ဝေဘူဆရာတော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ငယ်ဘဝ[ပြင်ဆင်ရန်]

ဝေဘူဆရာတော်ကို စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်ကြင်းပင်ရွာ၌ အဖ ဦးလူဖေ၊ အမိ ဒေါ်ကြင်နု တို့မှ ၁၈၉၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်၊ မနက် ၄ နာရီကျော်ခန့်တွင် ဖွားမြင်သည်။ ဦးလူဖေ၏ မိခင်မှာ မိဖုရားငယ်တစ်ပါးဖြစ်သည်။ အဖိုးမှာ အတွင်းဝန်တစ်ဦးဖြစ်သည်။ ဆရာတော်၏ ငယ်အမည်မှာ မောင်စပ် ဖြစ်သည်။ မွေးချင်းမောင်နှမ ၄ ဦးအနက် အကြီ:ဆုံးသားဖြစ်သည်။ [၁]

အသက် ၉ နှစ်အရွယ်တွင် အင်ကြင်းပင်ကျောင်းဆရာတော် ဦ:သုမနကို ဥပဇ္ဈယ်ပြုကာ သာမဏေဘဝသို့ ရောက်သည်။ ဦးသုမနသည် မင်းတုန်းမင်းနှင့် ကျောက်မှော်မိဖုရားတို့၏ ပစ္စယနုဂ္ဂဟ (ပစ္စည်းလေးပါး ထောက်ပံ့မှု) ဖြင့် ရဟန်းပြုခဲ့သူဖြစ်သည်။ အင်ကြင်းပင်ကျောင်းတိုက်သည်လည်း ဘုရင့် ဘဏ္ဍာစာရေးက ဆောက်လုပ်လှူဒါန်းထားခြင်း ဖြစ်သည်။

ဝေဘူဆရာတော်၏ သာမဏေဘွဲ့အမည်မှာ ရှင် ကုမာရ ဖြစ်သည်။ အသက် ၁၃ နှစ်အရောက်တွင် မန္တလေးမြို့နေ ဦးရီ:တော်သူ အင်စပက်တော် ဦးရွှေလူက ရှင်ပြုပေးပြန်သည်။ ပစ္စည်းလေးပါးဒါယကာတစ်ဦး ထပ်မံရရှိခြင်း ဖြစ်သည်။ ဆရာရင်း ဦ:သုမနထံမှ သဒ္ဒါကြီး၊ ပရမတ္ထသင်္ဂဟကျမ်း၊ ဝိနည်းငယ် ၄ စောင်နှင့် ဂဏန်းသင်္ချာတို့ကို သင်ယူခဲ့သည်။

အသက် ၁၈ နှစ်အရောက် သာမဏေကြီ:ဘဝတွင် လူထွက်၍ မိဘများနှင့်အတူ တောင်သူအလုပ်ကို ကူညီခဲ့သည်။ ထို့နောက်တွင် ဘုန်းကြီ:ကျောင်း၌ပင် ကျောင်းစာရေး ဝင်လုပ်သည်။

အသက် ၁၉ နှစ်ပြည့်ခါနီးတွင် သာမဏေဘောင် ပြန်တက်ပြီး တစ်နှစ်ခန့်ကြာသော် ကံဆွယ်ကျောင်းဆရာတော် ဦးဝိစာရကို ဉပဇ္ဈယ်ပြု၍ အင်ကြင်းပင်ကျောင်း နန်းဦ:တိုက်ခဏ္ဍသိမ်၌ ရဟန်းပြုသည်။ ဘွဲ့အမည်ကို ကုမာရ ဟုပင် ဆက်ယူခဲ့သည်။ ရဟန်းဘဝတွင် ဆရာရင်း ဦးသုမနထံမှ အဋ္ဌကထာဋီကာကျမ်းကို သင်ယူသည်။ ပန်းရံပညာကို တတ်ကျွမ်းရာ အင်ကြင်းပင်ကျောင်းဝင်းရှိ စေတီပုထိုးများကို ကိုယ်တိုင် ဦ:စီးတည်ထားခဲ့သည်။

