစ်ကိုင်း မြို့၊ ရာဇစူဠာမဏိစေတီခေါ်ကောင်းမှုတော်ကြီး၏ ကျောက်စာစာကြောင်းရေ ၃၈·၃၉တွင်· 'ထိုမှတစ်ပါးလည်း၊ ရတနာခုနစ်ပါးတို့ဖြင့်ပြီးသော၊ ရေတွက်ခြင်းငှာမတတ်နိုင်သော၊ သစ်ရုပ်တု တို့ကိုလည်း၊ ကျမ်းဂန်နှင့်အညီအစီအစဉ်သင့်စွာ ဌာပနာတော်မူ၏။' ဟုပါရှိသည်။ ယင်းသည်ကို ထောက်၍ဘုရားဌာပနာများတွင် သစ်ရုပ်တုများလည်းပါရှိကြောင်းသိရှိရလေသည်။ မြန်မာလူမျိုးတို့သည် အဆောက်အအုံ ထုပိကာ၊ ဒုရင်၊ ပန်းဆွဲ၊ တိုင်ပျံ၊ ပြာသာဒ်များမှ အစအုန်းမှုတ်၊ရေသောက်ခွက်ရိုးကိုင်း၊ ရေချမ်းစင်၊ ယောင်းမ၊လှော်ကားဦး၊ လှေဦးငှက်၊ ပဲ့တုံး၊ မောင်းတိုင်၊ အုန်းမောင်း၊ ကလပ်ခြေစသောလူသုံးပစ္စည်းများအထိ သစ်ပန်းပုလက်ရာများဖြင့်ရုပ် လုံးရုပ်ကြွဖော်ခဲ့ရသည်။ ယင်းသို့ရုပ်လုံးဖော်ကြရာ၌ ဇာတ်နိပါတ်တော်များမှ သရုပ်ဖေါ်ခန်းများ၊ လူရုပ်၊ နတ်ရုပ်၊ ဗြဟ္မာရုပ်၊ သကြားရုပ်၊ ဘီလူးရုပ်၊ ဂဠုန်၊ နဂါး၊ ကိန္နရီကိန္နရာရုပ်များအပြင် ဆင်ရုပ်၊ ခြင်္သေ့ ရုပ်စသည့်တိရစ္ဆာန်ရုပ်များ၊ ပန်းခက်၊ ပန်းပြောက်၊ အနုအယဉ်၊ အနွယ်အလိပ်များကို ကြွရွသောလက် ရာများဖြင့်ပုံစံအမျိုးမျိုးပြုလုပ်ထားကြသည်ကို မြန်မာနိုင်ငံအရပ်ရပ်ရှိ ဘုရားတန်ဆောင်းနှင့်ဘုန်းကြီး ကျောင်းများ၌တွေ့ကြရသည်။

ရှေးခေတ်သစ်ပန်းပုလက်ရာကောင်းများကို စလင်း၊ ပခုက္ကူ၊ အမရပူရ စသောအထက်မြန်မာနိုင်ငံ ဘုရားတန်ဆောင်းနှင့်ဘုန်းကြီးကျောင်းများ၌ ပို၍တွေ့ရှိနိုင်ပေသည်။ မြန်မာသစ်ပန်းပုလက်ရာများတွင် ကနုတ်ပန်း၊ ယိုးဒယားပန်း၊ ခြူးပန်းတို့ဖြင့် တန်ဆာဆင်အပ်သော ခြင်္သေ့၊ ကိန္နရီကိန္နရာ၊ နတ်၊ ဗြဟ္မာ ၊ တိုးနရား၊ ခြူး၊ ဘီလူး၊ နဂါး၊ ဂဠုန်၊ ဟင်္သာ စသောရုပ်လုံးများနှင့်ဒုရင်၊ တောရနောင်၊ စိုင်ပေါင်၊ ထုပိကာ၊ ပန်းဆွဲစိန်တောင်၊ မှော်ပွင့်၊ မှော်ပျံ၊ အပြောက်စသည်များကိုများသောအားဖြင့်တွေ့ရှိကြရာ ပကတိပုံအတိုင်းထုလုပ်နိုင်စွမ်းသော်လည်း ဒေသ ပတ်ဝန်းကျင် အငွေ့အသက်နှင့်ရိုးရာယဉ်ကျေးမှုအစဉ်အလာအတိုင်း ထုလုပ်ကြသဖြင့် ယင်းကဲ့သို့ အပြင်အဆင် အမွမ်းအမံများပါရှိခြင်း ဖြစ်ပေသည်။ များသောအားဖြင့်ဘုရားတန်ဆောင်း၊ ဂူ၊ ကျောင်း၊ ပြာသာဒ်များရှိသစ်ပန်းပုရုပ်လုံးရုပ်ကြွများကို ရွှေပိန်းချ၍သော်၎င်း၊ ဆေးရောင်ခြယ်၍သော်၎င်း၊ တွေ့ရ တတ်ပေသည်။

