ဝီလျံ တားနား

ဝီကီပီးဒီးယား မှ
ဂျိုးဇက်မောလော့ ဝီလျံတားနား

ရှုမျှော်ခင်းရေးဆွဲရာ၌ ကမ္ဘာကျော်ကြားသော အင်္ဂလိပ်ရေဆေးပန်းချီဆရာ ဂျိုးဇက် မဲလာ့ ဝီလျံ တားနားသည် ၁၇၇၅ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် လန်ဒန်မြို့၌ ဖွားမြင် သည်။ သူ၏ဖခင်မှာ ဆျွှာသည် တစ်ဦးဖြစ်သည်။ ဖခင်ဖြစ် သူသည် ပထမဦးစွာ၌ သားဖြစ်သူအား စာသင်စေသော်လည်း၊ သားဖြစ်သူသည် စာထက် ပန်းချီကိုပို၍ စိတ်ထက်သန်သည်ကို တွေ့ရသောအခါ၊ ပန်းချီအနုပညာကို သင်ကြားစေရန် အားပေး အားမြှောက်ပြုလာလေသည်။ ၁၇၈၉ ခုနှစ်တွင် တားနား၏ ဖခင်သည် တားနားကို တော်ဝင်အနုပညာတံခွန်ကျောင်း၌ အပ် နှံပေးသည်။ ထို့ပြင် တားနားသည် ပန်းချီကျော် ဆာ ဂျော့ရွှာ ရေးနော့ထံတွင်လည်း တပည့်ခံခဲ့ဘူးသည်။

တားနားသည် ငယ်စဉ်မှစ၍ ဆယ်နှစ်ခန့် ပန်းချီအတတ် ကိုလေ့ရာတွင့် မဂ္ဂဇင်းရုပ်ပုံရေးဆွဲခြင်းနှင့် ရေဆေးရောင်စုံ ခြယ်ခြင်းတို့၌ ထူးချွန်၍ တတ်မြောက်လာသည်။ တော်ဝင် အနုပညာတံခွန်ကျောင်းသို့ တက်ရောက်၍ ပညာသင်ရာ တစ်နှစ်မျှကြာလျှင်ပင်၊ သူ၏ ပထမပန်းချီကားကို တော်ဝင်အနုပညာတံခွန်ကျောင်း၌ ချိတ်ဆွဲခွင့်ရခဲ့သည်။ ထိုစဉ်က သူ သည် အသက် ၁၅ နှစ်မျှသာ ရှိသေးသည်။ နောင်သောအခါ သဘာဝရှုခင်း ရေးဆွဲရာ၌ ခေတ်ကိုဦးဆောင်နိုင်သူဖြစ်သည့် အလျှောက် ခရစ် ၁၈ဝ၂ ခုနှစ်တွင် တော်ဝင်အနုပညာကျော် တစ်ဦးဖြစ်လာလေသည်။ နောင်သောအခါ တားနားသည် ရေဆေးကိုသာမက ဆီဆေးကိုပါ အသုံးပြုလာသည်။ သို့ရာတွင် သူသည် ဆီဆေးကိုဖော်စပ်ရာ၌ ကောင်းစွာနည်းမကျသောကြောင့် သူ၏ဆီဆေးကားတို့မှာ ကာလကြည်ရှည်စွာမခံချေ။ ထိုကြောင့် ရေဆေးကိုနိုင်သည့်အချက်၌သာ ကျော်စောထင်ရှား သည်။ တားနားသည် အင်္ဂလန်၊ ပြင်သစ်၊ ဆွစ်ဇာလန်နိုင်ငံတို့သို့ လှည့်ပတ်၍၊ ရှုမျှော်ခင်းများကို ရေးဆွဲခဲ့သည်။ ၁၈၄၃ ခုနှစ်တွင် ဂျွန် ရပ်စကင်က တားနား၏ ရေဆေးအကြောင်းကို စာတအုပ်တွင် ဖော်ပြ ဝေဖန်လိုက်ရာ၊ တားနားသည် အထူးနာမည်ကျော်ကြားလာလေသည်။ သို့သော် တားနားသည် ပန်းချီ ရေးဆွဲခြင်းမှတစ်ပါး အခြားကိုအာရုံမစိုက်ဘဲ၊ တစ်ကိုယ်တည်း နေလေ့ရှိသည်။ ခရစ် ၁၈၅ဝ ပြည့်နှစ်တွင် သူ၏နောက်ဆုံးလက်ရာတစ်ခုကို ပန်းချီအသင်း၌ ပြသပြီးနောက်၊ အသင်း အစည်းအဝေးများကို နောက်ထပ် မတက်ရောက်တော့ချေ။

လန်ဒန်မြို့ ချောင်ကျသော ရပ်ကွက်တစ်ခု၌ လူသိမခံဘဲ နေထိုင်ခဲ့လေသည်။ ၁၈၅၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ တွင် ထိုနေရာ၌နေထိုင်ယင်းပင် ကွယ်လွန်ခဲ့လေသည်။ သူ ကွယ်လွန်သောအခါ ငွေကြေးအမြောက်အမြား ကျန်ရစ်ခဲ့သည်။ ကျန်ရစ်ခဲ့သမျှတို့ကို ပန်းချီပညာရှင်တို့အား ထောက်ပံ့စေရန် တော်ဝင်အနုပညာ တံခွန်အသင်းသို့ လှူဒါန်းခဲ့လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)