ဆရာရင်းထံ၌ အန္တေဝါသိက (အလုပ်အကျွေးပြု တပည့်) အဖြစ် ၃ နှစ်ကြာ နေထိုင်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် မန္တလေးမစိုးရိမ်ကျောင်းတိုက်၊ ဓမ္မနယူပဒေသကျောင်းတွင် စတင်ဝါကပ်သည်။ ထိုစဉ်က မစိုးရိမ်ဆရာတော်မှာ အဘိဓဇမဟာရဋ္ဌဂုရု ဦး သူရိယဘိဝံသ ဖြစ်သည်။ မစိုးရိမ်ကျောင်း၌ အဋ္ဌကထာ၊ ဋီကာ၊ ယောဇနာတို့ကို ကောင်းစွာလေ့လာသည်။

ဦးသူရိယ ထံ၌ ပညာသင်အပြီးတွင် အင်ကြင်းပင်ကျောင်းသို့ ပြန်ကြွလာသည်။ ငယ်ဆရာ ဦ:သုမနထံတွင် ခိုလှုံကာ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကျမ်းကို သင်ယူပြန်သည်။ ဤကျမ်းသည် ကျင့်ကြံမှုလမ်းစဉ်ဖြစ်ရာ ပါရမီနည်းသောရဟန်းများသည် စိတ်ပျက်၍ လူထွက်တတ်ကြပြီး၊ ပါရမီရင့်သန်သော ရဟန်းများအား တောရဆောက်တည်သွားတတ်သည်။ ထို့ကြောင့် "ဝိသုဒ္ဓိမဂ်ကိုတက်ရင် လူထွက်ရင် ထွက်၊ လူမထွက်ရင် တောထွက်တတ်သည်" ဟု အဆိုရှိသည်။

ဝေဘူဆရာတော်[ပြင်ဆင်ရန်]

ဆရာတော်လည်း သူငယ်ချင်းဖြစ်ဖူးသူ ဦးသုဇာတနှင့် တောထွက်ရန် တိုင်ပင်ထားသည်။ ဦးသုဇာတသည် အင်ကြင်းပင်ရွာအရှေ့ဘက် ၈ မိုင်ခန့်အကြာရှိ ကျီကျင်းရွာတွင် ကျောင်းထိုင်သည်။ ထို့ကြောင့် ၁၉၂၃ တွင် ဆရာရင်း ဦ:သုမနအား ခွင့်ပြန်ကာ သပိတ်တစ်လုံး၊ သင်္ကန်းသုံးထည်ဖြင့် ကျီကျင်းရွာသို့ ခရီးဆက်သည်။ ဦးသုဇာတထံ ရောက်သောအခါ ပြုဖွယ်ကိစ္စများရှိ၍ ရွှေဘိုအရှေ့ဘက်၊ ပုသိမ်တောရကျောင်းတွင် ကြိုစောင့်ရန် ပြောလေသည်။ ဝါတွင်းကာလကုန်သော် ဦးသုဇာတ ရောက်ရှိလာပြီး ရှေ့ဆက်ကြရန် တိုင်ပင်သည်။ သို့ရာတွင် တစ်ပေါင်းတည်းမသွားဘဲ တစ်ပါးလျှင်တစ်လမ်းကြွရန် အကြံဖြစ်ရာ ဦးကုမာရမှာ ရမည်းသင်းခရိုင်၊ ညောင်လွန့်တောရကျောင်းဆရာတော် ဦးမေဓာဝီထံ ဆိုက်ရောက်သည်။ ဦ:မေဓာဝီထံတွင် ပဋိပတ္တိနည်းနာများ ခံယူကျင့်ကြံနေစဉ် လေနာရောဂါ စွဲကပ်လာသည်။ ထို့ကြောင့် ဆေးကုသရန်ကြံကာ မန္တလေးသို့ ရထားဖြင့် ထွက်လာသည်။

