သစ်ကတိုး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သစ်ကတိုး[ပြင်ဆင်ရန်]

သစ်ကတိုးပင်များကို မြန်မာနိုင်ငံ၌ ချင်းတွင်းမြစ်အထက်ပိုင်း၊ ကသာ၊ မေမြို့၊ အင်းစိန်၊သောင်ရင်းနှင့် ရခိုင်တိုင်းတို့တွင် တွေ့ကြရသည်။ ပူအိုက်စွတ်စိုသော ဒေသပေါက် ရွက်ကြွေပင်မျိုးဖြစ်ရာ အိန္ဒိယနိုင်ငံ၊ မလ္လာယုကျွန်းဆွယ် စသည်တို့၌လည်း ပေါက်ရောက်လေသည်။ ထိုအပင်မျိုးတို့သည် မီလီယေစီအီးမျိုးရင်းတွင် ပါဝင်၍ ရုက္ခဗေဒအမည်ဖြင့် ဆက်ဒရီလာ တူးနားဟု ခေါ်သည်။ ယင်းတို့သည် ပေ ၈ဝ မှ ပေ ၁ဝဝ အထိမြင့်နိုင်၍ လုံးပတ် ခြောက်ပေမှ ရှစ်ပေအထိ ရှိနိုင်သည်၊ ပင်စည် ဖြောင့်မတ်၍ အကိုင်း အခက် အရွက်တို့၏ အနေအထားလှပသဖြင့် တင့်တယ်ခန့်ညား၍ အရိပ်အာဝါသကောင်းသော သစ်ပင်ကြီးမျိုးဖြစ်လေသည်။

သစ်ကတိုးပင်၏ အရွက်များသည် တစ်ပေမှ နှစ်ပေအထိရှည်သော ငှက်မွှေးပုံ ရွက်ပေါင်းဖြစ် သည်။ ရွက်လက်တစ်ခုတွင် ရွက်မွှာလေးစုံမှ ၁၅စုံအထိ ပါရှိတတ်၍ တစ်ခါတစ်ရံ ထိပ်ရွက်မွှာ ပါရှိလေ သည်။ အရွက်နုကလေးများသည် ထွက်လာစတွင် နီရဲနေရာမှ တဖြည်းဖြည်း အရောင်ပြောင်းလာကာ အရွက်များရင့်လာသောအခါ တောက်ပသော အစိမ်းရောင် ဖြစ်လာလေသည်။ သစ်ကတိုးပင်များသည် ဒီဇင်ဘာလမှ မတ်လ အလယ်လောက်အထိ အရွက်များကြွေလေသည်။ မတ်လနှင့် မေလအတွင်း အပွင့်များ ပွင့်သည်။ အပွင့်များသည် ငါးပိုင်း တစ်ပိုင်း လက်မခန့် ရှည်၍ အဖြုရောင် ဖြစ်ပြီးလျှင် အနံ့သင်းသင်း ရှိသည်။ အကိုင်းဖျား အခက်ဖျားမှ အပွင့်များထွက်၍ ပွင့်သည်။ မေလနှင့် ဇူလိုင်လအတွင်း အသီးများသီးသည်။ အသီးသည် တစ်လက်မနီးပါးရှိ၍ အလယ် အူတိုင်မှ အကန့် ငါးကန့် ဖြာထွက်သည်။ အသီးရင့်၍ မှည့်လာပြီးနောက်တွင် ခြောက်သည့်အခါ အက်ကွဲထွက်သော အသီးမျိုးဖြစ်သည်။ အသီးကွဲအက်၍ အစေ့များထွက်ကျသော်လည်း အကန့်များ သည် အသီးတွင် နေရာဟောင်းအတိုင်းကျန်ရစ်သည်။ အစေ့ထွက်ကျပြီးသော အသီးများသည်လည်း အပင်တွင် ထိုအတိုင်းနေကာ အရွက်များကြွေသည့် ကာလတိုင်အောင် အသီးဟောင်းများ မကြွေသေးဘဲ ရှိနေသည်ကို တွေ့ရတတ်လေသည်။

