ဝိဇ္ဇာဓိုရ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဝိဇ္ဇာဓိုရ်[ပြင်ဆင်ရန်]

ဝိဇ္ဇာဓိုရ်ဆိုတာ ဝိဇ္ဇာ+ဓရ ဆိုသည့် ပါဠိပုဒ်ကနေ ဆင်းသက်လာသည်။ ဝိဇ္ဇာဆိုသော ပုဒ်က

  1. အသိပညာ (အတတ်ကြီး ၁၈ ပါး)
  2. အတတ်ပညာ (အတတ်ငယ် ၆၄ ပါး)
  3. ဗေဒင်သုံးပုံ
  4. ပု- ဒိ -အာ ဆိုတဲ့ ဝိဇ္ဇာသုံးပါးကို ဟောသည်။

ဖိုလ်အောင်းခြင်းမရှိသော ဝိဇ္ဇာဓိုရ် များ[ပြင်ဆင်ရန်]

  1. ပြဒါးကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားတဲ့ ပြဒါးဝိဇ္ဇာမျိုး၊
  2. သံကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားတဲ့ သံဝိဇ္ဇာ၊
  3. ဆေးစီရင်ပြီး အောင်မြင်သွားတဲ့ ဆေးဝိဇ္ဇာ၊
  4. အင်းချ အောင်မြင်သွားတဲ့ အင်းဝိဇ္ဇာ၊
  5. မန္တာန် ရွတ်ဆို အောင်မြင်သွားတဲ့ မန္တာန် ဝိဇ္ဇာ၊
  6. သန်လျက် ကို အသက်သွင်းပြီး အောင်မြင်သွားတဲ့ သန်လျက်ဝိဇ္ဇာ၊


မြန်မာပြည်မှာတော့ ထွက်ရပ်ပေါက်အောင်ရယ်လို့ ကြိုးစားသူတွေက ပြဒါးကစားသူ၊ သံကစားသူ၊ ဆေးကစားသူ၊ အင်းကစားသူတွေသာ များပါတယ်၊ မန္တာန်ဝိဇ္ဇာ၊ သန်လျက်ဝိဇ္ဖာ မျိုးကတော့ တော်တော်ရှားပြီး မတွေ့ရသလောက်ပါပဲ။ ဒီနေရာမှာ မန္တာန်ဝိဇ္ဇာ၊ သန်လျက်ဝိဇ္ဖာ အကြောင်းနည်းနည်း ပြောပြပါမယ်၊

ဆက္ကနိပါတ်၊ ဝိဇ္ဖာဓရ ဇာတ်တော်မှာလာတဲ့ ဝိဇ္ဇာဓိုရ် ဟာ မန္တာန် ဝိဇ္ဇာပါ၊ ရှေးရှေးတုံးက တကယ့်အဖြစ်အပျက်အနေနဲ့ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း လက်ထက်မှာ ဘုရားအလောင်းတော်ဟာ သိကြားမင်း ဖြစ်နေပါတယ်၊ အဲဒီတုံးက ဝိဇ္ဖာဓိုရ်တယောက်ဟာ သန်းခေါင်ယံအချိန်ရောက်တိုင်း မန္တာန်ကို မန်းမှုတ်ပြီး နန်းတော်ကို လာကာ မိဖုရားကြီးနဲ့ ပျော်ပါးလေ့ရှိသတဲ့။

မိဖုရားကြီးမှာလဲ အိပ်မက်လိုလို တကယ်လိုလို ဖြစ်နေပြီး ဘာမှ မတတ်နိုင်တဲ့ အဆုံး ဘုရင်ကြီးကို ဖွင့်ပြောတိုင်ပင်ရပါတယ်။ ဘုရင်ကြီးကလဲ ဉာဏ်ပညာကြွယ်ဝလေတော့ အဲဒီ လူရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသား တခုခုကို ထင်ကျန်အောင် လုပ်နိုင်ပါ့မလား လို့ မေးတော့ မိဖုရားကြီးကလဲ စွမ်းနိုင်ပါကြောင်း ကတိပေးပါတယ်။

