သစ်ကပ်မှော်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

သစ်ကပ်မှော်သည် ပင်စည်၊ အမြစ်၊ အရွက်ဟူ၍မရှိသော အပင်မျိုးဖြစ်သည်၊ ဖြူ၊ နီ၊ ညို၊ ပြာ၊စိမ်းစသည်ဖြင့် အရောင်အမျိုးမျိုး၊ ပုံပန်းသဏ္ဌာန်အမျိုးမျိုးတို့ဖြင့် သစ်ကပ်မှော်ပင် မျိုးပေါင်းမြောက်များစွာရှိရာ အမျိုးပေါင်း ၄ဝဝဝခန့်ကိုမူ အသိအမှတ် ပြုထားပြီးဖြစ်လေသည်။ သစ်ကပ်မှော် ဟူသော မြန်မာအမည်ဖြင့် ခေါ်ဝေါ် ကြသော်လည်း ယင်းအပင်မျိုးတို့သည် သစ်ပင်နှင့် သစ်ငုတ်တိုများတွင်သာ မက ပင်လယ်ကမ်းစပ်သဲခုံသောင်ပြင်၊ ကျောက်တုံးကျောက်ဆောင်နှင့် မြေရိုင်းဖုန်းဆိုးများတွင်ပါမကျန် ပေါက်ရောက်သည်ကို တွေ့ရှိကြရသည်။ ယင်းတို့သည် ရေမြေဒေသ မရွေးလှဘဲ အေးလွန်းသော အရပ်၊ ပူလွန်းသော အရပ်များ၌ပင် ပေါက်ရောက်နိုင်ကြသဖြင့် ကမ္ဘာ အရပ်ရပ် ဒေသ အနှံအပြား၌ သစ်ကပ်မှော်အမျိုးမျိုးတို့ကို တွေ့ရှိကြရလေသည်။

ယင်းတို့သည် နေရာဒေသမရွေး ပေါက်ရောက်နိုင်ခြင်းမှာ အကြောင်းရှိလေသည်။ ထိုအကြောင်းမှာ သစ်ကပ်မှော်ဟူ၍ ဖြစ်ပေါ်လာသော အပင်ဖွဲ့စည်းပုံ၏ သဘာဝ ဖြစ်ပေသည်။ သစ်ကပ်မှော်သည် အပင်နှစ်မျိုး ဖက်စပ်၍ တစ်ပင် ဖြစ်လာသော အပင်မျိုးဖြစ်ရာ ရုက္ခဗေဒ အားဖြင့် သဟဇီဝနဟု ခေါ်သည်။ သစ်ကပ်မှော်တွင်ဖက်စပ်ပါဝင်သော အပင်နှစ်မျိုးသည် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီကာ တစ်ဦးကိုတစ်ဦး အမှီသဟဲပြုပြီးလျှင် ရှင်သန်ကြရသည်။ ထိုဖက်စပ် ပါဝင်သော အပင် နှစ်မျိုးကား အယ်လဂျေပင်မျိုးနှင့် ဖန်းဂပ်မှိုမျိုးတို့ ဖြစ်လေသည်။ အယ်လဂျေပင်မျိုးတို့ကား မြစ် ချောင်း ကမ်းနားနှင့် ပင်လယ် သမုဒ္ဒရာတို့၌ ဆဲလ်တစ်ခုတည်း ရှိသည့် မှော်ပင်မျိုးဖြစ်သည်။ သစ်ကပ်မှော်တွင် ဖက်စပ် ပါဝင်သော ဖန်းဂပ်မှိုမျိုးသည် အယ်လဂျေပင် ကို အမှီသဟဲ မပြုရက ကြာရှည်စွာ မရှင်သန်နိုင်ချေ။ ထိုမှိုပင်သည် ကွန်ခြာသဖွယ် ဖြစ်နေသော ယင်း၏ အမျှင်များဖြင့် အယ်လဂျေပင်အား ရစ်ပတ်ထားလေသည်။ ယင်းသို့ အပင်နှစ်မျိုး ဖက်စပ်၍ ဖြစ်ပေါ်ရသည့် အခြေခံဖွဲ့စည်းမှု ရှိသောကြောင့် အခြားအပင်များ မပေါက်နိုင်သည့် အရပ်များတွင် သစ်ကပ်မှော်တို့ ပေါက်ရောက်နိုင်ခြင်း ဖြစ်သည်။

