သစ်နက်ရေ
“အဇိနစမ္မခေါ်သော ခွါနှင့်တကွသော သားကောင်အရေ”သည်လည်း ရသေ့အသုံးအဆောင် တပါးပင်ဖြစ်၏။ အနည်းငယ် စိစစ်ပြဆိုဦးအံ့..၊[၁]
မည်းနက်သော သစ်သည် “သစ်နက်” လား
[ပြင်ဆင်ရန်]ဤ အဇိနစမ္မဟူသော ပါဠိကို ရှေးဆရာတော်များက “သစ်နက်ရေ”ဟူ၍ တညီတညွတ်တည်း မြန်မာပြန်ဆိုတော်မူကြ၏။ ဤသို့ ပြန်ဆိုသည့်အတွက် တကောင်လုံး အသွေးအရောင် မည်းနက်သော သစ်ကို “သစ်နက်” ခေါ်သည်ဟု အများပင် ယူမှတ်ကြ၏။ မဂဓအဘိဓာန် ဂါထာအမှတ် (၆၁၁)၌ (သဒ္ဒူလော ဒီပိနီရိတော ဟူ၍) ကျားသစ်ဟောသဒ္ဒါ သဒ္ဒူလ, ဒီပိ နှစ်မျိုးလာ၏။ အဇိနသဒ္ဒါ ကျားသစ်ဟော မလာ။ အမရကောသ အဘိဓာန် (၁၇-ဝဂ်၊ ၄၇-ဂါထာ)၌ အဇိနသဒ္ဒါ သားရေဟောအဖြစ်ဖြင့် စမ္မနှင့် ပရိယာယ်တူ လာသည်။ ဤ အမရကောသအဆိုကို သတိပြုရာ၏။[၁]
ပုန်းညက်ပန်းအခင်း၏ အသွေးအရောင်နှင့် တူ
[ပြင်ဆင်ရန်]အဋ္ဌသာလိနီ အစရှိသော အဋ္ဌကထာတို့၌ “ပုန္နာဂပုပ္ဖသန္ထရသဒိသံ သခုရံ အဇိနစမ္မံ”ဟူ၍ လာရာဝယ်၊ “ပုန်းညက်ပန်းအခင်း အဆင်းအရောင်နှင့်တူသော ခွါနှင့်တကွသော သစ်နက်ရေ”ဟု မြန်မာပြန်ဆိုကြ၏။ဤစကားရပ်၌- သခုရံ = ခွါနှင့်တကွသောဟု ဆိုထားသဖြင့် သားကောင်၏ အရေဖြစ်ကြောင်း သိရ၏။ ပုန်းညက်ပန်းအခင်းနှင့် တူသည်ဟု ပြဆိုရာ၌ အရောင်အားဖြင့် ပုန်းညက်ပန်းအခင်း၏ အသွေးအရောင်နှင့် တူသည်ဟု ပြဆိုလိုသလော၊ သို့မဟုတ် နူးညံ့သိမ်မွေ့ခြင်းအားဖြင့် တူသည်ဟု ပြဆိုလိုသလောဟု တွေးတောရန်ရှိ၏။ ပုန်းညက်ပန်းသည် အခြားပန်းများထက် ထူးကဲ၍ နူးညံ့သိမ်မွေ့ခြင်း မရှိကြောင်းကို အများသိပြီး ဖြစ်သောကြောင့် နူးညံ့သိမ်မွေ့ပုံချင်း တူသည်ကို ပြဆိုလိုသော ဥပမာမဟုတ်၊ အသွေးအရောင်ချင်း တူသည်ကိုသာ ပြဆိုလိုသော ဥပမာဖြစ်သည်ဟု ယူဆသင့်၏။ ထိုသို့ အသွေးအရောင်ချင်း တူသည်ကို ပြဆိုသော ဥပမာဖြစ်ကလည်း “သစ်နက်”မဟုတ်ကြောင်း သိသာ၏။[၁]
သစ်ပြောက်ရေ
[ပြင်ဆင်ရန်]မုံရွေး ဇေတဝန်ဆရာတော်ဘုရားကမူ… “ပုန်းညက်ပန်းအခင်းနှင့် တူသောဟူသော စကားမှာ သစ်နက်ရေ၏ အသွေးအရောင်ကို ပြဆိုသော ဥပမာမဟုတ်၊ ယခုကာလ အများသိနေကြသော သစ်ပြောက်ရေကိုလည်း ရသေ့ရဟန်းများ သုံးအပ်သည်ဟု ပြလိုသောကြောင့် သစ်ပြောက်ကို နှိုင်းခိုင်းဖော်ပြသော ဥပမာဖြစ်သည်”ဟု ပြဆိုတော်မူ၏။[၁]
