သစ္စာပန်း

ဝီကီပီးဒီးယား မှ
သစ္စာပန်း
en:Gladiolus italicus
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Monocots
မျိုးစဉ်: Asparagales
မျိုးရင်း: Iridaceae
မျိုးရင်းသေး: Crocoideae
မျိုးဇာတ်: Gladioleae
L.
အမျိုးအစား မျိုးစိတ်
Gladiolus communis
L.
မျိုးစိတ်

၂၆၀ ခန့်ရှိ

Synonyms[၁]
× Gladanthera J.M.Wright
× Homoglad Ingram
Wild Gladiolus, Behbahan, Iran
အီရန်နိုင်ငံ၊ ဘေဘဟန်မြို့(Behbahan)တွင်တွေ့ရသော သစ္စာပန်းတစ်မျိုး (Gladiolus italicus)

ပန်းခြံများ၊ ပန်းဥယျာဉ်များ၌ အလှစိုက်ပျိုးရန်ဖြစ်စေ၊ ပန်းအိုး ပန်းစိုက်များ၌ ပန်းအလှထိုးရန်ဖြစ်စေ၊ ပန်းပြပွဲများ၌ ပန်းအလှပြရန်ဖြစ်စေ အသုံးများသော ပန်းတစ်မျိုးမှာ အသွေး အရောင်စုံရှိ၍ ကြွကြွရွရွ အဖူးအပွင့်တို့ဖြင့် ကြော့ရှင်းလှပသော သစ္စာပန်းများ ဖြစ်ကြသည်။

သစ္စာပန်းတို့သည် လိလီပန်းမျိုးနှင့်လည်း ဆင်ဆင်တူ၍ အိုင်ရစ်ပန်းမျိုးတွင် ပါဝင်ပြီးလျှင် မျိုးရင်း၏အမည်မှာ အိုင်ရီဒေစီအီးဖြစ်သည်။ သစ္စာပန်းပင်တို့သည် သန်မာထွားကြိုင်းစွာ ပေါက်ရောက်သည့်အခါ အမြင့် လေးပေမှ ငါးပေအထိ ရှိတတ်သည်။ ပင်စည်သည် သေးသွယ်ရှည်လျား၍ အသားများသော ပင်စည်မျိုးဖြစ်သည်။ ဓားရှည်၏ ပုံသဏ္ဌာန်နှင့်တူ၍ အဖျားချွန်ပြီးလျှင် ရှည်လျား သည့် အရွက်များသည် အပင်ရင်း၌ ဖွင့်ချည်ပိတ်ချည် ပြုနိုင်သော ယပ်တောင်ကဲ့သို့ တစ်ခုနှင့်တစ်ခု ထပ်၍ ထွက်သည်။ ထိုကြောင့် ဓားရှည်ပုံသဏ္ဌာန်တူသော အရွက်များရှိသည့် သစ္စာပန်းကို ဂလက်ဒီလပ်ဟု အနောက်နိုင်ငံများ၌ ခေါ်ကြခြင်းမှာ ဓားရှည်ကို ဂလက်ဒီယပ်ဟု လက်တင်ဘာသာဖြင့် ခေါ်ဝေါ်ခြင်းကို အစွဲပြု၍ဖြစ်သည်။ ထိုပန်းမျိုး၏ ရုက္ခဗေဒအမည်သည်လည်း ဂလက်ဒီယိုလပ်ပင် ဖြစ်လေသည်။