မိဖုရားကြီးကလဲ အကြံနဲ့ ဆိုတော့ ညအခါ အိပ်ယာအနီး ဟင်္သာပြဒါးစစ်ခွက်ကို ယူထားသတဲ့။ ဝိဇ္ဇာဓိုရ် လာရောက် ပျော်ပါးတဲ့ အခါမှာ မိဖုရားကြီးက သူ့ ခန္ဓာကိုယ်ကို သိုင်းဖက်ပြီး ကျောပြင်မှာ လက်ငါးချောင်းရာ ပေးလိုက်တယ်၊ ဝိဇ္ဖာဓိုရ် ထွက်သွားလျင် သွားချင်း ရှင်ဘုရင်ကို သံတော်ဦးတင်လို့ ဘုရင်ကြီးကလဲ ကျောမှာ လက်ငါးချောင်းရာ ပါသူကို ဖမ်းစေ လို့ အမိန့်တော် ထုတ်လိုက်ပါတယ်၊ ဝိဇ္ဖာဓိုရ် ကတော့ သူမဟုတ်သလိုပဲ၊ ညအခါ သူများမယား၊ သမီးများကို ပစ်မှားပြီး နေ့ကျလျင် သုဿာန်မှာ နေကို ရှိခိုးပြီး ခြေတဖက် ထဲနဲ့ ရပ်နေလေ့ရှိသတဲ့။ မင်းချင်းတို့ဟာ ဝိဇ္ဇာဓိုရ်ကျောပြင်မှာ လက်ငါးချောင်းရာကို မြင်တော့ ဝိုင်းဖမ်းကြတဲ့ အခါ ငါ့အမှု လူတွေ သိကုန်ပြီ ထင်တယ်၊ မဟန်တော့ဘူး၊ ဆိုပြီး မန္တာန်ကို မန်းမှုတ်ပြီး ကောင်းကင်ကို ပျံတက်သွားလို့ မမှီလိုက်ကြဘူးပေါ့။ ။


( ၂ ) အဲဒီ ဝိဇ္ဇာဓိုရ်ဟာ ရသေ့ ရဟန်းများလို သစ်ခေါက်ဆိုး သင်္ကန်းအရောင် ဝတ်ထားလို့ မင်းကြီးက ရသေ့ ရဟန်းထင်ပြီး ငါ့နိုင်ငံအတွင်းမှာ ရသေ့ ရဟန်းမနေရဘူး လို့ နှင်ထုတ်မိန့် ထုတ်ပြန်လို့ ကာသိတိုင်း တတိုင်းလုံး ရဟန်းသံဃာတော် ရသေ့ ရဟန်းတွေ အားလုံး ဆိတ်သုံးသွားတဲ့ အထိအောင် ဖြစ်သတဲ့။

ဒါကြောင့် အခုခေတ်မှာလဲ ရသေ့ယောင်ယောင် ရဟန်းယောင်ယောင် ကိုယ့်ဘာသာ ဆံပင်ရိတ်၊ သင်္ကန်းပတ်ပြီး မလျော်တဲ့ အလုပ်တွေ လုပ်နေတာကို မြန်မာနိင်ငံမှာ နေရာတိုင်း တောရော မြို့ရော တွေ့နေရပါတယ်။ စိတ်မကောင်းစရာပါပဲ။ ဒါကြောင့် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ( တစ်သာသနာလုံး ) နာမည်ပျက် တဲ့ အဖြစ်မျိုး ရောက်တတ်ကြတာကို အားလုံး သတိရှိရှိ ကာကွယ်ကြစေ ချင်ပါတယ်။

ဒီအကြောင်းကို သာသနာကြည်ညိုတဲ့ သိကြားမင်းက သိလို့ အရှင်ပစ္စေကဗုဒ္ဓါတပါးကို ပင့်သွားပြီး ရှင်ဘုရင်ကို တရားဟောစေတယ်၊ နောက်ပိုင်းမှာတော့ အမြင်မှန်ရသွားပြီး ရသေ့ရဟန်းများ ပုံမှန် ဝင်ထွက်သွားလာနိုင်ကြသတဲ့၊ ဒါကြောင့် မန္တာန်ဝိဇ္ဇာ ဆိုတာ ကျမ်းဂန်များမှာ အထင်အရှားရှိနေပါတယ်။

နောက်တမျိုးအနေနဲ့ သန်လျက်ဝိဇ္ဇာ ဆိုတာကိုတော့ ဇင်းမယ်ပဏ္ဏာသ က လာတဲ့ သမုဒ္ဒဃောသ ဇာတ်တော်မှာ တွေ့နိုင်ပါတယ်။

သံဝိဇ္ဖာကတော့ သံလုံးအတွင်း သိဒ္ဓိသွင်းတာမျိုးပါ။ သန်လျက်ဝိဇ္ဇာ ဆိုတာကလဲ သံလုံးအတွင်း သိဒ္ဓိသွင်းတာပဲမို့ သဘောချင်းတူညီပါတယ်၊ ဒါကြောင့် တူရာ တူရာ ပေါင်းလိုက်လျင်တော့ ဝိဇ္ဇာ ၅ မျိုး ရှိတယ်လို့ မှတ်သားနိ်ုင်ပါတယ်၊

