သက်ရင်းကြီးပင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
သက်ရင်းကြီးပင်

သက်ရင်းငါးမျိုးအနက် တစ်မျိုးအပါအဝင်ဖြစ်သော သက်ရင်းကြီးပင်ကို သစ်ရင်း ကြီးပင်ဟုလည်းခေါ်ကြသည်။ အခြားသက်ရင်းမျိုးတို့မှာ-

  1. သက်ရင်းသိန်၊
  2. သက်ရင်း ဖြူ၊
  3. သက်ရင်းကတိုး၊
  4. သက်ရင်းပေပြတ်တို့ဖြစ်သည်။

သက်ရင်းကြီးပင်သည် အပူပိုင်းဇုန်ဒေသတွင် မူလပေါက်ရောက်သောအပင်မျိုးဖြစ်ပြီးလျှင် ယူဖော်စီယေးစီအီး (Euphorbraceae) မျိုးရင်းတွင်ပါဝင်သည်။ ရုက္ခဗေဒ အမည်မှာ ကရိုတန်အော့ဗလွန်ဂျီဖိုးလီယပ်(Croton oblongifolius Roxb)ဖြစ်သည်။ မြန်မာနိုင်ငံအထက်နှင့် အောက်မြေညီနှင့် တောင်နိမ့်ပိုင်း သစ်တောများ၌ပေါက်ရောက်လေသည်။


ယင်းအပင်တို့သည် ပေ ၃ဝ မှ ၄ဝ ခန့်မျှသာအမြင့်ရှိ၍ ပင်စည်လုံးပတ် သုံးပေမှ လေးပေ၊ တစ်ခါတစ်ရံ ထိုအောက်ပင် အပင်လုံးသေးသော သစ်ပင်ငယ်မျိုးဖြစ်သည်။ အရွက်တို့သည် ရွက်ဖားကြီးများဖြစ်၍ အရင်းသွယ်ပြီးလျှင် အဖျားချွန်သည်။ လွှသွားစိတ် မသိမသာပါရှိသည်။ ရွက်လွှဲထွက်သည်။ ပွင့်ဖတ်မပါသောပန်းကလေးများသည် အကိုင်းအခက်အဖျားမှ အတံကလေးများဖြင့်ထွက်၍ပွင့်သည်။ အဖူးအညွန့်တို့ကို ချိုးဖြတ်လိုက်လျှင် နို့ရည်နှင့်တူသောအစေးမျိုးထွက်သည်။ အဖူးအပွင့်နှင့်အရွက်နုတို့သည်အနံ့တစ်မျိုးရှိလေသည်။

သက်ရင်းကြီးသား

သက်ရင်းကြီးပင်၏ သစ်သားသည် ဝါရောင်ရောင်ရှိ၍ အတော်အသင့်မာသည်။ အကြောသိပ်သည်းသည်။ လေသလပ် ထား၍ အသားသေ သောသက်ရင်းကြီးသားသည် ကုဗတစ်ပေလျှင် ၄၄ ပေါင်လေးသည်။ သို့သော်ထိုသစ်ကိုအသုံးနည်းကြသည်။ မြန်မာနိုင်ငံသစ်တောများ၌ ချိပ်ပိုးများနေလေ့ရှိသော သစ်ပင်တို့တွင် သက်ရင်းကြီးပင်လည်းပါဝင်လေသည်။ မြန်မာလူမျိုး တို့သည် သက်ရင်းကြီးရွက်နုတို့ကိုပြုပ်၍ အတို့အဖြစ်လည်းကောင်း၊ အသုပ်ပြုလုပ်၍လည်းကောင်း၊ စားသုံးကြသည်။ အမြစ်၊ အခေါက်၊ အရွက်တို့သည် ဆေးဖက်ဝင်သည်ဟု ဆိုကြသည်။

