ဝေါလတာ ဆဲဗိတ် လန်းဒေါ်

ဝီကီပီးဒီးယား မှ
Walter Savage Landor

အင်္ဂလိပ်စာဆို ဝေါလတာ ဆဲဗိတ်လန်းဒေါ်သည် စာရေးဆရာများတွင် ဥစ္စာ ပစ္စည်း ကုံလုံသူများဖြစ်ကြသည့်အလျောက် လန်းဒေါ်သည် မာနထောင်လွှား သူတစ်ဦးလည်းဖြစ်လေသည်။ ၁၇၇၅ ခုနှစ် ဇန်နဝါရီလတွင် ဝါဝစ်ရှိုင်ယာ နယ်၌ ဝေါလတာလန်းဒေါ်နှင့် အယ်လဇ္ဇဗက်ဆဲဗိတ်တို့မှ ဖွားမြင်သော သားအကြီးဆုံးဖြစ်သည်။ လန်းဒေါ်သည် ငယ်စဉ်ကရပ်ဗီကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ သို့သော် ကျောင်းမှထုတ်ပယ်ခြင်းခံရသဖြင့် မစ္စတာ လန်ဂလေးထံတွင် အလွတ်ပညာသင်ကြားခဲ့ရလေသည်။ ၁၇၉၃ ခုနှစ်တွင် အောက်စဖို့တက္ကသိုလ် ထရင်နီတီကောလိပ်ကျောင်းတွင် ပညာဆက်လက် သင်ခဲ့။ ကောလိပ်ကျောင်း၌ရှိစဉ် နိုင်ငံရေးအယူဝါဒစွဲကြောင့် လန်းဒေါ်သည် ကျောင်းမှထွက်ရပြန်လေသည်။ ကျောင်းမှထွက်လာသော်လည်း မည်သည့် အလုပ်ကိုမျှဝင်ရောက်လုပ်ကိုင်ခြင်းမရှိချေ။ ဖခင်ထံမှရသော ထောက်ပံ့ကြေး ကိုသာ သုံးစွဲလျက်နေခဲ့၏။ သို့သော် လန်းဒေါ်သည် ပညာပါရမီ ရင့်သန် သူတစ်ယောက်ဖြစ်သဖြင့် စာပေဖက်၌ထူးချွန်ခဲ့လေသည်။ စာရေးဆရာဖြစ် လာသည့်အခါ၌ပင် အခြားစင်ပြိုင်စာရေးဆရာများကို ကဲ့ရဲ့ရှုတ်ချတတ်လေ သည်။ သို့သော် ရောဗတ်ဆောက်သီကဲ့သို့သော စာရေးဆရာများနှင့်မူကား အလွန်ရင်းနှီးစွာ ဆက်ဆံပေါင်းသင်းခဲ့၏။


၁၇၉၅ ခုနှစ်တွင် လန်းဒေါ်သည် ဝေါလတာဆဲဗိတ် လန်းဒေါ် ၏ကဗျာများ ဟူသောအမည်ဖြင့် သုံးအုပ်တွဲစာစောင်ကိုရေးသား ထုတ်ဝေ ခဲ့လေသည်။ ၁၇၉၈ ခုနှစ်တွင် သူ၏ အကောင်းဆုံးလက်ရာဖြစ်သော ဂီ ဗျာ ခေါ်စာအုပ်ကို ထုတ်ခဲ့ပြန်၏။ လန်းဒေါ်ရေးသားခဲ့သော စာအုပ်များ ကို စာပေလိုက်စားသူများနှင့်စာပေဘက်၌ ဝါသနာပါသူတို့သာ ယခုအခါ ဖတ်ရှုကြသည်။ သာမန်အရပ်သားတို့သည် လန်းဒေါ်ရေးသားခဲ့သော စာပေ ၌ စိတ်ဝင်စားခြင်းမရှိကြချေ။

လန်းဒေါ်ကိုယ်တိုင်ကလည်း ပြည်သူအများဖတ်ရှုနိုင်စေရန် ရည် ရွယ်၍ ရေးခဲ့ခြင်းမဟုတ်သဖြင့်ထင်ရှားသော စာရေးဆရာတစ်ယောက် မဖြစ် ခဲ့ချေ။ လန်းဒေါ်ပြုစုခဲ့သော 'စိတ်ကူးနှင့် စကားပြောပုံများ' မှာ ယင်း၏ ထင်ရှားသောလက်ရာ ဖြစ်ပေသည်။ ၁၈၂၄ ခုနှစ်တွင် ထိုစာအုပ်ပထမတွဲ ထွက်သည်။ လက်တင်ဘာသာဖြင့် စာအုပ်များကိုလည်း ရေးသားခဲ့သေး၏။ လန်းဒေါ်သည် စိတ်လိုက်မန်ပါ မည်သည့်အရာကို မဆိုပြုလုပ်လေရှိ၏။ ၁၈ဝ၈ ခုနှစ်တွင် လန်းဒေါ်သည် မိမိကိုယ်တိုင် ကုန်ကျစရိတ်ကို တာဝန် ယူ၍ စစ်တပ်တစ်တပ်ဖွဲ့စည်းကာ နပိုလီယန်နှင့် တိုက်ခိုက်ရန် စပိန်နိုင်ငံသို့ ထွက်ခွာသွားခဲ့ဘူးလေသည်။ ၁၈၆၄ ခုနှစ်စက်တင်ဘာလ ၁၇ ရက်နေ့၌ ဖလော်ရင့်မြို့တွင် လန်းဒေါ်ကွယ်လွန်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)