အရွက်ရှည်ရှည် ချွန်ချွန်များအလယ်မှ သေးသွယ်ရှည်လျား၍ များသောအားဖြင့် မားမား မတ်သော ပွင့်တံများထွက်လာပြီးလျှင် ပွင်တံအဖျားတွင် ထိပ်ချွန်သော ပန်းခိုင်မျိုး ပွင့်သည်။ ပန်းပွင့်များသည် ပွင့်တံ၏ တစ်ဖက်သပ်သပ်၌ အပွင့်ချင်း လွှဲထွက်ကာ ဆင့်ရရင့် လှပစွာ ဖူးပွင့်ကြ သည်။ အောက်ဘက်မှ အပွင့်များသည် ဦးစွာ ပွင့်၍ အပေါ်ပိုင်းမှ အဖူးချွန်ချွန်များသည် တစ်ခုပြီးတစ်ခု ပွင့်လိုက်လာကြသည်။ အောက်ဘက်မှ အဖူးများ ပွင့်အာစပြုလျှင်ပင် ပန်းခိုင်များကို ခူးဖြတ်လိုက်သည့် တိုင်အောင် အပွင့်များသည် အဖူးများ ကုန်လုနီးသည့် တိုင်အောင် တစ်ပွင့်ပြီး တစ်ပွင့် ပွင့်ကြသည်။ အပွင့်၏ပုံသဏ္ဌာန်သည် အော်လံ ပုံသဏ္ဌာန်ကဲ့သို့ အဝကား၍ ပွင့်ဖတ်တို့သည် အနားညီ မဟုတ်ချေ။ ပွင့်ဖတ်ကလေးများသည် ပိုးသားကဲ့သို့ ချောမွတ်ကာ တောင့်တောင့်ကလေးဖြစ်သည်။ သစ္စာပန်းသည် သင်းပျံ့မွှေး ကြိုင်သော ယနံ့မရှိပေ။ သစ္စာပန်းမျိုးတို့၏ မူလပေါက်ရောက်ရာဒေသသည် တောင်အာဖရိကတိုက် ဖြစ်သည်။ ယင်းမှ တစ်ဆင့် အာဖရိကတိုက် အလယ်ပိုင်း၊ ဥရောပတိုက်တောင်ပိုင်း၊ အလယ်ပိုင်း၊မြောက်ပိုင်း၊အမေရိကတိုက်နှင့် အာရှတိုက်သို့ တိုင်အောင် မျိုးပျံ့နှံ့ခဲ့သည်။ အချို့က တူရကီနီုင်ငံမှ သစ္စာပန်းမျိုး အချို့သည် ၁၅၉၆ ခုနှစ်တွင် ဥရောပသို့ ရောက်ရှိခဲ့သည်ဟု ဆိုကြသည်။

မူလက သစ္စာပန်းမျိုးတို့သည် မျိုးစိတ်အားဖြင့် မများလှချေ။ ဥရောပ ပန်းပါရဂူများ အထူးသဖြင့် ဒပ်ချ်လူမျိုး ပန်းပါရဂူများသည် အမျိုးမျိုးအဖုံဖုံ မျိုးစပ်ခဲ့ကြသဖြင့် ယခုအခါ သစ္စာပန်း မျိုးစိတ်ပေါင်း ၂ဝဝ ကျော်ခန့် ရှိလေပြီ။ မျိုးစပ် သစ္စာပန်းမျိုးတို့သည် မူလ သစ္စာပန်းမျိုးတို့ထက်ပင် အဆင်အသွေး ပိုမိုထူးကဲလှပသဖြင့် မူလ သစ္စာပန်းမျိုးတို့မှာ ရုက္ခဗေဒဥယျာဉ်များမှလွဲလျှင် အတွေ့ရ အလွန်နည်းနေပေသည်။