ရထားပေါ်တွင် ဒါယကာတစ်ဦးနှင့် စကားစမြည်ပြောဖြစ်ရာ ကျောက်ဆည်မြို့အရှေ့ဘက်၊ ဝေဘူတောင်ခြေရှိ ဓာတ်မရှောရေတွင်းမှ ရေသည် လေနာရောဂါကို ပျောက်ကင်းစေကြောင်း သိရ၍ ကျောက်ဆည်ဘူတာတွင်ပင် ဆင်းကာ ခရီးဆက်သည်။ အဆိုပါဒါယကာ၏ လမ်းပြမှုကြောင့် ရေတွင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ကာ တွင်းရေကို သောက်သုံးခွင့်ရပြီး ရောဂါပျောက်ခဲ့သည်။ အဆိုပါနေရာသည် အေးချမ်းလှသည့်အပြင် ရေတွင်းအထက်နား၌ ဂူတစ်ခုရှိရာ နေထိုင်ရေး အဆင်ပြေသည်။ အနီးအနားတွင်လည်း ကျောက်ဆည်မြို့နှင့် ဖောင်ရွာတို့ ရှိသဖြင့် ဆွမ်းခံရန် လွယ်ကူသည်။ သို့ဖြစ်ရာ အဆိုပါနေရာတွင်ပင် သီတင်းသုံးလေသည်။ ထို့အချိန်မှစကာ ဝေဘူဆရာတော် ဟူ၍ အမည်တွင်လာသည်။

တစ်နေ့သော ဆွမ်းခံအပြန်တွင် ကျောက်ဆည်မြို့နေ ဆန်စက်ပိုင်ရှင် ဦးပျော့က ကျောင်းဆောက်လှူလိုကြောင်း လျှောက်ရာ နေ့ချင်းပြီ:ဆောက်နိုင်က အလှူခံကြောင်း မိန့်သည်။ ဦးပျော့သည် တိုင်လေးတိုင်၊ ဓနိမိုး၊ ဓနိကာကျောင်းကို နေ့ချင်းပြီး ဆောက်လုပ်လှူဒါန်းသည်။ ထို့ကြောင့် ပထမဆုံးသော ကျောင်းဒကာမှာ ဦးပျော့နှင့် ဒေါ်မြင့်ကြီးတို့ ဖြစ်လာသည်။

ဦ:ပျော့သည် စွန်းလွန်းဆရာတော်နှင့် လူဝတ်ကြောင်ဘဝ ဦးကျော်ဒင်အဖြစ်ရှိစဉ်က စီးပွားဖက်ဖြစ်ခဲ့ဖူးသည်။ တစ်နေ့သ၌ စွန်းလွန်းဆရာတော် ဦးကဝိသည် ဦးပျော့အား တရားဟောရန် ကျောက်ဆည်သို့ ရောက်ရှိလာသည်။  ဦးပျော့၏ ပင့်လျှောက်မှုကြောင့် ဆရာတော်နှစ်ပါး တွေ့ဆုံရင်းနှီးသွားကြသည်။ နောင်တွင် ဝေဘူချောင်၌ သိမ်သမုတ်သောအခါ စွန်းလွန်းဆရာတော်၊ ညောင်လွန့်ဆရာတော်တို့ကို ပင့်၍ သမုတ်ရသည်။

အင်ကြင်းပင်ဆရာတော်[ပြင်ဆင်ရန်]

တစ်နေ့တွင် ဝေဘူဆရာတော်နှင့် ကျောင်းနေဘက် အင်ကြင်းပင်ဇာတိ မောင်စံရှားဆိုသူမှာ ကျောက်ဆည်သို့ ရောက်လာရာ ဝေဘူဆရာတော်ရှိသည့်အရပ်အား သိရှိသွားသည်။ မိခင်ဖြစ်သူမှာ တောထွက်ပြီးမကြာမီပင် ကွယ်လွန်သွားပြီဖြစ်သည်။ ဖခင်ဖြစ်သူမှာ ဝေဘူချောင်သို့ ရောက်လာသည်။ ထို့နောက် ဦးလူဖေနှင့် ဦးပျော့တို့ သာသနာ့ဘောင် တက်ကြပြီး ဦးဉေယျ (ဦးလူဖေ၏ ရဟန်းဘွဲ့အမည်) နှင့် ဝေဘူဆရာတော်တို့မှာ ဝေဘူတောရမှ အင်ကြင်းပင်ရွာသို့ ၁၉၂၇ ခုနှစ်တွင် ပြန်ကြွလာသည်။ အင်ကြင်းပင်သို့ ရောက်သောအခါတွင်လည်း အင်ကြင်းပင်ဆရာတော်ဟူ၍ နာမည်ထင်ရှားလာပြန်သည်။

