ဝိမှယဟတ္ထ

ဝီကီပီးဒီးယား မှ

ဝိမှယဟတ္ထဟုလည်း ခေါ်သည်။

အံ့ဩနေပုံ, ရင်သပ်ရှုမော ဖြစ်နေပုံ, အထိတ်တလန့်ဖြစ်နေပုံ, မဖြစ်ဘူးမြဲအံ့ဩဘွယ် အထူး အဆန်းဖြစ်နေပုံများ၏ သဘောအနက် အဓိပ္ပါယ်ကို သရုပ်ဆောင်နေသည့် ဟန်မျိုးဖြစ်ပေသည်။

လက်မောင်းကို မြှောက်ချီ၍ လက်ဝါးကို နောက်သို့ လှန်ပြီးလျှင် လက်ချောင်းများကို ကားဖြန့်၍ ထောင်ပြထားသော ဟန်ဖြစ်သည်။ များသောအားဖြင့် လက်ဝါးသည် ပုခုံးထက် မြင့်နေတတ်ပေသည်။

တခါတရံ လက်ကိုမြှောက်၍ လက်ဝါးကို နောက်သို့လှန်ပြီးလျှင် လက်ညှိုးနှင့် လက်ခလယ်နှစ်ချောင်းကို မေးစေ့တွင် ထောင်ပြထားသည်။ မျက်လုံးများကို အပေါ်သို့ လှန်ပြထား၍ မျက်နှာ အမူအရာကိုလည်း အံ့ဩနေပုံဆောင်စေသည်။ ဤလက်ဟန်ကိုလည်း ဝိမှယမုဒြာ သို့မဟုတ် ဝိမှယဟတ္ထမျိုး ဖြစ်သည်ဟု ပညာရှင် သုတေသီများက အဆုံးအဖြတ် ပေးသားကြသည်။

အစ္ဆရိယဓမ္မ, အဗ္ဗုတဓမ္မ, မင်္ဂလာအပေါင်းနှင့် ပြည့်စုံစေသည်။

အဗ္ဘုတရသကို ပေါ်လွင် ထင်ရှားစေသည်။

သစ္စာပါရမီ, အဓိဋ္ဌာနပါရမီ စခန်းများသို့ ရည်ညွှန်းပြသည်။

ပုံစံအားဖြင့် မြတ်စွာဘုရား၏ တန်းခိုးပြဋိဟာရိယ ပြတော်မူခန်း ရုပ်တုများတွင်၎င်း, တရား ဓမ္မ ဟောပြနေပုံများတွင်၎င်း, ရဟန္တာများနှင့် မာရ်နတ်စသည်တို့ တန်းခိုးပြိုင်ကြသော အခန်းများတွင်၎င်း, ဤမုဒြာကို တွေ့ရှိရတတ်သည်။

ဝိမှယဟတ္ထ, သို့မဟုတ် အစ္ဆရိယမုဒြာ သို့မဟုတ် အဗ္ဘုတမုဒြာ ပုံဟန်ဖြင့် ရုပ်ပွားဆင်းတုတော်များကို ထုလုပ်စီရင် ကိုးကွယ်သော သူတို့သည် တန်းခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံခြင်း, အံ့ဘွယ်သရဲ လူရှင်ရဟန်းတို့၏ ချီးမွမ်းထောမနာခြင်းကို ခံရခြင်း, တန်းခိုးကြီးခြင်း, သစ္စာဓိဋ္ဌာန်ပြုရာ၌ လေးနက် အောင်မြင်ခြင်း, အစွမ်းသတ္တိ ထက်မြက်ခြင်း စသော အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်း ပဋိမာသိပ္ပံ ပညာဆိုင်ရာကျမ်းများ၌ ဖွင့်ဆိုထားပါသည်။ [၁][၂] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. VISMAYA-MUDRĀ(VISMAYA HASTA) Astonishment and Wonder, Awe. Icons in Bronze p.29. EHL.ii. p. 16. DHI. p.250.
  2. ၂.၀ ၂.၁ စဝ်ထွန်းမှတ်ဝင်း မဟာဝိဇ္ဇာ (ရန်ကုန်)၊ မဟာဝိဇ္ဇာဂုဏ်ထူး (ဟားဗဒ်) အထက်တန်း သုတေသန ပညာရှင်ဘွဲ့ (ဟားဗဒ်) ညွှန်ကြားရေးမှူး၊ သုတေသနနှင့် ကျမ်းပြုဌာနခွဲ သာသနာရေး ဦးစီးဌာန။ မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာ