သက်ကယ်လှေ

ဝီကီပီးဒီးယား မှ

ပင်လယ်ကူး သင်္ဘောကြီးများမှ အစတံငါလုပ်ငန်းဖြင့် ပင်လယ်ပြင်၌သွားလာနေကြသော လှေသင်္ဘောများ၏ ဘေးအန္တရာယ်သည် ကြောက်မက်ဖွယ် ကောင်းအောင်ထူပြောလှပေသည်။ ကျောက်ဆောင်များနှင့် တိုက်မိ၍ ပျက်စီးနစ်မြုပ်ရခြင်း၊ လေပြင်းမုန်တိုင်းသဖြင့်တိမ်း မှောက်နစ်မြုပ်ရခြင်း၊ ရေကြောင်းမှားသဖြင့် သောင်တင်လျက် တိမ်းစောင်းနစ်ပျက်စီးရခြင်း စသည့် အန္တရာယ်များဖြင့် တွေ့ကြုံသောအခါ ထိုသင်္ဘောများပေါ်၌ စီးနင်းလိုက်ပါလာကြ သူတို့၏ ကံကြမ္မာသည်လည်း ဘေးတွေ့သောသင်္ဘောနှင့် အတူပင်ဖြစ်တော့သည်။

ရေ၌ကျက်စားသူများတွင် ဘေးအန္တရာယ် အများဆုံးဖြစ်သော တံငါသည်များသည် လှေရော လူပါဆုံးရှုံးခဲ့ရသည်မှာ များပြားလှလေပြီ။ ထိုသို့ရှေးက အနောက်နိုင်ငံများတွင် တံငါသင်္ဘောများ တစ်ခေါက်ထွက်၍ အပြန်တွင် တစ်စင်းနှစ်စင်းနစ်မြုပ်လေ့ရှိရကား တံငါ သင်္ဘောများအပြန်တွင် ကြိုဆိုနေ သောအိမ်သူ အိမ်သားများသည် ခပ်လှမ်းလှမ်းမှလာနေသော သင်္ဘော ရွက်တိုင်များကို ရင်တဖိုဖိုနှင့် ရေတွက်နေကြရလေသည်။ ထွက်သွားစဉ်က ဆယ်စင်းဖြစ်၍ အပြန်တွင် ရွက်တိုင် ဆယ်တိုင်အောက် လျော့နေပါက ကြိုဆိုသူအားလုံးမှာ ကြား ရလတ္တံ့သော မကောင်းသတင်းအတွက် ကိုယ်စီကိုယ်ငှစိုးရိမ်ကြီး စွာဖြစ်ကြရလေတော့သည်။

ထိုကဲ့သို့ဘေးအန္တရာယ်နှင့်ကြုံ၍ ကယ်ဆယ်သူမရှိသော အဖြစ်မျိုးကားများစွာ စိတ်နှလုံးမချမ်း မြေ့ဖွယ်ရာဖြစ်ပေသည်။ ထိုသို့မချမ်းမြေ့ဖွယ်အသက်ဆုံးရှုံးမှုများမှကာကွယ်ရန်၊ သို့မဟုတ်ကယ် ဆယ်ရန်နည်းလမ်းကောင်းများကိုရှာဖွေခဲ့ကြရာ ခရစ်၁ရ၈၅ ခုနှစ်ကလူကင်ဆိုသူ ပုဂ္ဂိုလ်တစ်ဦးသည် လှေတစ်စင်းကို တီထွင်ဆောက်လုပ်ခဲ့ဖူး၏။ ထိုနောက်တွင် ၁ရ၈၉ခုနှစ်၌ နျူကပ်ဆဲကမ်းခြေမှ တိုင်းမြစ်ဝမှကိုက် ၃ဝဝ မျှသာကွာဝေးသောနေရာတွင် 'အက်ဒဗင်ချာ'ခေါ် သင်္ဘောကြီး တစ်စင်းသည် လေမုန်တိုင်းမိ၍ လှိုင်းကြီးများအကြားတွင် ဒုက္ခတွေ့ပျက်စီးရပုံကိုကမ်းပေါ်မှ လူအများမြင်ကြရလေသည်။

