ဝိရောစဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - ၁၅။ ကကဏ္ဋကဝဂ် -၁၄၃ - ဝိရောစဇာတ်။ ။ ခြင်္သေ့အတုပြုကာ ဆင်အား သတ်စားရန် တောင်းဆိုသည်ကို ခြင်္သေ့ အဖန်ဖန် တားမရသဖြင့် ဆင်နင်းသတ်ခံရသော မြေခွေးမိုက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ဘုရားအံတု သင်းခွဲပြု[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် ဈာန် အဘိညာဏ် ပျောက်ကွယ်လျက် လာဘ်လာဘ ဆုတ်ယုတ်သည့်အတွက် သံဃာကို သင်းခွဲတော့မည်ဟု ကြံစည်ကာ မြတ်စွာဘုရားထံ ငါးပါးသော ဝတ္ထုတို့ကို တောင်းလေ၏။

မရသောအခါ ရဟန်းဖြစ်သစ်စ ဓမ္မဝိနိယ၌ မလိမ္မာသေးသော အဂ္ဂသာဝကနှစ်ပါး၏ အတူနေ တပည့်ငါးရာတို့ကို သွေးဆောင်ခေါ်ယူပြီးလျှင် ဂယာသီသသို့သွား၍ တစ်သိမ်တည်း၌ သံဃကံ အသီးပြုကာ သံဃာကို သင်းခွဲလေ၏။

သာရိပုတ္တရာနောက်ပါ တပည့်ငါးရာ[ပြင်ဆင်ရန်]

ထိုအခါ အဂ္ဂသာဝကနှစ်ပါးလည်း မြတ်စွာဘုရား စေခိုင်းတော်မူသဖြင့် ရဟန်းငယ် ငါးရာတို့ကို ပြန်၍ခေါ်ယူရန် ဂယာသီသသို့ သွားကြကုန်၏။ ဒေဝဒတ်လည်း ညဉ့်အခါ တရားဟောသည်ရှိသော် ဘုရား၏ တင့်တယ်စံငယ်ခြင်းကို ပြုတော့မည်ဟု ကြံစည်ကာ ဘုရားအတုပြုလျက် ရှင်သာရိပုတ္တရာအား “ငါ့ရှင် သာရိပုတ္တရာ ... ရဟန်းသံဃာသည် ထိန, မိဒ္ဓ င်း၏၊ သင် တရားဟောပါ၊ ငါ ညောင်းညာလှသည်၊ ကျောဆန့်ဦးမည်” ဆို၍ လျောင်းစက်ရာ အိပ်ပျော်သွားလေ၏။ ရှင်သာရိပုတ္တရာလည်း ရဟန်းငယ် ငါးရာတို့ကို တရားပြ၍ ဆုံးမပြီးလျှင် မြတ်စွာဘုရားထံ ခေါ်ယူသွားကြကုန်၏။

ကောကာလိကနှိပ်စက် သွေးအန်ထွက်[ပြင်ဆင်ရန်]

ကောကာလိကသည် ရဟန်းငယ် ငါးရာတို့ကို မမြင်လျှင် ဒေဝဒတ်ထံသွား၍ “ငါ့ရှင် ဒေဝဒတ် ... သင့်ရဟန်းငယ် ငါးရာတို့ကို အဂ္ဂသာဝကနှစ်ပါး ခေါ်ယူသွားသဖြင့် ကျောင်းချည်းသာ ကျန်တော့၏၊ သင်ကား အအိပ်ကြီးလှ၏” ဟု ဆိုကာ ကိုယ်ဝတ်ကိုဖယ်၍ ရင်ဘတ်ကို ဖနောင့်နှင့် ပေါက်လေ၏။ ဒေဝဒတ်လည်း ထိုခဏ၌ပင် သွေးအန်လေ၏။ ထိုအခါမှစ၍ သည်းထန်စွာ ဝေဒနာရလေ၏။

မြတ်စွာဘုရားလည်း သာရိပုတ္တရာမထေရ်ကို “ချစ်သား သာရိပုတ္တရာ ... သင့်ကိုမြင်သောအခါ ဒေဝဒတ်သည် အဘယ်သို့ ပြုသနည်း” ဟု မေးတော်မူ၏။ “အရှင်ဘုရား ဒေဝဒတ်သည် တပည့်တော်ကိုမြင်လျှင် ဘုရား၏ တင့်တယ်စံပယ်ခြင်းကို ပြုတော့မည်ဟု ကြံစည်ကာ ဘုရားအတုပြုလျက် ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ရသည်” ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် “ချစ်သား သာရိပုတ္တရာ ... ဒေဝဒတ်သည် ယခုအခါ၌သာ ငါဘုရား အတုပြု၍ ပျက်စီးခြင်းသို့ ရောက်ရသည် မဟုတ်၊ ရှေးအခါ၌လည်း ပျက်စီးခြင်းသို့ ရောက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ခြင်္သေ့မင်းမွေး တောမြေခွေး[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကေသရာဇ ခြင်္သေ့မင်းဖြစ်၍ ဟိမဝန္တာဝယ် ရွှေဂူတစ်ခု၌ နေလေ၏။