သစ်သားသည်ကျောက်၊ ကြေး၊ သံစသည်တို့ကဲ့သို့ နှစ်ကာလပရိစ္ဆေဒကြာမြင့်စွာမတည်တံနိုင်ဘဲ ဟောင်းဆွေးနိုင်သဖြင့်ကြီးမားသောရုပ်လုံးများကိုထုလုပ်ရာတွင် သစ်သားကိုအသုံးနည်း၍ကျောက်၊ကြေး၊ သတ္ထုများကို အသုံးများလေသည်။ ထိုပြင် သစ်သားကြောသိပ်သည်းမှုနှင့် ဖွဲ့စည်းပုံအနေအထား တို့ ကြောင့် ကြီးမားသော အရာဝတ္ထုပစ္စည်းများကို သစ်ပန်းပုဖြင့်ထုလုပ်၍မဖြစ်နိုင်ချေ။ ထိုကြောင့်သစ်ပန်း ပုကိုအယူဝါဒဆိုင်ရာအဆောက်အအုံများ၊ လူနေအိမ်များ၊ အတွင်းဘက်အပြင်ဘက်အဆင်များ၊ အိမ်ထောင် ပရိဘောဂစသောလူ့အသုံးအဆောင်ပစ္စည်းများကို အလှအပမွမ်းမံရာ၌သာ အသုံးများကြလေသည်။ ပန်းပုထုလုပ်ရာတွင် အသုံးပြုကြသော ကျောက်တုံး၊ ကျောက်ပြား၊ ကြေး၊ သံအစရှိသည့် ပစ္စည်းများအနက် သစ်သားသည်အပေါဆုံးနှင့် အပျော့ဆုံးပစ္စည်းဖြစ်သော်လည်း ပန်းပုထုလုပ်ရာတွင် ကျန်ပစ္စည်းများထုလုပ်ရသည်ထက် ခက်ခဲသည်။ ထိုပြင်သစ်သားဟူသမျှကိုလည်း ပန်းပုထု၍ မရချေ။ သစ်သားအမျိုးအစား အပျော့အမာကိုလိုက်၍ ထုလုပ်ရာ၌လွယ်ကူခြင်း၊ သို့မဟုတ် ခက်ခဲခြင်းရှိလေသည်။ အနောက်နိုင်ငံပန်းပုဆရာတို့အသုံးများသောသစ် အမျိုးအစားမှာ ဝက်သစ်ချ၊ ထင်းရှူး၊ မဟော်ဂနီ၊ ကျွန်းစသည်တို့ဖြစ်၍ မြန်မာပန်းပုဆရာတို့ကမူနှော၊ ကျန(ကြတ်နန်)၊ တမလန်း၊ သင်းဝင်၊ယင်းမာ၊ ကျွန်း၊ ယမနေ၊ စသည့်သစ်မျိုးကိုသုံးကြသည်။ အဆိုပါသစ်များအနက် ဝက်သစ်ချသားသည်ပန်းပုထုရန် အကောင်းဆုံးဟုဆိုကြသည်။

ဝက်သစ်ချသားသည်အသားစင်းဖွဲစည်းပုံကျစ်လျစ်သိပ်သည်း၍ အရောင် လည်းအလှဆုံးဟု ဆိုကြလေသည်။ သစ်ပန်းပုပညာ၏ မူလပင်မဖြစ်သော ပန်းပုပညာသည်ကျယ်ဝန်းသောအနုပညာတစ်ရပ်ဖြစ်သည်။ ပန်းချီပညာသည် တစ်ဖက်မြင်သရုပ်ဖေါ်ရသော်လည်း ပန်းပုပညာသည် အဖက်ဖက်မှမြင်နိုင်အောင် ရုပ်လုံးဖေါ်ရလေသည်။