မြန်မာဆေးကျမ်းများအလိုအရ သက်ရင်းကြီးသည် သွေးကိုကြွစေတတ်၏။ အားကိုလည်းကောင်း၊ လေကိုလည်းကောင်း ကြေစေတတ်၏။ လေထုတ်ခြင်းကိုလည်း ပြုတတ်၏။ သလိပ်ကိုလည်းပယ်နိုင်၏။ ဝမ်းကိုလည်းဖြောင့်စေတတ်၏ဟုဆိုသည်။ သက်ရင်းကြီးအသီးမှရရှိသော အစေ့ကို ဝမ်းနှုတ်ဆေး အဖြစ်သုံးကြသည်။ အခေါက်ကိုမူ အသည်းကြီးရောဂါ အတွက်အသုံးပြုကြသည်။ အရွက်ကို အတွင်းကြေ ကြေသော ဒဏ်ရာများအတွက် မိဿလင်ဥ၊ နနွင်းစိမ်းတို့နှင့်အတူကြိတ်၍ အုံကြသည်။ အနာဆွေး၊ အနာဟောင်းများကိုလည်း သက်ရင်းကြီး ရွက်ကို ကြိတ်၍ အုံပေးက အနာကျက်ပြီးလျှင် အသားနုအတက်မြန်သည်ဟုဆိုကြသည်။

အိန္ဒိယဆေးကျမ်းများ အလိုအရ သက်ရင်းကြီး အခေါက်သည် နာတာရှည် အသည်းကြီးရောဂါ၊ တက်ဖျား ကျဖျား ရောဂါများအတွက် ကောင်းသည်။ နာတာရှည်အသည်းရောင်နာ ဖြစ်လျှင် အခေါက်ကိုသွေး၍ အသည်းနေရာတစ်ဝိုက်တွင် လိမ်းပေးရသည်။ အတွင်းကြေ ကြေသောဒဏ်ရာ၊ အဆစ်မျက်ခြင်း ရူမက်တစ်ရောဂါကြောင့် ရောင်ရမ်းခြင်းဖြစ်လျှင်လည်း အခေါက်ကိုသွေး၍လိမ်းပေးရသည်။ မြွေကိုက်ခံရလျှင် သက်ရင်းကြီးခေါက်သည် ဆေးစွမ်းကောင်းတစ်လက် ဖြစ်နိုင်သည်ဟုဆိုလေသည်။[၁]

  • အပင်

ပင်စည် ဖြောင့်မတ်သည့် အပင်လတ် မျိုးဖြစ်သည်။ အမြင့်ပေ ၃၀ ထိ မြင့်တတ်သည်။ ပင်စည်တွင် ရှိသော အပွေး အခေါက်များ အညိုရောင် ရှိ၏။

  • အရွက်

ရွက်လွှဲ ထွက်သည်။ ရွက်ထိပ်ဖျား ချွန် အရွက်ရင်း သွယ်ပြီး အရွက် အလယ်ပိုင်း ကျယ်သည်။ ရွက်ကြောများ ထင်ရှားသည်။ အလျား ၈ လက်မ ၁၂ လက်မထိ ရှည်၍ အနံ ၃ လက်မ ၅ လက်မ ထိ ကျယ်သည်။ ရွက်ပြား ပြောင်ချောပြီး ရွက်နား ဘေးပတ်လည် တွင် ခွေးသွားစိပ် ကလေးများ ရှိသည်။

  • အပွင့်

အကိုင်း ထိပ်တွင် အခိုင်လိုက် ဖူးပွင့်သည်။ အစိမ်းဖျော့ ရောင်ရှိသည်။ နယုန်၊ ဝါဆိုတွင် ပွင့်သည်။

  • အသီး

အမြှောင်း ရှိ၍ ရှည်မျောမျော သုံးမြှောင့်ပုံ ဖြစ်သည်။ သီတင်းကျွတ် လတွင် စတင် သီးသည်။

အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ[ပြင်ဆင်ရန်]

အမြစ်၊ အခေါက်၊ အရွက်။

မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ[ပြင်ဆင်ရန်]

