ဝါဂရူမြို့ဟောင်း
ဝါဂရူဟူသော ကျေးရွာကြီးတစ်ရွာသည် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၌ တည်ရှိလေ သည်။ ကျေးရွာကြီးအနီး၌ ရှေးအရာဟောင်းကြီးတစ်ခုရှိလေသည်။ အရာဟောင်းမှာ မကြီးလှ ပေ။ သို့ရာတွင် ခိုင်ခံ့ထင်ရှားသည့် အရာဟောင်းတစ်ခုဖြစ်ပေသည်။ ထိုဝါဂရူအရာဟောင်း သည် ရှေးမွန်သမိုင်းများ၌ ထင်ရှားခဲ့ဖူးသည့် ဝါရီရူမင်းနျင့် ဆက်သွယ်နေသည်။ မွန်သမိုင်း ဝါရီရူမင်းသည် အလွန်ဩဇာတိက္ကမကြီးမားသည့် မင်းတစ်ပါးဖြစ်ခဲ့ပြီး နောင်တွင်မုတ္တမကို အုပ်စိုးသည့်မင်းတစ်ပါးလည်း ဖြစ်ခဲ့လေသည်။ ဝါဂရူမှာ မုတ္တမ ၃၂မြို့စာရင်းဝင် မြို့တစ်မြို့ အဖြစ်နှင့်လည်း လူသိများကြ၏။
ဝါဂရူအရာဟောင်းသည် မကြီးလှ။ ခပ်သေးသေးပင်ဖြစ်သော်လည်း တည်ဆောက်မှု၊ ထုထည်ကောင်းလှပြီး ခိုင်ခံ့လှပေသည်။ ယခုတိုင်မြေပြင်၌ အထင်အရှား တည်တံ့နေခဲ့ပေ သည်။ ဝါဂရူမြို့ဟောင်းအတွင်းတည်ထားခဲ့သည့် ဘုရားနှင့် အခြားအဆောက်အအုံပျက်များမှာ လည်း ဂဝံကျောက်ဖြင့် တည်ဆောက်ထားခဲ့သည်ကိုတွေ့ရ၏။ ဤဒေသမှာလည်း ဂဝံကျောက် ပေါပေါများများထွက်သည့် ဒေသတည်း။
တည်နေရာ
[ပြင်ဆင်ရန်]ဝါဂရူမြို့ဟောင်းမှာ မြောက်လတ္တီတွဒ် ၁၅ဒီဂရီ ၅၉မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၇ဒီဂရီ ၅၉မိနစ်ခန့်တွင်တည်ရှိသည်။ ဝါဂရူမြို့ဟောင်းသည် ဝါဂရူချောင်း၏ နံဘေး၊ ဝါဂရူ ချောင်းအတွင်းသို့ ပုစွန်စိမ်းချောင်း ချောင်းကလေးစီးဝင်ရာ၌ တည်ရှိသည်။ ဝါဂရူချောင်း၏ လက်ဝဲဘက်ကမ်းတွင်ဖြစ်သည်။ မြို့၏အရှေ့မြောက်စွန်းဖြစ်သည့် ဤနေရာသည် ဝါဂရူ မြို့ဟောင်း၏ အနိမ့်ဆုံးအပိုင်းဖြစ်ပြီး အနောက်တောင်စွန်းမှာ အမြင့်မောက်ဆုံးနေရာဖြစ်သည်။ ကုန်းကမူတစ်ခုလည်းဖြစ်သည်။ ဤကုန်းကိုပင် တစ်ပါတည်းမြို့ရိုးဖွဲ့စည်းထားပေသည်။ ဤနေ ရာမှကြည့်လျှင် မြို့ကွက်တစ်ခုလုံးကိုခြုံ၍ မြင်တွေ့နိုင်ပေသည်။ ထိုနေရာဒေသကိုညွှန်း၍ မြို့ရိုး ၏အမြင့်မှာ ၁၂၅ပေ (၁၀ မီတာ)ခန့်မျှ မြင့်သည်ဟု ဆိုကြဟန်ရှိသည်။ အမှန်မြို့ရိုး၏အမြင့်မှာ ၁၅ပေ၊ ပေ ၂၀ခန့်မျှရှိ၏။ အမြင့်ဆုံးနေရာ၌ စေတီတစ်ဆူ တည်ထားလေသည်။ စေတီသည် မြို့ဟောင်းတည်စဉ်အခါက တစ်ပါတည်း တည်ခဲ့လေသလော၊ နောက်မှတည်သည့် စေတီလော ဟူ၍ကား မပြောနိုင်ပါ။ သို့သော်ထပ်၍ မွမ်းမံပြုပြင်ထားမှုကားရှိသည်။