တစ်နည်းအားဖြင့်လှည့်၍တွေးဆရပြန်လျှင် ပန်းပုဆရာသည်ရုပ်လုံးကိုအကောင် အထည်ထုထည် အလိုရှိသည့်အတိုင်း ထုလုပ်တင်ပြနိုင်ခွင့်ရသည်။ ပန်းချီဆရာကမူတစ်ဖက်တည်းဖြင့်ထုထည်ပေါ်အောင် ရေးခြယ်တင်ပြရသဖြင့် ရုပ်လုံးမဟုတ်သည်ကို ရုပ်လုံးပေါ်လာအောင် ရေးခြယ်ပြရခြင်းဖြင့် ပိုမိုတာဝန်ကြီးမားသည်ဟုဆိုနိုင်ပြန်သည်။ စင်စစ်အားဖြင့် ထိုပညာနှစ်ရပ်စလုံးသည် သူ့နည်းနှင့်သူ ခက်ခဲသည်ချည်းသာဖြစ်ပေမည်။ သို့သော်ရုပ်ထုဆရာ ပန်းပုပညာရှင်သည် ရုပ်လုံးကိုအချိုးအဆစ် အပြောင်းအဖွဲမှန်ကန်၍ ပုံကျနာစွာရေးထုတ်တတ်ပါမှ ပုံမှန်ထုလုပ်နိုင်သည်ဖြစ်ရာ ပုံရေးပညာကိုလည်း အခြေခံအားဖြင့်သိနားလည်ထားရန် လိုအပ်ပေသည်။ ရုပ်ထုဆရာသည် မိမိထုလုပ်မည့်ရုပ်လုံးကို မျက်စိထဲ မြင်လာနိုင်ရလေသည်။

သစ်ပန်းပုအတတ်ကိုသင်ယူက လက်သင်တစ်ယောက်သည် ဓားထက်ထက်နှစ်ချောင်းနှင့် ဆောက်ကောင်းကောင်းတစ်လက်ရှိလျှင်လုံလောက်ပေသည်။ အနုစိတ်ပုံဖေါ်ရမည့်ကရိယာမျိုးမလိုသေးပေ။ မောင်းချဓား ထက်ထက်တစ်ချောင်းရှိလျှင် လည်းအလုပ်ဖြစ်နိုင်သည်။ ဓားသွားသည် သင်ဓုန်းဓားသွားတမျှထက် ရန်လိုအပ်သည်။ သို့မှသာထွင်းလုပ်ရာ၌ သက်သာလွယ်ကူ၍ လက်ရာလည်းချောမွေ့နိုင်လေသည်။

ထိုလက်သင်အစပထမတွင် တစ်လက်မ၏ လေးပုံတစ်ပုံ၊ သို့မဟုတ် ရှစ်ပုံတစ်ပုံခန့်ထူသော သစ်သား အပျော့စားဖြင့်စတင်လေ့ကျင့်သင့်သည်။ ရှေးဦးစွာသစ်သား၏မျက်နှာပြင်တွင်မိိမိထုလုပ်လိုသော ပစ္စည်း ၏ပုံကြမ်းကိုရေးဆွဲရမည်။ ထိုနောက်မှဓားငယ်ဖြင့် တစ်ချက်ပြီးတစ်ချက်လှီးချကာ ပုံကြမ်းဖော်ရလေသည်။ ဒုတိယအကြိမ်လေ့ကျင့်ရာ၌မူ အသုံးပြုသောသစ်သားသည် ပထမအကြိမ်ကထက်အနည်း ငယ်ပို၍ ထူစေရသည်။ ဘေးစွန်းများကိုလည်းချောပြီးသားဖြစ်စေရသည်။ ထိုအကြိမ်တွင် ရိုးရိုးရုပ်လုံးတစ်ခုလုံး ကိုပုံဖော် ရပေမည်။ ယင်းသို့ပြုလုပ်ရန် ပန်းပုလက်သင်သည် မိမိအလိုရှိသော အရွယ်အစားသစ်တုံးကိုရွေးချယ် ရသည်။ သို့မဟုတ် ဖြတ်တောက်ယူရသည်။ ထိုသစ်တုံး၏နှစ်ဖက်မျက်နှာပြင်တွင် မိမိထုထွင်းမည့်ရုပ် လုံး၏ပုံကြမ်းကိုရေးဆွဲရသည်။ ပထမတွင်အရှေ့ဘက်နှင့်အနောက်ဘက်မှ စတင်လှီးချပုံဖော်ပြီး နောက်မှ ဘေးမျက်နှာပြင်ကိုပုံဖော်ရလေသည်။

