ဝီလျံ ဟိုးဂတ်

ဝီကီပီးဒီးယား မှ
William Hogarth
William Hogarth, Painter and his Pug, 1745
မွေးဖွား(1697-11-10)၁၀ နိုဝင်ဘာ၊ ၁၆၉၇
London, England
ကွယ်လွန်၂၆ အောက်တိုဘာ၊ ၁၇၆၄(1764-10-26) (အသက် ၆၆)
London, England
ထာဝရ နားခိုရာနေရာSt. Nicholas's Churchyard, Chiswick Mall, Chiswick, London
အလုပ်အကိုင်Painter, engraver, Satire
အိမ်ထောင်ဖက်(များ)Jane Thornhill, Sir James Thornhill

ဝီလျံဟိုးဂတ်သည်ရုပ်ပြောင်ပန်းချီရေးဆွဲခြင်း၌လက်စွမ်း ထက်သော အင်္ဂလိပ်အမျိုးသား ပန်းချီကျော်တစ်ဦးဖြစ်သည်။ သို့ရာတွင်ဟိုးဂတ်သည် လူတစ်ဦးတစ်ယောက်၏ ချွတ်ယွင်းချက်ကို ချဲ့ထွင်၍ သီးခြားထုတ်ဖော်ခြင်းမပြုဘဲ လူလောကတစ်ခုလုံး၏အပြစ်အနာအဆာကို ပန်းချီကားပေါ်တွင် ဖော်ကာသရော်တတ်လေသည်။ ထို့ကြောင့်အလှအပနှင့် ခံ့ညားထယ်ဝါမှုကို အားပေးသောထိုခေတ်တွင် သူ၏ပန်းချီကားများကိုရုန့်ကြမ်းသည်ဟူ၍ အများက ဝေဖန်ခဲ့ကြ၏။ ယခုအခါတွင်မူကား အင်္ဂလိပ်ပန်းချီပညာသမိုင်းတွင်ဟိုးဂတ်၏လက်စွမ်းကို ချီးကျူးဖော်ပြထားကြသည်။ အထူးသဖြင့် လူ၏မျက်နှာထားကို သရုပ်ဖော်ရာ၌ ထူးချွန် ပြောင်မြောက်သူဖြစ်ပေသည်။ ဝီလျံဟိုးဂတ်သည် ၁၆၉ရ ခုနှစ်နိုဝင်ဘာလ ၁ဝ ရက်နေ့တွင်လန်ဒန်မြို့၌ ဖွားမြင်၍ ငယ်စဉ်ကတည်းက ပုံဆွဲပညာတွင်ထူးချွန်ခဲ့သည်။ ထို့ကြောင့်အသက် ၁၅ နှစ် အရွယ်တွင်ငွေပန်းထိန်ဆရာတစ်ဦးထံ၌ အလုပ်ပညာသင်အဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ အသက် ၂၂ နှစ်တွင်ကိုယ်ပိုင် ပန်းထိမ်လုပ်ငန်းကိုတည်ထောင်သောအခါစိတ်ကူးပုံစံထုတ်သူ အဖြစ်လည်းကောင်း၊ ပုံထွင်းသူအဖြစ်လည်းကောင်း၊ နာမည်ထွက်ပေါ်လာလေသည်။ ထိုနောက်စာအုပ်များတွင် သရုပ်ပြပုံများရေးဆွဲသည်။ လူပုံတူ များကိုလည်း ရေးဆွဲသည်။ ၁၇၂၉ ခုနှစ်တွင်ဟိုးဂတ်သည် နာမည်ကျော်ပန်းချီဆရာကြီး ဆာဂျိန်းသွန်းဟီး၏သမီးဂျိန်းနှင့်တိတ်တဆိတ် ထွက်ပြေးပြီးနောက် လက်ထပ်၍ပေါင်းသင်းနေထိုင်သည်။

ဝီလျံဟိုးဂတ်သည် လူ့လောကတွင်တွေ့ကြုံရသော ဟန်ဆောင်မှု၊ အဂတိလိုက်စားမှု၊ အသုံး အဖြုန်းလွန်ကဲမှု၊ တိရစ္ဆာန်ညှဉ်းပန်းမှု အစရှိသည့် မကောင်းမှုတို့ကို မကြိုက်နှစ်သက်သူဖြစ်သည့်အလျောက် ပန်းချီကားများဖြင့် ထိုမကောင်းမှုများကိုသရုပ်ဖော်ခဲ့လေသည်။ သူသည်လူ့ လောက အဖြစ်အပျက် ဇာတ်လမ်းကိုပန်းချီကားအချပ်ချပ်တို့ဖြင့် ပေါ်လွင်စေခဲ့သူဖြစ်ရာ လန်ဒန် မြို့ တိတ်အနုပညာပြတိုက်ရှိ အထက်တန်းစားတို့၏ အိမ်ထောင်ရေး ပန်းချီကားများသည် ၁၈ ရာစုခေတ် လူမှုရေးစံနစ်ကို သရော်ထားသော ပုံများပင်ဖြစ်သည်။

ဟိုးဂတ်သည် ရှေးပန်းချီကျော်တို့၏စံနစ်ကို အတုမယူဘဲ မိမိ၏ထိုးထွင်းဉာာဏ်ဖြင့် စံနစ်သစ်ထွင်၍ ပုံများကိုသဘာဝကျကျရေးဆွဲခဲ့သည်။ ထိုကြောင့်သူရေးဆွဲသော ပန်းချီကားများတွင်အသက်ဝင်လျက်ရှိပေသည်။ ဟိုးဂတ်သည် မိမိရေးဆွဲသော ပန်းချီကားများမှတစ်ဆင့် ပုံထွင်းထုလုပ် လေ့ရှိသည်။ ပုံတူပန်းချီကားများကိုလည်း ရေးဆွဲခဲ့သည်။ ဟိုးဂတ်ရေးဆွဲခဲ့သော မိမိ၏ပုံတူပန်း ချီလက်ရာများအနက် လန်ဒန်မြို့ နေရှင်နယ်ပန်းချီပြတိုက်တွင်ရှိသော ပုံတူပန်းချီကားသည် အကောင်းဆုံးလက်ရာ ဖြစ်ပေသည်။ ဝီလျံဟိုးဂတ်သည် ၁၇၆၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကွယ်လွန်သည်။ သူ၏လက်ရာ ပန်းချီကားများကို လန်ဒန်မြို့ရှိဆုန်းပြတိုက်၊ နေရှင်နယ်ပန်းချီပြတိုက်၊ နေရှင်နယ်ပုံတူ ပန်းချီပြတိုက်၊ တိတ်အနုပညာပြတိုက်၊ ဝင်ဆာရဲတိုက်၊ လမ်းဗက်နန်းတော်တို့တွင်တွေ့မြင်နိုင်လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)