အစေ့တို့သည် အညိုနုရောင်ရှိ၍ ခပ်ပြားပြားဖြစ်ပြီးလျှင် ပေါ့ပါးသည်။ အစေ့များ၏ အဖျား စွန်းနှစ်ဖက်တွင် တောင်ပံသဖွယ်ဖြစ်သော ဘေးသား ရှိလေသည်။ သစ်ကတိုးအေခေါက်သည် အပင်နုစဉ်အခါတွင် ချာမွတ်သော်လည်း ရင့်လာသည့်အခါ အလျားလိုက် နှင့် ထောင်လိုက် ပပ်ကြားအက်များပေါ်လာရာ အကြေးခွံများ ထနေသည်နှင့် တူလေသည်။ ထိုအခေါက်များသည် အားဆေးများ ဖေါ်စပ်ရာ၌ ဆေးဖက်ဝင်သည်ဟု ဆိုကြသည်။ ထို့ပြင် ဖန်သော သတ္တိရှိသဖြင့် ချုပ်ဆေးများ၌လည်း ယင်းတို့ကို ထည့်သွင်း အသုံးပြုကြလေသည်။ အပွင့်များမှလည်း အဝါရောင် ဆိုးဆေးတစ်မျိုး ကို ရနိုင်သည်။သို့သော် သစ်ကတိုးပင်၏ အဖိုးအတန် ဆုံး အစိတ်အပိုင်းမှာ သစ်သားဖြစ်လေသည်။ သစ်ကတိုးသားသည် နီကြန့်ကြန့်အရောင်ရှိ၍ မွှေးကြိုင်သောအနံ့ရှိသည်။ ထို့ကြောင်ပင် သစ်ကတိုး ဟူသောအမည် တွင်ဟန်တူပေသည်။

ကမ္ဘာ့ဈေးကွက်တွင် မန်မာသစ်ကတိုးကို ဒဗားမားဆီဒါဒ ဟူသော အမည်ဖြင့် အရောင်းအဝယ်ပြု ကြသည်။ အိန္ဒိယနှင့် ပါကစ္စတန်တွင်မူ 'တွန်း'ဟုခေါ်သည်။ သစ်ကတိုးသားသည် ခြမစားလွယ်ဟု ဆိုကြသည်။ လေသလပ်ခံနည်းဖြင့် အသားသေပြီးသော သစ်ကတိုးသား ကုဗတပေသည် ပေါင်၃ဝမျှသာအချိန်စီးသည်။ ထိုသစ်မျိုးသည် ခွဲဖြတ်စိတ်ဖြာရန် လွယ်ကူသော်လည်း အပူအအေးကိုလိုက်၍ ရှုံ့တွဖောင်းပွနိုင်လေသည်။ထိုကြောင့် အိမ်ထောင်ပရိဘောဂ ပစ္စည်းများ ပြုလုပ်ရာ၌ အတွင်းကျသောနေရာများ၌သာ အသုံးများလေသည်။ သစ်ကတိုးသားကို သေတ္တာများ၊ လှေများ ပြုလုပ်ရန်လည်း သုံးကြသည်။ အတော်အတန် ပေါ့ပါးသော သစ်မျိုးဖြစ်၍ လောင်းလှေများကိုလည်း ထိုအသားဖြင့် ပြုလုပ်ကြသည်။

သစ်ကတိုးသည် တောင်တမာ၊ ရေတမာတို့နှင့်လည်း အပင်ချင်း ဆင်ဆင်တူသည်။ သို့သော် တောင်တမာနှင့် ရေတမာပင်တို့သည် မျိုးစိတ်ကွဲများဖြစ်၍ ယင်းတို့၏ အရွက်များသည် သစ်ကတိုး ရွက်များထက် ပို၍ ရှည်သည်။ အပွင့်ရောင်ခြင်းလည်း မတူချေ။ သစ်သားသည်လည်း အနီရောင် ဖျော့၍ သစ်ကတိုးသားလောက် အသုံးမဝင်ချေ။ သစ်ကတိုးသည် အစေ့ပျိုး၍ စိုက်နိုင်သော အပင်မျိုးဖြစ်သည်။ သို့သော် အစေ့လတ်ဆတ်မှ ရှင်သန်လွယ်သည်။အကြီးမြန်သော်လည်း မြေဩဇာကောင်းနှင့်ရေများစွာလိုသည်။ လမ်းဘေးတစ်လျှောက် တွင် အရိပ်ရရန် စိုက်ပျိုးသင့်သော အပင်မျိုးဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)