အရေဟောပါဠိ
[ပြင်ဆင်ရန်]အဇိနဟူသော ပါဠိကို ရှေးဆရာ့ ဆရာကြီးများက “သစ်နက်”ဟု မြန်မာ ပြန်ဆိုခဲ့ခြင်းကြောင့် မည်းနက်သော အသွေးအရောင်ရှိသော သစ်တမျိုး ရှိသေးသကဲ့သို့ ဖြစ်နေ၏။ မဂဓအဘိဓာန်မှာ အသွေးအရောင် မခွဲပြပဲ သစ်သတ္တဝါဟူသမျှကို ဒီပိဟူ၍၎င်း သဒ္ဒူလဟူ၍၎င်း ခေါ်၏။ အဇိနမှာ စမ္မနှင့် ပရိယာယ်တူ၏၊ အရေဟောပါဠိ ဖြစ်သည်။ ထိုကြောင့် “အဇိနမှိ ဟညတေ ဒီပိ”ဟု ဇနကဇာတက သုဝဏ္ဏသာမ ဇာတကတို့၌ ဟောတော်မူသည်။ ဇနကဇာတကဋ္ဌကထာ၌လည်း “အဇိနမှီတိ စမ္မတ္ထာယ စမ္မကာရဏာ”ဟူ၍ အဇိနကို စမ္မပရိယာယ်ဖြင့် လှယ်၍ ဖွင့်ပြသည်။ [၁]
ဝိသုကြုံနတ်သား ဖန်ဆင်းခဲ့သော သရေ
[ပြင်ဆင်ရန်]ဗုဒ္ဓဝင်ပါဠိတော်၌လည်း- “ကေသေ မုဉ္စိတွာဟံ တတ္ထ၊ ဝါကစီရဉ္စ စမ္မကံ”ဟူ၍ ရှင်သုမေဓာသည် ဒီပင်္ကရာ ဘုရားရှေ့မှောက် ကျောက်စစ်တံတား ခင်းထားကြည်ဖြူ လှူခါနီးအခါ၌ ဆံပင်ကိုဖြည်ပြီးလျှင် လျှော်တေသင်္ကန်းနှင့် သားရေကို ရွှံ့ဗွက်ပေါ်၌ ဖြန့်ခင်းကြောင်းကို ဟောတော်မူသည်။ ဤပါဠိတော်၌လာသော စမ္မက = (သားရေ)ဟူသည် ဝိသုကြုံနတ်သား ဖန်ဆင်းခဲ့သော အဇိနစမ္မပင် ဖြစ်သည်။
ဆိုအပ်ပြီးသော အကြောင်းအရာတို့ကို ထောက်၍ အဇိနစမ္မဟူသည် (လက်သည်း ခြေသည်းရှိသော ကျားမျိုး သစ်မျိုး ကြောင်မျိုး မဟုတ်) သခုရံ = ခွါနှင့် တကွသောဟူသော ဝိသေသနကို ထောက်၍ ကျွဲ နွား မြင်းများကဲ့သို့ ခွါရှိသော သတ္တဝါ၏ အရေသာ ဖြစ်သည်။ ထိုအရေမှာလည်း အဆင်းအားဖြင့် အဋ္ဌသာလိနီအဋ္ဌကထာ၌ ပြသည့်အတိုင်း ပုန်းညက်ပန်းအခင်း၏ အဆင်းနှင့် တူသည်။ အတွေ့အထိမှာလည်း အလွန်နူးညံ့သိမ်မွေ့လှ၏။ ဤသတ္တဝါမျိုးသည် ဧဏီမည်သော သားကောင်ကဲ့သို့ ဟိမဝန္တာအရပ် ဟိမဝန္တာနှင့် နီးကပ်သော အရပ်များမှာသာရှိသော သားကောင်အထူး ဖြစ်၏။ ဤသားကောင်၏ အရေသည် အဆင်းလှပ နူးညံ့သိမ်မွေ့၍ ရရှိရန် အလွန် ခဲယဉ်းသောကြောင့် လူအပေါင်းတို့သည် ဤအရေကို အမြတ်တနိုး ပြုကြပြီးလျှင် မင်္ဂလာရှိသော အရေဟူ၍ ခေါ်ဝေါ်သမုတ်ကြကုန်၏။[၁]
မင်္ဂလာရှိသော အရေ