တစ်နေ့သ၌ ထိုကေသရာဇာ ခြင်္သေ့မင်းသည် ရွှေဂူမှ ထွက်ပြီးလျှင် အရပ်လေးမျက်နှာကို ကြည့်ရှုလျက် ခြင်္သေ့သံဖြင့် ဟောက်၍ အစာရှာသွားလတ်သော် ကျွဲကြီးတစ်ကောင်ကိုသတ်ကာ ကောင်းမြတ်သော အသားကိုစား၍ ဝလျှင် အိုင်တစ်ခု၌ ရေသောက်၍ နေရာရွှေဂူသို့ ပြန်ခဲ့၏။

ထိုအခါ မြေခွေးတစ်ကောင်သည် အစာရှာသွားလတ်သော် ခြေင်္သေ့မင်းကိုမြင်၍ အလွန်ကြောက်ရွံ့လျက် မပြေးနိုင်တော့ဘဲ ခြေင်္သေ့မင်းရှေ့မှာပင် ရှိခိုးလျက် ဝပ်လေ၏။ ခြင်္သေ့မင်းသည် “မြေခွေး ... ဘယ်အတွက် လာသနည်း” ဟု မေးရာ၊ “အရှင် ... အရှင့်ခြေရင်းမှာ လုပ်ကျွေးလို၍ လာပါသည်” ဟု ပြောလေ၏။ “မြေခွေး ... ကောင်းပြီ၊ လုပ်ကျွေးလော့၊ သင့်အား ကောင်းမြတ်သော အသားကို ကျွေးမည်” ဟု ပြောဆိုကာ မြေခွေးကို ရွှေဂူသို့ ခေါ်၍သွား၏။ မြေခွေးလည်း ထိုအခါမှစ၍ ခြသေ့င်္စားကြွင်းကိုစားလျက် နှစ်ရက်၊ သုံးရက် လွန်လျှင် ဝဖြိုးလာလေ၏။

မြေခွေးပြောကြား ဖမ်းသတ်စား[ပြင်ဆင်ရန်]

တစ်နေ့သ၌ ခြင်္သေ့မင်းသည် မြေခွေးကို “မြေခွေး ... သွားချေ၊ တောင်ထိပ်ပေါ်ကနေ၍ တောင်ခြေရင်းတွင် လှည်လည်နေသော ဆင်၊ မြင်း၊ ကျွဲ၊ နွား စသည်တို့ကို ကြည့်ချေ၊ သင် စားလိုသောအသားကို မှတ်ခဲ့၍ ငါ့ထံလာပြီး ရှိခိုးလျက် မည့်သည်သားကို စားလိုသည်၊ အရှင် *ထွန်းပလော့ဟု ဆိုရမည်၊ ငါသည် ထိုသားကောင်ကိုသတ်၍ မြတ်သောအသားကို စားမည်၊ သင့်အားလည်း ပေးမည်” ဟု ပြောကြား စေခိုင်းလေ၏။

[* ထွန်းပလော့ - ဆိုသော စကားမှာ ဝိရောစပါဠိမှ မြန်မာပြန်ထားသော စကားဖြစ်သည်။ အဓိပ္ပါယ်မှာ အစွမ်းသတ္တိကို ပြပါ၊ တန်ခိုးကိုပြပါဟု မြှောက်ပေးသောစကား ဖြစ်သည်။]

မြေခွေးသည် ခြင်္သေ့မင်း စေခိုင်းသည်အတိုင်း တောင်ထိပ်ပေါ်ကနေ၍ စားလိုသော သားကောင်ကိုမှတ်ကာ ဂူတွင်းသို့ဝင်၍ ခြင်္သေ့မင်းအး ပြောကြားလျက် “အရှင် ... ထွန်းပလော့” ဟု ဆိုလေ၏။ ထိုအခါ ခြင်္သေ့မင်းသည် လျင်စွာပြေး၍ အမုန်ယစ်သော ဆင်ပင် ဖြစ်စေကာမူ ဖမ်းယူသတ်ဖြတ်ကာ မိမိလည်း မွန်မြတ်သော အသားကိုစား၏။ မြေခွေးအားလည်း ပေးလေ၏။

ခြင်္သေ့တုပ အားစွမ်းပြ[ပြင်ဆင်ရန်]

