ဝေါ
ဘုရင်ဧကရာဇ်၊ အိမ်ရှေ့မင်းနှင့်ဧကရာဇ်မင်းမြတ်က သဒ္ဓါ တော်မူသည့် မင်းသားကြီးများသာလျှင်စီးရသော လူထမ်းသည့်ယာဉ်တစ်မျိုး ကို ဝေါဟုခေါ်သည်။
ဝေါဟူသော စကားသည် ဘဝေါဟူသောစကားမှလာသည်။ ဘဝေါဆိုသည်ကား ဘဝနဟူသောစကားမှလာ၍ မြန်မာလိုအနက် အဓိပ္ပာယ် အားဖြင့် နေရာကိုဆိုလိုသည်။
အချို့ ခွဲခြားမသိသူတို့က ထမ်းစင်ကိုပင် ဝေါဟုဆိုကြသည်။ မန္တလေးမြို့ ရွှေကြီးမြင့် ဘုရားအတွင်းရှိ ဆေးနီသုတ်ထမ်းစင်များကို လည်းကောင်း၊ မန္တလေးမြို့ နန်းတော်ပြတိုက်အတွင်းရှိ ကင်းဝန်မင်းကြီး ထမ်းစင်ကိုလည်းကောင်း အချို့က ဝေါတော်ဟု မှားယွင်းပြောဆိုကြသည်။ ဝေါနှင့်ထမ်းစင်သည် စင်စစ်မတူ၊ ကွဲပြားခြားနားသည်။ ထမ်းစင်၌ မြင်းမိုရ်ကျေးစေတိုင်၊ ထောင့်အုံကျေးစေတိုင်တပ်ရ၍ ဝေါ၌ မြင်းမိုရ်တုရင် တပ်၊ အမခြီးငါးဆင့်၊ ဦးခြီးသုံးဆင့်တပ်သည်။ ထမ်းစင်၌ တုရင်မပါ၊ ဝေါ၌သာ တုရင်ပါသည်။ မှူးတော်မတ်တော်တို့သည် ထမ်းစင်ကိုသာ စီးရ သည်။ ဝေါကို မစီးရချေ။
ဘုရင်သာ စီးရသော ဝေါတော်သည် သဉ္ဇာလီ ရွှေပြာသာဒ်တော် ကြီးဖြစ်သည်။ သဉ္ဇာလီ မတင်သော ရွှေပြာသာဒ်တော်ကြီးကိုမူ ဝေါနိမ့်ဟု ခေါ်သည်။ ယင်းကို မိဖုရားအပျိုတော် စသည်တို့ အခွင့်နှင်းရောက်က စီးရ သည်။ ဟင်းလင်းပွင့် အမိုးအကာမပါသောဝေါကို ဝေါပလာခေါ်၍ အမိုး အကာပါရှိသော ဝေါကို ဝေါပေါင်းချုပ်ခေါ်သည်။
ဝေါကို လူအများထမ်းရသည်။ ဝေါထမ်းရသူများကို ဝေါတော် ထမ်း၊ သို့မဟုတ် ဝေါသားဟုခေါ်သည်။ ဝေါသားများကို ကြီးမှူးရသည့် အ ကြီးအမှူးကို ဝေါကြီးမှူးဟုခေါ်သည်။ ဝေါသားများကို ဝေါထမ်းသည့်အခါ ဝေါကြီးမှူးက ကြပ်မလိုက်ရသည်။ မင်းဧကရာဇ်စီးတော်မူသည့် ဝေါပလာ၊ ဝေါကြီးရိပ်ဝှဲ၊ လင်းဇင်းဝေါ စသည်တို့ကို အပေါင်းအထုပ်နှင့်ဝေါတော်မှာ လူ ၁၂ဝခန့်ထမ်းရွက်ရသောဝေါသားတို့ ရှေးအခါကရှိသည်။ နောက်အခါ ဝေါကြီးရန်လွှင့်၊ ဝေါပလာရန်လွှင့်၊ ဝေါကြီးရွှေတိမ်ည|င်းဟူသော လှေတော် အမှုထမ်းများ ဝေါတော်ထမ်းစေသည်။
အမရပူရ နန်းမြေရာဟောင်း၌ ဝေါတိုက်ဟုခေါ်သော ဝေါထား သည့် အဆောက်အအုံဟောင်းနေရာကို ဒုတိယကမ္ဘာစစ်ပြီးခေတ်အထိ တွေ့ရှိနိုင်သေးသည်။ စာရင်းတိုက်(ဝါ) ဗြဲတိုက်ခေါ်သော လေးထောင့်အုတ် တိုက်ကြီး၏ အရှေ့တောင်ဘက်တွင်ကျန်ရှိသော အုတ်တိုင်ကြီးများသည် ဝေါတိုက်၏ အကြွင်းအကျန် အဆောက်အအုံအစိတ်အပိုင်းဖြစ်လေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)