အေး၊ သခင်

ဝီကီပီးဒီးယား မှ
(သခင်အေး မှ ပြန်ညွှန်းထားသည်)

အေး၊ သခင် (ခရစ် ၁၉ဝ၆-၁၉၈၅)[ပြင်ဆင်ရန်]

ကိုလိုနီခေတ် တို့ဗမာအစည်းအရုံး စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူ နိုင်ငံဂုဏ်ရည်ဘွဲ့ ပထမဆင့်ရ သခင်အေးကို ပြည်ခရိုင် ရွှေတောင်မြို့၌ အဖ ဦးဖိုးချိပ်၊ အမိ ဒေါ်ကျော့တို့က ၁၉ဝ၆ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် မွေးဖွားသည်။

သခင်အေးသည် ငယ်စဉ်ကပင် ရန်ကုန်မြို့သို့ ရောက်ရှိကာ ပညာသင်ကြားခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် အမိန့်တော်ရ ရှေ့နေစာမေးပွဲကို အောင်မြင်၍ ဂျီ-စီ-ဘီ-အေ၏ ဝံသာနုသတင်းစာ အယ်ဒီတာအဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ဒေါ်အေးစိန်နှင့် အိမ်ထောင်ကျသည်။ သခင်အေးသည် မြန်မာတိုင်းရင်းသား အခွန်ထမ်းများအား ကာကွယ်စောင့်ရှောက်ရန်နှင့် အခွန်ထမ်းများအကျိုးကို ဆောင်ရွက်ရန် ဗဟိုအခွန်ထမ်းအဖွဲ့ကြီး ဖွဲ့စည်းတည်ထောင်ရာ၌ အဖွဲ့ကြီး၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ တို့ဗမာအစည်းအရုံး စတင်တည်ထောင်ရာ၌ ကူညီထောက်ခံ အားပေးခဲ့ပြီး အစည်းအရုံးဝင် သခင်ဖြစ်လာခဲ့သည်။ ထို့နောက် တို့ဗမာအစည်းအရုံး၏ အလုပ်မှုဆောင်အဖြစ်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၉၁ ဌာန အုပ်ချုပ်ရေးကန့်ကွက် လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့သည်။ ကိုယ့်မင်းကိုယ့်ချင်းပါတီကို ထူထောင်၍ ရွေးကောက်ပွဲဝင်ကာ တို့ဗမာဝါဒကို ပြည်နယ်အနှံ့ ဖြန့်ခဲ့သည်။

သခင်အေးသည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဗမာ ဂျပန် ပူးပေါင်းဆောင်ရွက်ရေး မြေအောက်လုပ်ငန်းများကို လျှို့ဝှက်စွာ ဆောင်ရွက်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။၁၉၄၂ ခုနှစ် ဗမာ့လွတ်လပ်ရေးတပ်မတော်နှင့် ဂျပန်တပ်များ သိမ်းပိုက်ပြီးသော ဒေသများတွင် သခင်ထွန်းအုပ်ဦးဆောင်သော ငြိမ်ဝပ်ပိပြားရေးကော်မတီ ဖွဲ့စည်းတည်ထောင်အုပ်ချုပ်ရာ၌ ဗဟိုငြိမ်ဝပ်ပိပြားရေးကော်မတီ ဥက္ကဋ္ဌ သခင်ထွန်းအုပ်နှင့် အတူ တွဲဖက်ဆောင်ရွက်ခဲ့သည်။

၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဂျပန်ဗိုလ်ချုပ်ကြီး အီဒါက စစ်အုပ်ချုပ်ရေးရုပ်သိမ်းပြီး မြန်မာပြည် လွတ်လပ်ပြီဖြစ်ကြောင်း ကြေညာ၍ ဂျပန်ခေတ် နိုင်ငံတော်အဓိပတိအဖြစ် ဒေါက်တာဘမော်အား ဆောင်ရွက်စေရာတွင် သခင်အေးသည် နိုင်ငံတော်အဓိပတိ၏ အတိုင်ပင်ခံအဖွဲ့၌ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းခံရသည်။ ထို့နောက် ၁၉၄၅ ခုနှစ် အင်္ဂလိပ်များ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ပြီးနောက် ဘုရင်ခံအုပ်ချုပ်ရေးတွင် ဘုရင်ခံ ၏ အတိုင်ပင်ခံ ဥပဒေပြုလွှတ်တော်အမတ်အဖြစ် ရွေးချယ်ခန့်ထားခြင်းခံရသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လတွင် အခြားသခင်ခေါင်းဆောင်အချို့နှင့်အတူ ပုဒ်မ ၅ ဖြင့် ဖမ်းဆီးခံရသည်။

သခင်အေးသည် မိမိကိုယ်ပိုင် အောင်မြင်ကြောင်း မဂ္ဂဇင်း၊ အောင်မြင်ကြောင်းသတင်းစာတို့ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီး ညနေထုတ် သခင်အမည်ရှိ နှစ်ပြားသတင်းစာကို စစ်ကြိုခေတ်က တာဝန်ခံ ပုံနှိပ်ထုတ်ဝေခဲ့ သည်။ စစ်ပြီးကာလတွင်လည်း သခင်နေ့စဉ်သတင်းစာကို ထပ်မံတာဝန်ယူ ပုံနှိပ်ထုတ်ဝေခဲ့သည်။

လွတ်လပ်ရေး ရပြီးနောက် နိုင်ငံရေးမှ အနားယူကာ ဗမာ့ နိုင်ငံရေး သမိုင်းနှင့် နိုင်ငံရေးဆောင်းပါးများ၊ အခြားစာပေများ ပြုစုရေးသားခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးအစိုးရ တက်လာသည့်အခါ ဂျပန်နိုင်ငံတွင် ကုန်သွယ်ရေးရုံး သွား ရောက်ဖွင့်လှစ်ကာ ကုန်သွယ်ရေးကိုယ်စားလှယ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ရသည်။

၁၉၈ဝ ပြည့်နှစ် ဇွန်လတွင် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်ကောင်စီက သခင်အေးအား နိုင်ငံဂုဏ်ရည်ဘွဲ့ ပထမဆင့်ကို ချီးမြှင့်ခဲ့သည်။ သခင်အေးသည် ၁၉၈၅ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)