နောက်တမျိုးက ပုဂံခေတ်မှာ ကျန်စစ်သားမင်းကြီးလက်ထက် သမီးတော် ရွှေအိမ်စည်မင်းသမီးနဲ့ ရည်ငံခဲ့ဖူးတဲ့ ပြဒါးရှင်လုံးကို ငုံပြီး ကောင်းကင်ပျံနိုင်တဲ့ ပဋိက္ခရား ဆိုတာကလဲ ပြဒါးဝိဇ္ဇာ အတွင်းပါဝင်တာမို့ ၅ မျိုးပါပဲ။ လောကီဝိဇ္ဖာ ဆိုတာ ရှိသလို လောကုတ္တရာဝိဇ္ဇာ ဆိုတာလဲ ရှိပါသေးတယ်၊ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးရဲ့ ဝိဇ္ဖာမဂ္ဂဒီပနီကျမ်းမှာ လောကီ လောကုတ္တရာ အားလုံးပေါင်း ၅ မျိုးရှိကြောင်း တွေ့ရပါတယ်။

အဲဒါတွေကတော့ --

၁။ ဝေဒဝိဇ္ဇာ = ဗေဒင် လေးမျိုးတတ်ကျွမ်းသူ၊ ၂ ။ မန္တဝိဇ္ဇာ = လက္ခဏာကျမ်း နိမိတ်ကျမ်း၊ ဂါထာ မန္တရား ဆေးအမျိုးမျိုး တတ်ကျွမ်းသူ၊ ၃ ။ ဂန္ဓာရီ ဝိဇ္ဇာ = သိဒ္ဓိအမျိုးမျိုးပေါက်တဲ့ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဖာ၊ ဆေးဝိဇ္ဇာ၊ အင်းဝိဇ္ဇာ၊ မန္တာန်ဝိဇ္ဇာအမျိုးမျိုး၊ ၄။ လောကိယဝိဇ္ဖာ = လောကီဈာန်ရ ပုဂ္ဂိုလ်၊ ၅။ အရိယဝိဇ္ဇာ = အရိယာပုဂ္ဂိုလ် ၈ ယောက်၊ တို့ဖြစ်ပါတယ်။ ၁၊ ၂ ၊ ၃၊ အမျိးစားတွေကတော့ လောကီဝိဇ္ဖာမျိူးဖြစ်ပြီး စူဠဂန္ဓာရီ ဝိဇ္ဖာ လို့ ခေါ်ပါတယ်။ ၄ နှင့် ၅ ကတော့ သမထ နဲ့ ဖြစ်လာတဲ့ ဝိဇ္ဇာမျိုးမို့ မဟာဂန္ဓာရီ ဝိဇ္ဇာလို့ ခေါ်ပါသတဲ့။

ဂန္ဓာရီ ဝိဇ္ဖာ ဆိုတာကိုတော့ စကားစပ်မိလို့ ပြော၇ပါအုံးမယ်၊ အိန္ဒိယပြည်ကြီးရဲ့ အရှေ့မြောက်အရပ် ဟိမဝန္တာတောင်တန်း ရဲ့ အနောက်ဘက်မှာ ဂန္ဓာရ တိုင်းဆိုတာ ရှိပါတယ်၊ မင်းသားအများအပြား အဋ္ဌာရသ အတတ် ၁၈ ရပ်ကို သွားရောက်သင်ကြားရာ တက္ကသိုလ်ပြည်ကြီး ရှိပါသတဲ့။ အဲဒီ ဂန္ဓာရ တိုင်းသားများ လိုက်စား ပေါက်မြောက်ခဲ့တဲ့ အတတ်မို့ အဲဒီအတတ်ကို ဂန္ဓာရီအတတ် လို့ မှတ်သားရပါတယ်။

ဒါကြောင့် ပထမမေးခွန်းအနေနဲ့ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် နဲ့ ဝိဇ္ဇာဓိုရ် ( ဝိဇ္ဇာ ) ဆိုတာ အတူတူပဲလို့ မှတ်သားနိုင်ပါတယ်၊ အဲဒီသူတွေဟာ လူတွေရဲ့ ပူဇော်မှု့ကို ခံထိုက် မခံထိုက်ဆိုတာကို စာပေနဲ့ နည်းနည်း စိစစ်ကြည့်ကြရအောင်။ စာပေမှာ ပူဇော် ခံယူထိုက်တဲ့ ဂုဏ်ကို အနုတ္တရံ ပုညခေတ္တံ လောကဿ လို့ လာရှိပါတယ်၊