ထိုသင်္ဘောကြီးပျက်စီးနစ်မြုပ်လျက်ရှိနေစဉ် တတ်နိုင်သမျှ ကယ်ဆယ်ရန်အဆောတလျင်တိုင်ပင်ခဲ့ကြသော်လည်း ထိုမျှ လှိုင်းလုံးကြီးများသောင်းကျန်းနေသည့်နေရာသို့ သွားရောက် ကယ်ဆယ်ဝံ့သူ မပေါ်ပေါက်ခဲ့ချေ။ ထိုကြောင့်သင်္ဘောကြီး နစ်မြုပ်ပျက်စီးသွားသည်ကိုမျက်မြင်ဖြစ်သော်လည်း စိတ်မချမ်း မြေ့ဖြစ်ရုံမှတစ်ပါး မည်သို့မှ ကယ်ဆယ်ရန်မတတ်နိုင်ခဲ့ကြပေ။ ထိုသို့ဖြစ်ရသည်ကိုမချင့်မရဲရှိလာသဖြင့် ကယ်ဆယ်ရန် နည်းလမ်းများကို ကြံစည်စိတ်ကူးခဲ့ကြရာ ဝီလျံဝုဒဟေ့ဆိုသူ ဆေးသုတ်သမားတစ်ဦးနှင့် ဟင်နရီဂရိတ်ဟက်ဆိုသူ လှေစပ်သမားတစ်ဥိီးက သက်ကယ်လှေပုံစံတစ်မျိုးကိုတင်ပြခဲ့ကြ ၏။ ထိုပုံစံကိုသက်ဆိုင်ရာတို့ကနှစ်သက်ကြသဖြင့် လက်ခံလိုက် ကြသည်။ ယခုခေတ်ဆောက်လုပ် အသုံးပြုနေသော သက်ကယ်လှေများသည်လည်း ဝုဒဟေ့ တီထွင်ခဲ့သော အခြေခံသဘောပေါ်တွင် ပင်မူတည်ဆောက် လုပ်ထားလေသည်။ ရှေးဦးစွာတီထွင်ခဲ့သော သက်ကယ်လှေမှာ အောင်မြင်သင့်သလောက် အောင်မြင်ခဲ့သော်လည်း ဝေးလံသောခရီးနှင့်ပြင်းထန်သော မုန်တိုင်းများအကြားတွင် ကယ်ဆယ်ရန်မဖြစ်နိုင်ချေ။ များသောအားဖြင့် ကမ်းခြေနှင့်မနီးမဝေးအရပ်များတွင် ဒုက္ခတွေ့နေသော လှေသင်္ဘောများကိုသာကယ်ဆယ်နိုင်ခဲ့၏။ သို့သော် သက်ကယ်လှေများ၏ အသုံးဝင်ပုံကိုသိရှိလာကြသည့် အလျောက် တစ်နေ့တစ်ခြား တိုးတက်ကောင်းမွန်အောင် တီထွင်ပြုလုပ်လာကြရာ စက်ဖြင့်ခုတ်မောင်းသော သက်ကယ်လှေများလည်း ပေါ်ပေါက်လာလေသည်။