တိလောကသဗ္ဗညု စေတီ[ပြင်ဆင်ရန်]

ယခင်က အင်ကြင်းပင်ကျောင်းသည် စာသင်တိုက်သာ ဖြစ်သည်။ ဆရာတော်ရောက်လာပြီးနောက်တွင် တရားကျင့်သူများပါ ရောက်ရှိလာသောကြောင့် အနှောင့်အယှက်မဖြစ်စေရန် ဆရာတော် ဦးသုမန၏ လမ်းညွှန်ချက်ဖြင့် အင်ကြင်းပင်ကျောင်းအနောက်ဘက် မြေကွက်လပ်တွင် ကမ္မဋ္ဌာန်းကျောင်းနှင့် တိလောကသဗ္ဗညုစေတီတို့ကို ၁၉၂၉ တွင် စတင်ဆောက်လုပ်ကြသည်။

ကာလအတန်ကြာသော် ကျောက်ဆည်မြို့မှ ကျောင်းဒကာ ဦးပျော့နှင့် ဒါယကာများ အင်ကြင်းပင်သို့ လိုက်လာကာ ကျောက်ဆည်၌လည်း သီတင်းသုံးရန် လျှောက်ထားကြသည်။ ထို့ကြောင့် တစ်ကျောင်းလျှင် ခြောက်လကြာ သီတင်းသုံးရန် ဆရာတော်က လက်ခံခဲ့သည်။

ရွှေဘို အောင်မြေဆရာတော်[ပြင်ဆင်ရန်]

၁၉၅၀ တွင် အလောင်းမင်းတရား ဦးအောင်ဇေယျ၏ လယ်မြေနေရာအား ရှင်းလင်းကာ အောင်မြေကျောင်းတိုက်ကို ဆောက်လုပ်သည်။ ထို့နောက် ဝေဘူဆရာတော်အား ပင့်ဆောင်ကိုးကွယ်သည်။ ပင့်ဆောင်ကြသူများမှာ ရှေ့နေ့ ဦးအုံးဖေ၊ စက်ပိုင်သူဌေး ဦးထွန်းဖေတို့ ဖြစ်သည်။ ထိုအခါမှစ၍ အောင်မြေကျောင်းတိုက်တွင်လည်း လေးလ သီတင်းသုံးသည်။ ဤကျောင်းအား အစွဲပြု၍ အောင်မြေဆရာတော်ဟုလည်း ထင်ရှားသည်။

ဆရာတော်၏ စိတ်နေစိတ်ထား[ပြင်ဆင်ရန်]

၁၉၇၁ ခုနှစ်တွင် ကမ္မဋ္ဌာန်းကျောင်း၌ တည်ထားသော တိလောကသဗ္ဗညုစေတီတော် ပြိုကျသည်။ အသစ်တည်ဆောက်ရန် ပြင်ဆင်စဉ် စေတီဟောင်းမှ အုတ်များကို လမ်းဖို့ရန် သုံးလေသည်။ လူအများ မသွားဝံ့ကြကြောင်း တပည့်ကြီး ဦးပညာဝံသက လျှောက်သောအခါ ပျက်စီးသွားလျှင် အမှိုက်ပင်ဖြစ်ကြောင်း၊ မစွန့်ပစ်ဘဲ အကျိုးရှိရာသုံးသင့်ကြောင်း ပြတ်ပြတ်သားသားမိန့်ခဲ့သည်။