အဓိပ္ပါယ်က ပူဇော်ခံယူထိုက်သူ ဟာ ကောင်းမှု့တည်းဟူသော မျိုးစေ့ကျဲချရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်ရမယ် တဲ့။ နားလည်အောင် ရှင်းရရင် ဒါနဝတ္ထုက မျိုးစေ့ နဲ့ တူတယ်၊ အလှူခံက လယ်မြေနဲ့ တူပါတယ်၊ မျိုးစေ့ ကောင်းသော်လည်း လယ်မြေကောင်းပါမှ ကိုယ်စိုက်လိုက်တဲ့ အသီးအနံဖြစ်ထွန်းပါမယ်။

နောက်ဆုံး မျိုးစေ့ ဆိုတဲ့ ဒါနက သေးသေးမွှားမွှား ညံ့နေသည့်တိုင်အောင် သီလ သမာဓိ ပညာ နဲ့ ပြည်စုံတဲ့ အလှူခံဆိုတဲ့ လယ်မြေက ကောင်းနေလျင် ဖြစ်ထွန်း အကျိုးပေးနိုင်သေးတယ်၊ လယ်မြေ ကောင်း မကောင်း မြေဩဇာ အပေါ်မှာ မူတည်သလို အလှူခံထိုက် မထိုက် ဆိုတာကလဲ သူ့ရဲ့ သီလ အပေါ်မှာ အဓိက မူတည်နေပါတယ်၊ ဒါကြောင့် သီလ အကျင့် မပြည့်စုံလျင် အတတ်ပညာ တတ်နေသော်လည်း အပူဇော်ခံ အကိုးကွယ်ခံ မဖြစ်ထိုက်ဘူး၊


( ၃ ) လောကမှာ ရုပ်ရည်လှပတယ် အမျိုးမြတ်တယ် ဆိုတာတွေဟာ ဘာမှ သုံးလို့ မရဘူး၊ လူတိုင်း ကျင့်သုံးနေကြတဲ့ စောင့်ထိန်းနေကြတဲ့ ကိုယ်ကျင့်သီလကသာ အမြတ်ဆုံး တန်ဖိုးဖြတ်လို့ မရနိုင်ဘူး လို့ ့ ပဉ္စကနိပါတ်၊ သီလဝီမံသန ဇာတ်တော်မှာ ဆိုထားတာရှိပါတယ်၊

မောဃာ ဇာတိ စ ဝဏ္ဏော စ ၊ သီလမေဝ ကိရုတ္တမံ။ သီလေန အနုပေတဿ၊ သုတေန တ္ထော န ဝိဇ္ဇတိ။

လောကမှာ အတတ်ပညာတွေ ဘယ်လောက်တတ်နေပါစေ အကျင့်သီလ မကောင်းရင် ကိုယ်ကျင့်တရားပျက်ယွင်းနေရင် လူ့အသိုင်းအဝိုင်းက ရှောင်ကြဉ်ကြလိမ့်မယ်၊ အကျိုးမရှိဘူး၊ လူ့ဗာလ လို့ ဆိုလိုပါတယ်၊ ဒါကြောင့် ဝိဇ္ဖာဓိုရ်ပဲ ဖြစ်စေ၊ လူသာမာန်ပဲ ဖြစ်စေ အကျင့်သီလ ကြီးမြတ်ရင် အပူဇော်ခံ အကိုးကွယ်ခံထိုက်တယ် လို့ မှတ်သားရပါမယ်၊

မေးခွန်း ၃ အနေနဲ့ ဝိဇ္ဖာဓိုရ် ထွက်ရပ်ပေါက် တွေရဲ့ နေထိုင်ရာ ဘုံဋ္ဌာနအနေနဲ့ သီးခြား မရှိပါဘူး၊ သူတို့ဟာလဲ လူသားဘဝက ဖြစ်လာတာမို့ လူ့ဘုံမှာပဲ သူတို့ စိတ်ချမ်းမြေ့ရာ နေရာ ဘယ်နေရာကိုမဆို နေကြတယ်လို့ မှတ်သားနိုင်ပါတယ်။ မြန်မာတွေ ပြောနေကျ စကားမှာတော့ ဝိဇ္ဇာ ဇော်ဂျီ တပသီ ရယ်လို့ တွဲလျက်သုံးနေကျပေမယ့် အားလုံး အတူတူလို့ ပြောဖို့ခက်ပါတယ်၊ တူတဲ့ အပိုင်းမှာ တူပြီး မတူတဲ့ အချက်အလက် အကျင့်စရိုက်တွေလဲ အများကြီးတွေ့ရပါတယ်၊