သစ်ကပ်မှော်၏ ကိုယ်ထည် တည်ဆောက်ပုံသည် အစတွင်ဆိုခဲ့သည့်အတိုင်း အမြစ်၊ ပင်စည်၊ အရွက် စသည်တို့ မရှိပဲ သဲလပ်ခေါ်သည့် မညီညာသော အလွှာများဖြင့်ပြီးသည်။ အခြားအခြားသော အပင်များသည် နေရောင်ခြည်မှ စွမ်းအားကိုယူ၍ (ကာဗိုဟိုက်ဒရိတ်) အစာချက်လုပ်စေနိုင်သော ကလိုရိုဖီ ဟုခေါ်သည့် အစိမ်းရောင်၊ သို့မဟုတ် အဝါရောင်ပစ္စည်းများပါရှိကြရာ ဖန်းဂပ်ပင်တို့တွင် ထိုပစ္စည်းမျိုး မပါရှိပေ။ ထိုကြောင့် အစာရရှိရေးအတွက် အယ်လဂျေပင်ကို ဖန်းဂပ်ပင်က အားထား ရသည်။ ယင်းသို့ အယ်လဂျေပင်တို့က အစာပေးသည်ကို တုံ့ပြန်သောအားဖြင့် ဖန်ဂပ်မှိုပင်များက အယ်လဂျေပင်တို့အား နေအပူရှိန်ကြောင့် သွေ့ခြောက်၍ သေမသွားစေရန် ရေနှင့် ဓာတ်သတ္တုတို့ကို စုဆောင်းပေး လေသည်။ ထိုကြောင့် ထိုအပင်နှစ်မျိုးတို့သည် တစ်ဦးကိုတစ်ဦး ကျေးဇှုးပြုကာ ရှင်သန်နေကြရသဖြင့် အစဉ်သဖြင့် ပူးတွဲကာ နှစ်ပင့် တစ်ပင်အဖြစ် ပေါက်ရောက်ကြရလေသည်။

သစ်ကပ်မှော်ဟူ၍ စတင်ဖြစ်ပေါ်ပုံမှာ ဖန်းဂပ်မှို၏ မျိုးမှုန်တစ်ခုသည် လေဖြင့်လွင့်၍ အယ်ဂျေ ပင်တို့ရှိရာသို့ ရောက်ရှိခဲ့ရာမှ ထိုအပင်မျိုးတို့ စတင်မျိုးတည် ပေါက်ပွားပြန့်နှံ့သည်ဟုဆိုကြသည်။ သစ်ကပ်မှော်တို့သည် မျိုးပြန့်ပွားလွယ်၍ လျင်မြန်စွာလည်း ရှင်သန်လွယ်သည်။ သစ်ကပ်မှော်တစ်ပင်ကို သေချာစွာ လေ့လာကြည့်ပါက အပေါ်ယံမျက်နှာပြင်တွင် ဖုန်တက်နေသကဲ့သို့ရှိသည်ကို တွေ့ကြရပေလိမ့်မည်။ ယင်းသည်ကား မျိုးမှုန်ကလေးများ ရှိနေကြခြင်းပင် ဖြစ်သည်။ ထိုသေးငယ်၍ ဖုန်မှုန့်ခန့်သာ ရှိသော မျိုးမှုန်ငယ်တစ်ခုတွင် ဖန်းဂပ်မှိုမျှင်ဖြင့် ရစ်ပတ်လျက်ရှိသော အယ်လေဂျဆဲလ် တစ်ခုစီ ပါရှိပြီးသား ဖြစ်ပေသည်။ ထိုဖုန်မှုန့်ကလေးများသည် လေဖြင့်လွင့်ပါရာမှ ကျရောက်ရာဒေသ၌ အပင်ပေါက် နိုင်ကြသည်။ ထိုကြောင့် နေရာဒေသမရွေး သစ်ကပ်မှိုမျိုးတို့ကို တွေ့ကြရလေသည်။ သစ်ကပ်မှိုပင်မျိုးတို့သည် သာလော့ဖီတာ မျိုးပေါင်းစုတွင် ပါဝင်သည်။ ၁၈၆၆ ခုနှစ်အထိ ယင်းတို့အား ပွင့်မဲ့အပင်မျိုးတွင် ထည့်သွင်းခဲ့သည်။ သို့သော် ယင်းတို့အား မှိုမျိုးတွင် ထည့်သွင်းခြင်းက ပို၍သင့်လျော်သဖြင့် အကစ်ကိုမိုင်စီးတီးဟူသော မှိုအုပ်စုတွင် ထည့်သွင်းခဲ့ကြရလေသည်။