မြန်မာ နိုင်ငံ တစ်ဝန်းလုံးတွင် ပေါက်ရောက်သည်။

ပေါက်ရောက်ပုံ[ပြင်ဆင်ရန်]

သဘာ၀ အလျောက် ပေါက်ရောက်၏။

အသုံးဝင်ပုံ[ပြင်ဆင်ရန်]

  • အာနိသင်

မြန်မာ ဆေးကျမ်း များအလို အရ သက်ရင်းကြီးသည် ပူ ခါးသော အရသာ ရှိ၍ ထက်မြက်သော ဂုဏ်သတ္တိ ရှိ၏။ သွေးကို ကြေစေ၏။ လေကို နိုင်၏။ ဝမ်းကို မှန်စေတတ်၏။ ဝမ်းသွားသော ရောဂါ၊ သွေးစုခဲသော ရောဂါ၊ ဝမ်းကိုက် ရောဂါ၊ ပြည်တည်နာ တို့ကို ပျောက်ကင်း စေနိုင်၏။

  • အသုံးပြုပုံ
  • အမြစ်
  1. သက်ရင်းကြီး မြစ်ကို လေနာ၊ သလိပ်နာများ အတွက် ဆေးအဖြစ် ဖော်စပ် အသုံးပြု၏။
  2. အမြစ်ကို ထန်းလျက်နှင့် စိမ်၍ စိမ်ဆေး အဖြစ် နေ့စဉ် သုံးဆောင်ပါက အစာကြေ၊ လေမှန်၊ ဝမ်းမှန် စေသည်။ ယင်း စိမ်ဆေး ဖြင့်လည်း အရက်ဖြတ်၍ ရသည်။ အခြား ရောဂါများ ဝင်ရောက် ခြင်းမှလည်း ကာကွယ်နိုင်၏။
  3. အဆုတ် ရောင်ခြင်း၊ ကြီးခြင်း၊ အသည်း ရောင်ခြင်း၊ ကြီးခြင်း၊ အဆစ် ကိုက်ခဲခြင်း၊ ဖောရောင်ခြင်း တို့၌ သက်ရင်းကြီး အမြစ်၊ အခေါက်ကို အတွင်းဆေး အပြင်ဆေး အဖြစ် စားသုံးခြင်း ၊ လိမ်းကျံခြင်း၊ ကြပ်ထုပ်ထိုး ခြင်းများ ပြုလုပ်ပါက လျင်မြန်စွာ ပျောက်ကင်းစေ၏။
  4. ဒူလာ၊ လိပ်ခေါင်း ရောဂါ တို့အတွက် အမြစ်ကို သံပရာရေနှင့် သွေး၍ သောက်ရ၏။
  • အခေါက်
  1. သက်ရင်းကြီး ခေါက်သည် ဖောရောင်ပြီး ဖျားသော အဖျားရောဂါ ကို ပျောက်ကင်း စေ၍ အဖောကို ကျဆင်း စေသည်။
  2. သက်ရင်းကြီး ခေါက်သည် အဆိပ်ကို နိုင်သဖြင့် မြွေကိုက်သော လူနာကို သွေး၍ တိုက်ပေး ရ၏။
  • အရွက်
  1. အနာဆွေး၊ အနာဟောင်း များ မကျက်နိုင်ဘဲ ပြည်တစိုစို ဖြစ်နေလျှင် သက်ရင်းကြီး ရွက်ကို အညက်ကြိတ်၍ အုံပေးခြင်းဖြင့် အနာ အသားနု အမြန်တက်ပြီး ကျက်စေသည်။
  2. အရွက်နုကို ပြုတ်တို့ စားခြင်းဖြင့် ဝမ်း၊ လေမှန်၍ ဝမ်းကိုက်နာ၊ ဝမ်းသွားနာ တို့ကို ပျောက်ကင်း စေ၏။[၂]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  2. http://arogyamonline.com/commodity/materials/?raw=48