သစ္စာပန်းကို မျိုးစပ်ရခြင်းသည် မလွယ်ကူလှချေ။ ဖူးဆက်ကူးခြင်းနှင့် အစေ့များဖြင့် မျိုးစပ်ခြင်းသာ ပြုလုပ်နိုင်သဖြင့် သုံးနှစ်ခန့်ကြာမှသာလျှင် မျိုးစပ်ပင်မှ စတင်ဖူးပွင့်သည်။ ထို့ပြင် အလိုရှိသော အဆင်အသွေးမျိုးအတိုင်းလည်း ဖြစ်ချင်မှ ဖြစ်ပေသည်။ သို့တစေ၊ ပန်းပါရဂူများ၏ လုံလဝီရိယနှင့် ဇွဲသတ္တိတို့ကြောင့် အရောင်အသွေး အဆင်အသွင် ထူးခြားစုံလင်သော သစ္စာပန်းမျိုး များစွာပေါ်ထွန်းခဲ့ရာ သစ္စာပန်းရောင်စုံတို့ ဖူးပွင့်နေပုံသည် အရောင်အသွေးခြယ်လှယ်မှု၌ ကျွမ်းကျင်သော ပန်းချီကျော်တစ်ဦးက အရောင်အသွေးကျကျ ပန်းချီ စုတ်ချက် ကစားထားဘိသကဲ့သို့ ကြည့်မဝ ရှုမငြီးစရာ ဖြစ်ပါပေသည်။ ဟော်လန် သစ္စာပန်းမျိုးကြီးဟု ခေါ်ကြသော သစ္စာပန်းမျိုးသည် ချိုင်းစီအမျိုးအစားဟုခေါ်သော မျိုးစပ် သစ္စာပန်းမျိုးတွင် ပါဝင်သည်။ သစ္စာပန်းအပုမျိုး၊ အရှည်မျိုး၊ အလတ်စားမျိုးဟူ၍ ရှိသည့် အနက် ထိုသစ္စာပန်းကြီးမျိုးသည် အပုမျိုးနှင့်အရှည်မျိုးကိုစပ်၍ရသော မျိုးစိတ်တစ်ခုဖြစ်သည်။ အပွင့်ကြီး များ ထူးကဲကြီးမားကြရာ အချင်း ခုနစ်လက်မမှ ကိုးလက်မအထိ ရှိသည်။ အရောင်အသွေး အလွန် စုံသော အမျိုးအစားလည်းဖြစ်ရာ အဖြူရောင်မှအစပြု၍ ပန်းနု၊ပန်းရင့်၊ခရမ်း၊မရမ်း အသွေးအရောင် အမျိုးမျိုးအပြင် အနီရောင် အနုအရင့်အစုံစုံ အဝါသွေးအနုအရင့် အဖုံဖုံတို့အပြင် ချစ်စဖွယ် အသွေး အရောင် အဆန်းအပြားတို့ကလည်း အံ့မခန်းလောက်စဖွယ် စုံလင်လှပေသည်။ အချို့သည် အပွင့်ရောင် တစ်ပိန်းတည်း မဟုတ်ဘဲ အစက်အပြောက်၊ အကွက်အကျားတို့ဖြင့် တစ်မျိုးတစ်ဖုံ ဆန်းသစ်လှပကြလေ သည်။ နောက်ဆုံးပေါ် ထိုသစ္စာပန်းမျိုးမျိုးမှာ တောက်ပသော ကြည်ပြာရောင် နုကလေးတွင် လှပသော အမည်းပျောက်ကလေးများ ကြွရွစွာ ပေါ်နေသော ဟော်လန် သစ္စာပန်း မျိုးပြားတစ်မျိုးပေတည်း။ အပုမျိုး၊အရှည်မျိုးနှင့် အလတ်စားမျိုးတို့တွင်မူ ဟော်လန် သစ္စာပန်းမျိုးကဲ့သို့ မျိုးစိတ် မျိုးပြား မများလှချေ။ အသွေးအရောင်လည်း မများပြားလှသော်လည်း အရောင်မျိုးစုံ ၂ဝ ခန့် ရှိသည်။ ဟော်လန် သစ္စာပန်းမျိုးသည် မြန်မာနိုင်ငံတွင် မဖြစ်ထွန်းလှချေ။ မြန်မာနိုင်ငံတွင် အရောင်း အဝယ်ဖြစ်သော အမျိုးအစားမှာ အလတ်စား သစ္စာပန်းမျိုး ဖြစ်သည်။ သစ္စာပန်းမျိုးတို့သည် ပထမကမ္ဘာစစ်ပြီးကာလခန့်က မှ ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့ခဲ့သည်။ ယင်းခေတ်မတိုင်မီက ဟော်လန်၊ အင်္ဂလန် စသော ဥရောပနိုင်ငံများ၌သာ အများအပြား စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံသို့ ၁၉၂၅ ခုနှစ် ခန့်က ထိုပန်းမျိုး ရောက်ရှိလာရာ မေမြို့ ရုက္ခဗေဒဥယျာဉ်နှင့် ဘုရင်ခံအိမ်တော်၌သာ စတင်စိုက်ပျိုးခဲ့သည်။ ၁၉၂၇ ခုနှစ် နောက်ပိုင်းမှသာ အပြင်လူများလည်း စမ်းသပ်စိုက်ပျိုး လာကြသည်။