အမျိုးပေါင်း ၄ဝဝဝ ကျော်မက ရှိသည်ဟု အစတွင်ဆိုခဲ့သည့်အတိုင်း အသွေးအရောင် ပုံပန်း သဏ္ဌာန် အမျိုးမျိုးရှိရာ အခြေခံသဲလတ်၏ ပုံပန်းကိုလိုက်၍ ဤသို့ ခွဲခြားထားသည်။ သစ်ရွက်ပုံ သဏ္ဌာန်နှင့်တူသော သစ်ကပ်မှော်တို့ကို ဖိုလီယိုအုပ်စုဟုခေါ်၍ ယင်းအုပ်စုဝင်တို့ကို ဝင်းခြံတိုင်စသည် တို့၌ ပေါက်ရောက်သည်ကို တွေ့ရသည်။ ခုံးခရုနှင့် သဏ္ဌာန်တူသော သစ်ကပ်မှော်တို့ကို ကရပ်စတေးရှပ် အုပ်စု၌ ထည့်သွင်းကြ၍ ယင်းတို့ကို ကျောက်တုံး ကျောက်ဆောင်များပေါ်၌ စိမ်းတလှည့်၊ ပြာတလှည့်ဖြင့် ပုံပန်း အမျိုးမျိုးဖော်ကာ ပေါက်ရောက်နေကြသည်ကို တွေ့ကြရသည်။ သေးငယ်သော ရေညှိ၊ သို့မဟုတ် အကိုင်းအခက်ကလေးများ ရှိ၍ ချုံဖုတ်ကလေးများနှင့်တူသော သစ်ကပ်မှော်တို့ကို ဖရုတီကို အုပ်စု၌ ထည့်သွင်းထားသည်။ ယင်းတို့သည် သစ်ပင်များ၌လည်းကောင်း၊ မြေကွက်လပ်များ၌လည်းကောင်း ပေါက်ရောက်ကြလေသည်။

သစ်မှော်တို့သည် အသုံးဝင်သော အပင်မျိုးဖြစ်သည်။ အကြောင်းမူ အခြားအပင်များ ပေါက်ရောက်ရန် ခဲယဉ်းသော နေရာများ၌ ယင်းတို့ပေါက်နိုင်ရန် မြေကို တဖြည်းဖြည်း ပြုပြင်ပေးကြသည်။ သစ်ကပ်မှော်မျိုးတို့တွင် အက်ဆစ်တစ်မျိုး ပါရှိရာ ထိုအက်ဆစ်ဓာတ်ဖြင့် မာကြောသော ကျောက်ဆောင် ကျောက်သားများကိုပင် ချေဖျက်၍ မြေကိုပျော့လာ စေသည်။ ယင်းတို့ သေသွားသောအခါ မြေကြီးနှင့် ရောနှော၍ မြေဩဇာဖြစ်လာကြသည်။ ထိုကြောင့် ထိုနေရာတွင် အခြားအပင်များ ပေါက်ရောက်လာနိုင်လေသည်။ ယင်းသို့ဖြင့် သစ်ကပ်မှော်တို့သည် မြေဆီလွှာကို ပြုပြင်ပေးကြသည်။ သစ်ကပ်မှော်မျိုးဝင် အပင်များစွာတို့၌ ကစီဓာတ် ပါသဖြင့် အချို့ဒေသများတွင် ယင်းတို့ကို လူတို့အတွက်လည်းကောင်း၊ တိရစ္ဆာန်တို့အတွက်လည်းကောင်း အစားအစာ ပြုလုပ်ကြသည်။ အိုက်စလန်ကျွန်းတွင် အိုက်စလန် ရေညှိပင်ဟု ခေါ်သည့် သစ်ကပ်မှော်တစ်မျိုးကို ပေါင်မုန့် ပြုလုပ်စားကြသည်။ မြောက်ဝင်ရိုးစွန်း နှင့်နီးကပ်သော ဒေသများ၌ တန်ဒြာ သမင်တို့၏ အဓိကအစာသည် တန်ဒြာရေညှိပင်ဟု ခေါ်သော သစ်ကပ်မှော်တစ်မျိုး ဖြစ်သည်။ အချို့ သစ်ကပ်မှော်မျိုးတို့ကိုမူ ဆိုးဆေးပြုလုပ်ရာ၌ အသုံးပြုကြလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)