ဆရာတော်သည် ကျမ်းဂန်ရေးသားလေ့ မရှိပေ။ ဒုလ္လဘရဟန်းများ (အချိန်အတိုင်းအတာ တစ်ခုအထိသာ ရဟန်းပြုသူများ) အတွက် ပါတိမောက္ခသာရသုဒ္ဓိကျမ်း ဟူသော ဝိနည်းဘာသာပြန်ကျမ်းတစ်စောင်သာ ရေးဖူးသည်။ အကြောင်းဆက်စပ်၍ စာပေဖြင့် ပြောရန်ရှိလာက ပါဠိတော်များကို မြန်မာပြန်ပေးသော်လည်း နာမည်ထုတ်ဖော်ခြင်း မရှိပေ။

ဆရာတော်ထံသို့ မြန်မာပြည်အနယ်နယ်အရပ်ရပ်မှသာမက နိုင်ငံရပ်ခြားမှလည်း လာရောက်ဖူးမျှော်ခြင်း ရှိခဲ့သည်။ တရားကြောင်းရာများ မေးမြန်းဆွေးနွေးရာမှ ဗုဒ္ဓဘာသာကို နှစ်ခြိုက်လာကာ ရဟန်းပြုသူများလည်း ရှိသည်။ ပထမဆုံးသော နိုင်ငံခြားသား သာဝကမှာ သီလရှင် မေဓာဝီ ဖြစ်သည်။ နာမည်ရင်းမှာ မစ္စ ကလာရစ် စာဗင်စထရမ် ဖြစ်သည်။ သီလရှင်ဘဝဖြင့် လပေါင်း (၂၀) ကြာ ကမ္မဋ္ဌာန်း အားထုတ်သွားသည်။ အဆိုပါသီလရှင်အား ဘာသာပြန်ပေးရသူမှာ မီးရထားငွေစာရင်းမင်းကြီး ဦးသိန်းညွန့် ဖြစ်သည်။ တရားအနက် မသွေဖယ်ခြင်းငှာ တိတိကျကျဘာသာပြန်ရန် ဆရာတော်က မိန့်မှာခဲ့ရသည်။

သာသနာ ၂၅၀၀ ပြည့်နှစ်တွင် ဆဋ္ဌသံဃာယနာတင်ပွဲကျင်းပရာ ဝေဘူဆရာတော်အား ကမ္မဋ္ဌာနစရိယဆရာတော်အဖြစ် ပင့်ဆောင်ကြသည်။ တစ်နေ့သော် မဟာပါသာဏလှိုက်ဏ်ဂူမှ ပြန်အကြွတွင် ညောင်ရမ်းဆရာတော်ကြီးက "ဝေဘူဆရာတော်ဟဲ့။ ဖူးလိုက်ကြ။ ဝအောင် ဖူးလိုက်ကြ" ဟုပင် မိန့်တော်မူသည်။ စာပေတတ်ပွန်းသော ဆရာတော်များကပင် လေးစားခြင်းကို ခံရသည်။

ရွှေချက်သိုလ် စေတီ[ပြင်ဆင်ရန်]