မြေခွေးသည် ကာလရှည်ကြာလတ်သော် “ငါလည်း အခြေလေးချောင်းရှိသောသားပင် ဖြစ်၏၊ အဘယ်ကြောင့် သူတစ်ပါး ကျွေးမွေးသည်ကို စား၍နေရအံ့နည်း၊ ငါလည်း ဤနေ့မှစ၍ ဆင် စသည်တို့ကို ကိုယ်တိုင်သတ်၍ စားမည်၊ ဤခြေင်္သေ့မင်းကား အရှင် ... ထွန်းပလော့ ဆိုသောစကား ကလေးကိုမှီ၍ ဆင်စသည်ကို သတ်၍စားနိုင်သေး၏။ ငါလည်း ခြင်္သေ့မင်းကို ဇမ္ဗုက ... ထွန်းပလော့ ဆိုစေလျက် ဆင်ကိုသတ်၍ စားမည်ဟု မာနတက်ကာ ခြင်္သေ့မင်းထံ ကပ်၍ “အရှင် ... အကျွန်ုပ်ကား ကာလရှည်မြင့်စွာ အရှင်တို့ သတ်၍ကျွေးသော အသားကိုသာ စားခဲ့ရသည်၊ ကျွန်ုပ်လည်း ဆင်တစ်ကောင်ကိုသတ်၍ စားလိုသည်၊ ထို့ကြောင့် အကျွန်ုပ်သည် ရွှေဂူမှာ အိပ်၍နေမည်၊ အရှင်သွား၍ တောင်ခြေရင်း၌ သွားနေသော ဆင်ကို ကြည့်ရှု၍ ဇမ္ဗုက ... ထွန်းပလော့ဟု ဆိုပါ၊ဤမျှလောက်ကလေးကို ဝန်မတိုပါနှင့်” ဟု တောင်းပန်လေ၏။

ရွှေဂူအိမ်ပြန် ခြင်္သေ့ဟန်[ပြင်ဆင်ရန်]

ထိုအခါ ခြင်္သေ့မင်းသည် မြေခွေးကို “မြေခွေး ... ငါ ဝန်မတိုပါ၊ သင်သည် ဆင်ကို မသတ်နိုင်၊ ဆင်ကို သတ်၍ စားနိုင်သော မြေခွေးမည်သည် လောက၌မရှိ၊ သင်ကိုယ်တိုင် မသတ်ချင်ပါနှင့်၊ ငါ သတ်ကျွေးသော အသားကိုသာ အေးအေးစားနေပါ” ဟု တားမြစ်လေ၏။ မြေခွေးသည် ခြင်္သေ့မင်း တားမြစ် ဆုံးမသော်လည်း မနာယူဘဲ အဖန်ဖန် တလဲလဲ တောင်းပန်၍သာနေ၏။ ခြင်္သေ့မင်းသည် မြေခွေးကို မတားမြစ်နိုင်တော့သဖြင့် “ကောင်းပြီ” ဟု ဝန်ခံ၍ ရွှေဂူ၌အိပ်စေပြီးလျှင် တောင်ခြေရင်း၌ အမုန်ယစ်သော ဆင်ကို ကြည့်၍ ရွှေဂူတံခါးသို့သွားကာ “ဇမ္ဗုက .. .ထွန်းပလော့” ဟု ဆိုလေ၏။

ဆင်ကိုဖမ်းလေ အသက်သေ[ပြင်ဆင်ရန်]

မြေခွေးသည် ရွှေဂူမှထွက်၍ ခြင်္သေ့မင်း၏ တင့်တယ်စံပယ်ခြင်းကို ပြုတော့မည်ဟု ကြံစည်လျက် ခြင်္သေ့မင်းအတုပြုကာ အရပ်လေးမျက်နှာသို့ ကြည့်ရှု၍ ခွေးသံဖြင့် သုံးကြိမ် ဟောင်ပြီးလျှင် တောင်ထိပ်ပေါ်ကနေ၍ ဆင်၏ ဦးကင်းပေါ်၌ ကျစေမည်ဟု ရည်ရွယ်လျက် ပြေးလေရာ ဆင်၏ ခြေရင်း၌ ကျလေ၏။ ဆင်သည် လက်ယာခြေကိုမြှောက်၍ မြေခွေးဦးခေါင်းကို နင်းလေ၏။ ဦးခေါင်းရိုးတို့သည် မှုန့်မှုန့်ညက်ညက် ကြေကုန်၏။ ဆင်သည် နောက်မှ မြေခွေးကိုယ်ကိုယ် ခြေဖြင့်ခွေ၍ စုပုံကာ အပေါ်၌ မစင်စွန့်ချပြီးလျှင် ကြိုးကြာသံမြည်လျက် တောသို့ဝင်လေ၏။ ထိုအခါ ခြင်္သေ့မင်းသည် ဤအကြောင်းကိုမြင်၍ -

“ဟယ် မြေခွေးမိုက် ... သင့်မှာ ဦးခေါင်းကွဲ၍ ဦးနှောက်ထွက်ချေပြီ၊ နံရိုးတွေလည်း ကျိုးခဲ့ပြီ၊ ယခု အခါ သင် ထွန်းပပါဦးလော့” –

ဟု ဆို၍ အသက်ထက်ဆုံးတည်လျက် သေလွန်သောအခါ ကံအားလျော်စွာ လားလေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မြေခွေးသည် - ယခုအခါ ဒေဝဒတ်။

ခြင်္သေ့မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ရှင်ပင်ကိုလဲ၊ သတ်ရန်ခဲ၊ ဆင်းရဲရုံမျှပင်။

(၂) သေသောက်မိုက်ခွေး၊ သတ်ရန်တွေး၊ မြေခွေးလှောင်သည်သွင်

သိင်္ဂါလဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