မေမြို့၊ ကလော၊ တောင်ကြီးစသောမြို့များနှင့် ဆင်ခြေဖုံးဒေသများတွင် ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီခေတ်ကပင် သစ္စာပန်းကို စိုက်ပျိုး ရောင်းဝယ်လာ ကြသည်။ အခြားမြို့ရွာများတွင် လွတ်လပ်ရေး ရပြီးနောက်တွင်မှ စိုက်ပျိုးလာကြသည်။ အထူးသဖြင့် ရန်ကုန်ဆင်ခြေဖုံး ဒေသများတွင် စိုက်ပျိုးသူ များပြားလေသည်။ သစ္စာပန်းများသည် မေမြို့နှင့် ရှမ်းပြည်မြောက်ပိုင်း၊ တောင်ပိုင်းတို့တွင် မတ်လလောက်မှ စပြီး ဖူးပွင့်ကြရာ ဇူလိုင်လကုန်ခန့်အထိ အရောင်းအဝယ်လှိုင်သည်။ မြန်မာနိုင်ငံအောက်ပိုင်းမြို့များတွင် မိုးရာသီကျမှ စိုက်ပျိုး ကြသည်။ အနောက်နိုင်ငံများ၌ နွေကူးရာသီတွင် စတင်စိုက်ပျိုးကြလေသည်။

သစ္စာပန်းပင်သည် ကွမ်းခေါ် ဥတက်မှ အပင်ပေါက်သည်။ ပန်းပွင့်ကျသောရာသီတွင် ဥတက် များကို မြေမှဖော်ထုတ်၍ ခြောက်သွေ့သောနေရာတွင် သိမ်းထားရသည်။ သို့မှသာ ဥတက်များ အပျက် အစီး နည်းသည်။ အနောက်နိုင်ငံများတွင် ဆောင်ကူးရာသီတွင် ဥတက်များကို တူးဖော် သိမ်းထား၍ နွေကူးရာသီတွင် ပြန်စိုက်ကြသည်။ သစ္စာပန်းပင်တို့သည် ရေကောင်းစွာရရှိ၍ မြေဩဇာကောင်းသော မြေပျော့မျိုး၌ ဖြစ်ထွန်းသည်။ မြေဆွေးနှင့် နောက်ချေးမြေမျိုးကို နှစ်သက်သည်။ မြေများ ပြုပြင်ပြီးထားသော စိုက်ခင်းမြောင်းဘောင်မို့မို့တွင် ဥတက်တစ်ခုလျှင် ခြောက်လက်မခန့် ခွါလျက် ကျင်းတိမ်တိမ်တူး၍ စိုက်ရသည်။ ဟော်လန် သစ္စာပန်း ကြီးမျိုးသည် ပန်းတစ်ခိုင်လျှင် ၁ဝ ပွင့်မှ အပွင့် ၂ဝ နီးပါးရှိ၍ အပင်၌မခူးဘဲ ထားလျှင် ၁၅ ရက်ကျော်ခန့် ခံသည်။ သို့သော်ဥတက်များသည် အပျက်အစီးများ၍ အသစ်ပွားသော ဥတက်များက လည်း သုံးနှစ်လေးနှစ်နေမှ ပွင့်သဖြင့် စီးပွားရေးအတွက်စိုက်ပျိုးသူများအဖို့ တွက်သားမကိုက်ချေ။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. GladiolusRoyal Botanic Gardens, Kew: World Checklist of Selected Plant Families။ 10 April 2014 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)