လှေဝမ်းထဲသို့ ရေမဝင်နိုင်စေရန် ဝမ်းကိုရေလုံအောင် ပြုလုပ်ထားပြီးလျှင် ၂၆ ပေမှ ၃၆ပေ အထိရှည်၍ ပေါ့ပါးသော လှေများကိုတည်ဆောက်ကြ၏။ ထိုလှေများသည်လူ ၃ဝ မှ ၁ဝဝ အထိတင်နိုင်သည်။ ပင်လယ်ကူးသင်္ဘောတိုင်းတွင် သက်ကယ်လှေများနှင့် သက်ကယ်ဗော့များကို လိုအပ်သလို တင်ဆောင်ထားရှိကြရသည်။ သက်ကယ်လှေများကိုနိုင်ငံကြီးများတွင် ပင်လယ်ကမ်းခြေများ၌ အချိန်မရွေးအဆင်သင့်ထားကြသည်။ ယခုခေတ်သစ် နည်းစံနစ်များအရ တိုးတက်နေသော သက်ကယ်လှေများမှာ စက်ဖြင့်ခုတ်မောင်းသောလှေများသာဖြစ်၍ အသက် ကယ်ဆယ်ရာ၌လိုအပ်သော ကရိယာတန်ဆာ အသုံးအဆောင်များ အသင့်တပ်ဆင်ထားသည်။ ကယ်ဆယ်ရာ၌ အသုံးပြုသည့်ကြိုးများ၊ အသံ ဖမ်းစက်၊ အားကောင်းသောလျှပ်စစ်မီးမောင်းများ၊ ရေမျက်နှာပြင်ကို ငြိမ်သက်စေရန် ပက်ဖျန်းသည့်ဆီ ဖျန်းပိုက်များစသည်များကို သက်ကယ်လှေများ၌ အသင့်တပ်ဆင်ထားရှိသည်။ အရေးကြုံ၍ ထိုလှေ များကိုအသုံးပြုရန်လိုသောအခါ ကယ်ဆယ်ရေး အပျော်ထမ်းတပ်ဖွဲ့သားများက ဆောင်ရွက်ကြသည်။ သက်ကယ် လှေကိုအသုံးပြု၍ ရေထဲတွင် ကယ်ဆယ်ရေးလုပ်ငန်းကို လုပ်ကိုင်ရာ၌ စွန့်စားရသည့်အရာ တွင်မီးသတ်သမားများထက် ဘေးအန္တရာယ်မသေးချေ။

ကမ်းခြေစောင့် ကယ်ဆယ်ရေးသမားများသည် ပင်လယ်ဘက်သို့ အမြဲစောင့်ကြည့်နေကြရသည်။ ဒုက္ခနှင့် တွေ့ကြုံနေရသောသင်္ဘောများသည် ကမ်းခြေစောင့်များထံမှ အကူအညီကို ရရှိနိုင်ရန် ကောင်းကင်သို့ မီးကျည်းမီးပန်းများ လွှတ်၍ အချက်ပေးရသည်။ ဒုက္ခသည်များထံမှ အချက်ပြ မီးပန်းများကို မြင်လျှင်အကူအညီလာမည့်အကြောင်းပြန်၍ အချက်ပြကာ သက်ကယ်လှေများနှင့် ချက်ချင်းထွက်ခွာ သွားကြ လေသည်။

အမေရိကန်ပြည်ထောင်စုကမ်းခြေစောင့်များသည် သက်ကယ်လှေများနှင့် ကယ်ဆယ်ရေးကို သာမကသင်္ဘောများ နစ်မြုပ်ပျက်စီးခြင်းများမှကာကွယ်ရန်လည်းစီမံထားကြသည်။ ကမ်းခြေစောင့် ဌာနတွင်ထားရှိသောလေယာဉ်ပျံသည် ပင်လယ်ရေပြင်ပေါ်ရှိရာသီဥတုအခြေအနေကို ပျံသန်းကြည့် ရှုနေရသည်။ လေမုန်တိုင်းပြင်းထန်မည့်အရိပ်အခြေမြင်လျှင် တံငါသင်္ဘောအစရှိသည်တို့ကို သတိပေးရသည်။ ကုစားခြင်းထက်ကာကွယ်ခြင်းကပိုမိုကောင်းမွန်သည် ဟူသော စကားပုံအရ ထိုသို့ကြိုတင် ကာကွယ်ခြင်းမှာ နစ်မြုပ်မှကယ်ဆယ်ရခြင်းထက်ပိုမိုခရီးရောက်သည့်အလျောက် ယခုအခါနိုင်ငံ အများမှာပင် ထိုသို့ရာသီဥတု အခြေအနေကိုအကဲခတ်၍ သတိပေးနှိုးဆော်မှုများ ပြုလုပ်လျက် ရှိကြ လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)