သကြားလုံး

ဝီကီပီးဒီးယား မှ

သကြားလုံးသည် ယခုအခါ ယဉ်ကျေးသောနိုင်ငံတိုင်း၌ ကြီးငယ် မရွေး သုံးဆောင်သော စားစရာတစ်မျိုးဖြစ်သည်။ မြန်မာဝေါဟာရဖြင့် သကြားလုံးဟု သိမ်းကျုံးခေါ်သော်လည်း အမှန်အားဖြင့် သကြားလုံးတိုင်းသည် အလုံးကလေးများချည်းမဟုတ်ချေ။ အလုံး၊ လေးထောင့်၊ အပြား၊ အဝိုင်း စသည်ဖြင့်စိတ်ကူးရမိသည့် သဏ္ဌာန်အမျိုးမျိုးပြုလုပ်ထားလေသည်။ သို့ရာတွင် သကြားပါ၍ချိုရဲသောအရသာရှိခြင်းကား သကြားလုံးများ၏ ယေဘုယျ သဘောပင်ဖြစ်လေသည်။

သကြားလုံးကို သကြားတစ်မျိုးတည်းဖြင့်သာ ပြုလုပ်သည်မဟုတ်ဘဲ အခြားချိုဆိမ့်သော အရသာရှိသည့် ပစ္စည်းများပါထည့်သွင်းပြုလုပ်သည်။ ထို့ပြင် အနံ့မွှေးကြိုင်စေရန်အတွက် ဗနီလာရနံ့ထည့်သွင်း၍ လှပတင့်တယ်စားချင်စဖွယ်ဖြစ်စေရန် ဆေးရောင်အမျိုးမျိုးတင်ပေးလေသည်။ သကြားလုံးများသည် ပထမပေါ်စက လူတိုင်းဝယ်ယူသုံးဆောင် နိုင်သောစားစရာမဟုတ်ဘဲ ငွေကြေးချမ်းသာသူများသာ စားသုံးနိုင်သော ဇိမ် ခံအစားအစာဖြစ်ခဲ့သည်။ သို့ရာတွင် တစ်ဖြည်းဖြည်း လူကြိုက်များလာသ ဖြင့် ဆင်းရဲချမ်းသာမရွေး စားသုံးနိုင်အောင် စီမံပြုလုပ်ကြလေသည်။ ယင်း သို့ အများသုံးအတွက်ပြုလုပ်လာကြသောအခါ အမျိုးအစားညံ့၍ဖြူနီကြောင် ကြား ဆေးဆိုးထားသော အပေါစားသကြားလုံးများ အမြောက်အမြားထွက် ပေါ်လာလေသည်။ ထိုမှတစ်ဆင့် အမျိုးအစား အသင့်အတင့်ကောင်းမွန်၍ ဈေးလည်း မကြီးလှသောသကြားလုံးများကို တိုးတက်ချဲ့ထွင်လုပ်ကိုင်လာကြ သည်။ ယခုအခါတွင်ကား သကြားလုံးလုပ်ငန်းမှာ ကြီးကျယ်လာပြီးလျှင် ကမ္ဘာအနှံ့အပြား လူတန်းစားမရွေး ဝယ်ယူသုံးဆောင်နိုင်သော အဖိုးနှုန်းထား ဖြင့် အများအပြားရောင်းချနိုင်လေပြီ။ သကြားလုံးများကိုလည်း တစ်နေ့တစ် ခြား ဆန်းသစ်လှပသော ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ထူးခြား၍အရသာရှိလာ အောင်တီထွင်ပြုလုပ်ကြလေသည်။

သကြားလုံးပြုလုပ်ပုံပြုလုပ်နည်းမှာ အမျိုးမျိုးဖြစ်လေသည်။ များ သောအားဖြင့် သကြားလုံးပြုလုပ်ရာတွင် သကြားနွားနို့၊ အမွှေးရည်နှင့် အရောင်တင်ဆေးများကိုထည့်သွင်းအသုံးပြုရသည်။ အချို့သောသကြားလုံး မျိုးတွင်ကား ချိုဆိမ့်သောသစ်သီးဆန်များ ပါရှိတတ်သည်။ အအီပြေစားသုံး ရန် ခပ်ချဉ်ချဉ်ပြုလုပ်ထားသောသကြားလုံးမျိုးလည်းရှိပေသည်။ သကြားလုံးများ ပြုလုပ်ရာတွင်များသောအားဖြင့် ကြွေရည်သုတ် ခွက်များကိုသာအသုံးပြုရသည်။ နွားနို့၊ သကြားစသည်တို့ကို ထိုခွက်ကြီး များတွင်ထည့်ကျို၍ အနည်းငယ်ပျစ်ခဲလာသောအခါ အုန်းသီးဆန်၊ ဗာဒံစေ့ စသော အဆာများနှင့်အမွှေးအကြိုင်များထည့်ပေးရသည်။ ထို့နောက် ကျို ထားသောအရည်ကို လက်ဖြင့်ပုံသွင်းပြီးနောက် ခဲသွားနိုင်မည့်အနေတွင် ဖိုပေါ်မှချပြီးလျှင် ထောပတ်သုတ်ထားသော ကြွေရည်သတ်ခွက်များထဲသို့ လောင်းချရသည်။ ထိုအခါမှ ကျိုထားသောအရာများအေး၍ ခဲမသွားမီ အလို ရှိရာ သကြားလုံးပုံအမျိုးမျိုးကို ပုံစံခွက်ဖြင့်လည်းကောင်း၊ ဓားဖြင့် ခွဲစိတ်၍ လည်းကောင်း ပြုလုပ်ပေးရလေသည်။

သကြားလုံးပြုလုပ်ပုံ အခြေခံမှာ အထက်ပါအတိုင်းဖြစ်သော်လည်း မိမိတို့နှစ်သာက်ရာ အမျိုးအစားမျိုးရရှိအောင် အမယ်များထည့်၍ ပြုလုပ်နိုင် လေသည်။ အမယ်များထည့်ရသောအမယ်မှာ သကြားဖြစ်၍ နွားနို့ကောင်း မရနိုင်လျှင် နို့ဆီ၊ နို့စိမ်းများကိုအသုံးပြုနိုင်လေသည်။ သကြားလုံးများသည် မပုပ်မသိုးနိုင်ဘဲ တာရှည်ထား၍ စားသုံး နိုင်သော စားစရာမျိုးဖြစ်သည်။ ပြုလုပ်ရာတွင်လည်းခဲခဲယဉ်းယဉ်း မရှိလှဘဲ အားလပ်သည့်နေ့ရက်များတွင် အိမ်၌အပျင်းပြေ လုပ်ကိုင်စားသောက်နိုင် သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)