မြန်မာနည်းအရ ပန်းပုပညာတွင်အကြမ်းဖျင်းအားဖြင့် ဖို့နည်း၊ (၂) ဖဲ့ထုတ်နည်း၊ (၃)သွန်းနည်းဟူ၍ သုံးမျိုးရှိရာ သစ်ပန်းပုနှင့်ဆင်စွယ်ပန်းပုတွင် ဖဲ့ထုတ်နည်းကိုအသုံးချကြသည်။ ထိုနည်းသည် မလွယ်ကူလှချေ။ နိမ့်ရှိုင်းသောနေရာကိုရွေးချယ်၍ လိုသလိုဖဲ့ထုတ်ရ ထုထွင်းရသဖြင့် လက်လွန်သွားခဲ့သော် ပြန်၍ပြုပြင်မရနိုင်သောနည်း ဖြစ်သောကြောင့် အထူးဂရုစိုက်ထုထွင်းရသည်။ထိုနည်းဖြင့်ထုလုပ်သည့်အခါ လိုရာမျက်နှာပြင်၌ဖြစ်စေ၊ ရုပ်လုံးတစ်ခုလုံး၌ဖြစ်စေ၊ အမြင့်ဆုံးနေရာကိုမှတ်သားချန်လှပ်ပြီးလျှင် နက်ရှိုင်းရာအလိုက်ထုဖဲ့ထွင်းထုတ်ခြင်းဖြင့်ပုံစံကို တစ်ဆင့်ပြီးတစ်ဆင့်ဖော်လေသည်။သစ်ပန်းပု၊ ဆင်စွယ်ပန်းပုတို့ကား ခက်ခဲလက်ဝင်လှပေသည်။ တိုးတက်လာသောခြစ်ဆူး၊ဆောက်၊ စို့စသော ကရိယာတန်ဆာပလာများဖြင့် မျက်နှာပြင်ပုံစံတွင်လိုရာပုံစံကိုထုနှိပ်ခြင်းဖြင့်ပုံဖေါ် မွမ်းမံနိုင်စေကာမူ မူလ ဆောက်သားထစ်ရာထစ်ချက် ပန်းပုလက်ရာအစစ်သည်သာလျှင် တန်ဖိုးရှိပေသည်။ ပန်းပုရုပ်လုံးများ ကိုသဘာဝဆေးရောင်ခြယ်သုတ်ရာ၌လည်း မူလထုသားအတိုင်းလက်ရာကို တင်ပြထားသလောက် တန်ဖိုး မထားကြချေ။ ပန်းပုရုပ်လုံးကိုသင့်တင့်ရုံ ချောမွတ်စေသည်မှတစ်ပါး အရောင်အသွေးမွမ်းမံခြယ်လှယ်ခြင်း မပြုဘဲတင်ပြခြင်းဖြင့်သာပညာလက်ရာကိုဂုဏ်ယူလေသည်။ ရုပ်လုံးကိုထုလုပ်ရာ၌လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ယင်းတို့သည်ငြိမ်သက်သွေ့ခြောက်မနေစေဘဲ အသက်ဝင်လှုပ်ရှားနေသကဲ့သို့အားမာန်ပါအောင် ထုလုပ်နိုင်မှသာလျှင် ပညာသားပါသောလက်ရာဟုဆိုရသည်။ အရွယ်ပမာဏအားဖြင့်ကြီးသည်ဖြစ်စေ၊ငယ်သည်ဖြစ်စေ အချိုးအစားကျနမှန်ကန်စေရန် အရေးကြီးပေသည်။ အချိုးအစားမှန်ကန်ပါလျှင်အရွယ်သေးငယ်သော်လည်း ကြည့်ရှုခံစားသူအဖို့အရွယ်ပမာဏကို မေ့ပျောက်ကာ ပကတိအလုံးအရပ်အချိုးအစားအတိုင်း ထင်မြင်လာနိုင်စေလေသည်။

ပန်းပုပညာရှင်သည်စိတ်ကူးထက်မြက်ခြင်း၊ မျက်မြင်စေ့စပ်သေချာခြင်း၊ အမှန်းအဆတိကျခြင်း၊ စိတ်ရှည်ခြင်း၊ လက်ဆမှန်ကန်ကျွမ်းကျင်ခြင်း၊ နည်းစနစ်မှန်ကန်ခြင်းတို့ပြည့်စုံလျှင်တိုးတက်ပြောင်မြောက်သော အနုပညာရှင်တစ်ဦးဖြစ်နိုင်ပေသည်။ ပန်းပုပညာသည်သတ္တဝါ၊ အရာဝတ္ထုရှိသလောက် ပုံဖော် နိုင်စွမ်းရှိ၍ နယ်ကျယ်ဝန်းသောလက်မှုအနုပညာတစ်ရပ်ဖြစ်သော်လည်း ယခုကဲ့သို့အနုမြူခေတ်၊ဒုံးပျံခေတ်တွင်အနုပညာတစ်ရပ်အနေဖြင့် အားပေးထိန်းသိမ်းမှုမရှိပါက တစ်စတစ်စမှေးမှိန် ပျောက်ကွယ်သွား ဖွယ်ရာ အကြောင်းရှိပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)