[ပြင်ဆင်ရန်]ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားသောအခါ သုဒ္ဓါဝါသဘုံသား ရဟန္တာဗြဟ္မာကြီးများ၏လက်မှ စတုမဟာရာဇ် နတ်မင်းကြီးလေးပါးတို့က လောက၌ မင်္ဂလာရှိသည်ဟူ၍ သမုတ်အပ်သည့် အတွေ့ကောင်းလှစွာသော ထိုသားကောင်အထူး၏ အရေ (သစ်နက်ရေ)ဖြင့် ခံယူကြကြောင်းကို ဇာတ်အဋ္ဌကထာ နိဒါန်း ဗုဒ္ဓဝင်အဋ္ဌကထာတို့၌- “ဗြဟ္မာနံ ဟတ္ထတော စတ္တာရော မဟာရာဇာနော မင်္ဂလသမ္မတာယ သုခသမ္ဖဿာယ အဇိနပ္ပဝေဏိယာ ဂဏှိံ သု”ဟူ၍ ပြဆိုတော်မူကြသည်။
ဤ ဆိုအပ်ပြီးသည်ကား “အဇိနစမ္မ”ဟူသော ပါဠိဝယ် ရှေးဆရာမြတ်တို့ “သစ်နက်ရေ”ဟု မြန်မာပြန်ဆိုခြင်းနှင့် စပ်လျဉ်း၍ အဂ္ဂမဟာပဏ္ဍိတ (ဤဗုဒ္ဓဝင်ကျမ်းကြီးကို အစအဦး ပြုစုသူ) ဆရာကြီး ဦးလင်း၏ စိစစ်ဝေဘန်ချက်တည်း။
“သစ်နက်ရေ”ဟု မြန်မာပြန်ဆိုသော ဆရာတော်မြတ်တို့အနက် အရှင်မဟာသီလဝံသ ဆရာတော်က ဆုတောင်းခဏ်းပျို့ ပိုဒ်ရေ (၈၅)၌- “ပွင့်ကြီးဧးမြက်၊ ပုန်းညက်သဘွယ်၊ ပန်းပြောက်ချယ်သို့၊ သပ္ပါယ်လှစွာ၊ ခြေသည်းမြွာတိ၊ အရာမပျက်၊ သစ်နက်အရေ၊ ဆောင်စနေကို၊ ပြေပြေပြစ်ပြစ်၊ ခေါက်စနစ်လျက်၊ တဘက်ဗယ်တင်၊ ထားပြီးကျင်မှ”ဟု (သခုရံဟူသော ပါဠိအရ ခွါနှင့်တကွဟု အနက်မပြန်ပဲ၊ ခြေသည်းမြွာနှင့် တကွသောဟု အနက်ပြန်၍) သစ်နက်ကိုပင် တိုက်ရိုက် စပ်ဆိုတော်မူသည်။[၁]
သစ်နက်နှင့် တူရမည့် သူတော်ကောင်း
[ပြင်ဆင်ရန်]မာန်လည် ဆရာတော်ဘုရားကြီးကလည်း မဃဒေဝလင်္ကာ ပဉ္စမပိုင်း တောထွက်ခဏ်း ဒုတိယပိုဒ်၌-
တောချောင်ခိုအောင်း၊ သားငှက်ပေါင်းကို၊ ချောင်း၍အစာ၊ ခုပ်သော့ခါလျှင်၊ လက်ျာကျမှ၊ စားကြစရိုး၊ အမျိုးလေ့ကျက်၊ မြဲမပျက်သည့်၊ သစ်နက်ကျင့်နေ၊ ဥပဒေကို၊ သက်သေပြုရှောင်း၊ အကြောင်းတမျဉ်၊ နိမိတ်ယှဉ်၍၊ အစဉ်မပြတ်၊ စွဲမှတ်နှလုံး၊ ကျင့်သုံးဖြစ်စေ၊ နည်းယူထွေဖြင့်၊ သေသေချာချာ၊ ခွါနှင့်တကွ၊ လှပချောပြေ၊ ထိုသားရေကို၊ အခြေမပျက်၊ ပခုံးထက်၌၊ ဆောင်လျက်မမှား၊ တရားမဖည်။ မြဲဆောက်တည်လျက်–
ဟူ၍ သစ်နက်တို့သည် အစာကို ခုပ်ဖမ်းသောအခါ လက်ျာသို့ကျသော အစာကိုသာစား၍၊ လက်ဝဲသို့ကျသော အစာကို မစားသကဲ့သို့၊ ရသေ့ ရဟန်းတို့သည်လည်း လက်ဝဲနှင့်တူသည့် မတရားသဖြင့်ရသော ပစ္စည်းကို မသုံးစွဲပဲ လက်ျာနှင့်တူသည့် တရားသဖြင့်ရသော ပစ္စည်းကိုသာ သုံးဆောင်မည်ဟု အဓိဋ္ဌာန်အားဖြင့် သစ်နက်ရေကို ဆောင်ယူကြကြောင်း စပ်ဆိုတော်မူသည်။[၁]