ဆရာတော်၏ ဆွေမျိုးသားချင်းများမှာ ဆောလျင်စွာ ကွယ်လွန်သွားကြ၍ မိဘပိုင်မြေကွက်မှာ အလွတ်ကျန်နေသည်။ ထို့ကြောင့် ဆရာတော်၏နှုတ်မိန့်ဖြင့် ၁၉၆၅ ခုနှစ်တွင် ရွှေချက်သိုလ် အမည်ရှိ စေတီတော်ကို တည်ထားခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၇၇ တွင် ဆရာတော်၌ ကြီးကြီ:မားမားရောဂါမဖြစ်လာသော်လည်း မောပန်းမှု ရှိလာသည်။ ဇွန်လ ၂၆ ရက်တွင် ဝစ္စကုဋီ (အိမ်သာ) မှအပြန် ညောင်စောင်းထက်အရောက် ညနေ ၇ နာရီခွဲတွင် ပျံလွန်တော်မူသည်။ ဆရာတော်၏ ရုပ်ကလာပ်အား ရွှေဘိုကလည်း ရချင်သည်၊ ကျောက်ဆည်ကလည်း လိုချင်သည်။ အင်ကြင်းပင်နယ်သားများက မပေး။ ထို့အပြင် မီးပူဇော်ခြင်း ပြု၊ မပြုနှင့် ပတ်သက်၍ ဝိဝါဒများ ရှိလာသည်။ ထို့ကြောင့် ထေရ်ကြီ:ဝါကြီးများထံ အဆုံးအဖြတ်ခံကြသည်။ ထို့အချိန်၌ ရွှေဘိုမြို့၊ ဓမ္မသုခဆရာတော်သည် သက်တော်ကြီးရင့်သကဲ့သို့ ပညာလည်း တတ်ကျွမ်းလှရာ အဆုံးအဖြတ်ပေးရန် ရွေးချယ်ကြသည်။ အဆုံးအဖြတ်ပြုရာ၌ ဓမ္မသုခဆရာတော်သာမက ပုခန်းဆရာတော်လည်း ကြွလာသည်။ ဆရာတော်နှစ်ပါးက မီ:ပူဇော်သင့်ကြောင်း ဆုံးဖြတ်၍ ခင်ဦးမြို့နယ် ပြည်သူ့ကောင်စီက ဦ:စီးကာ အန္တိမဈာပနပွဲကို ကျင်းပသည်။ ကျောက်ဆည် ဝေဘူချောင်ဆရာတော် ဦး အာစရဘိဝံသ၊ အင်ကြင်းပင်ကျောင်း နန်းဦးပရိယတ္တိစာသင်တိုက် ဦး ပညာဝံသနှင့် ခင်ဦးမြို့နယ် ပိတောက်ကုန်းကျောင်းဆရာတော် ဦ:ဝိစာရတို့က စီမံ၍ ကိုယ်တိုက်ကိုယ်ကျ နံ့သာထင်းဖြင့် သင်္ဂြိုဟ်ခဲ့သည်။ တစ်နေရာတည်းတွင် မီ:သင်္ဂြိုဟ်သော်လည်း ကျောင်းတိုက် သုံးနေရာစလုံးတွင် ဈာပနပွဲဖြင့် ပူဇော်ကြသည်။ မီ:ပူဇော်ပြီ:တွင် အရိုးပြာတို့ကို အညီအမျှ ခွဲယူကြသည်။

ရန်အောင်မြေ စေတီ[ပြင်ဆင်ရန်]

အဂ္ဂိဈာပနမြေနေရာတွင် စေတီတည်ထားကာ အင်ကြင်းပင်ကျောင်းအတွက်ရရှိသော အရိုးပြာတို့ကို ဌာပနာသွင်းခဲ့သည်။ စေတီတော်၏ဘွဲ့ကို ရန်အောင်မြေ ဟု မှည့်ခေါ်ကြသည်။ ထို့အပြင် ဦး အာစာရက ရန်အောင်မြေဗောဓိပင်ကိုလည်း စိုက်ပျိုးပူဇော်ခဲ့ရာ နှစ်စဉ် ကဆုန်လပြည့်တိုင်းတွင် ညောင်ရေသွန်း၍ ဆွမ်းတော်ကြီး လောင်းလှူလျက်ရှိသည်။

မွေးချင်းများ[ပြင်ဆင်ရန်]

  • မောင်စပ် (နောင်တွင် ဝေဘူဆရာတော် ဖြစ်လာမည့်သူ)
  • မောင်ပြူး
  • မရွှေပိုင်
  • မောင်လူကလေး
ဝေဘူဆရာတော်

ကိုးကား[ပြင်ဆင်ရန်]

  1. ရှင် မဏ္ဍလ (အင်ကြင်းပင်)၊ "ကျေးဇူးရှင် ဝေဘူဆရာတော်ကြီ:၏ ထေရုပ္ပတ္တိနှင့် တရားတော်များ"၊ ရွှေကျေးစာပေ။ ရန်ကုန်။ ၂၀၁၆။