ပုံသဏ္ဌာန်နှင့်အရွယ်အစား
[ပြင်ဆင်ရန်]ဝါဂရူမြို့အရာဟောင်း၏ ပုံသဏ္ဌာန်မှာ လေးထောင့်စတုဂံမျိုးမဟုတ်။ မှန်ကူကွက် (ဆနွင်းမကင်း) ပုံသဏ္ဌာန်မျိုးပင်ဖြစ်သည်။ သို့ရာတွင် မှန်ကူကွက်ပုံလည်း ပီပီပြင်ပြင်မဟုတ်လှ။ ကြစုသီးပုံသဏ္ဌာန်ဖြစ်သည်ဟု တချို့ကဆိုကြသည်။ မှန်သည်။ ကြစုဖန်ခါးသီးများကဲ့သို့ အလျားထိပ် ၂ ဖက်က မချွန်လှဘဲ ခပ်တုံးတုံးပင်ရှိပြီး အနံမှာ ဖောင်းလျက်ရှိသည့် ပုံသဏ္ဌာန်မျိုး ဖြစ်လေသည်။ ဝါဂရူအရာဟောင်း၏ထောင့်များမှာ ချွန်ထက်မှုမရှိချေ။
အရာဟောင်း၏အရှေ့မြောက်နှင့် အနောက်တောင်သို့ အလျားရှည်ပြီး အနောက် မြောက်နှင့် အရှေ့တောင်သို့ အနံတိုလေသည်။ အရှေ့မြောက်ထောင့်မှ အနောက်တောင် ထောင့်သို့ အလျား ၈၅၀မီတာခန့် (၉၃၀ကိုက်)ခန့် ရှည်ပြီး အနောက်မြောက်ထောင့်မှ အရှေ့ တောင်ထောင့်မှာ အကျယ် ၄၅၀ မီတာ (၄၉၂ ကိုက်)ခန့်ရှီသည်။ ထောင့်များမှာ ထောင့်ချွန်း မဟုတ်ဘဲ ကွေးဝိုင်းသည့်ထောင့်များ ဖြစ်နေသဖြင့် အလျား အနံကို ကောင်းစွာတိုင်းတာဖို့ခက် ပေသည်။ မြို့ရိုး၏အဝန်းတစ်လျှောက်လုံးမှာ (၂ ကီလိုမီတာ)သို့မဟုတ် တစ်မိုင်နှင့် တစ်ဖာလုံခွဲ သာသာမျှရှိ၏။ အရာဟောင်း၏ဧရိယာမှာ ၆၅ဧကခန့် (၂၆ဟက်တာ)ခန့်ရှိလေသည်။
ဝါဂရူနှင့် ပတ်သက်၍
[ပြင်ဆင်ရန်]ဝါဂရူမြို့ကို သက္ကရာဇ် (၅၀ဝ)ခုနှစ်အတွင်းက ကဒူးမင်းတည်ထောင်ခဲ့သည်ဟုဆိုသည်။ (ကျိုက္ခမီရေလယ်ဘုရား သမိုင်း၊ စာ-၆၃)။ သာသနာသက္ကရာဇ် မြန်မာသက္ကရာဇ်၊ ကောဇာသက္ကရာဇ် စသဖြင့် ကွဲကွဲပြားပြား ဖော်ပြမှုမရှိခဲ့ပေ။ မြန်မာသက္ကရာဇ် ၇၆၆ သို့ရောက် သောအခါ ထင်ရှားကျော်စောပြီး ဘုန်းတန်ခိုးကြီးမားသည့် မွန်ဘုရင် ရာဇာဓိရာဇ်သည် မုတ္တမ ၃၂ မြို့ကို ပြန်လည်ထူထောင်ခဲ့ရာ ဝါဂရူမြို့သည်လည်း မုတ္တမ ၃၂ မြို့အပါအဝင် ဖြစ်ခဲ့သည် ဟုဖော်ပြ၏။ မည်သို့ပင်ဆိုစေ ဝါဂရူကား ထင်ရှားသည့် ရှေးအရာဟောင်းတစ်ခုဖြစ်သည်မှာ မည်သူမျှမငြင်းသာပေ။
မြို့ဟောင်းတွင် သမိုင်းဝင်ဘုရားနှစ်ဆူရှိသည်။ ကျိုက်နပိုဘုရားနှင့် ကျိုက်နန်းဘုရားတို့ ဖြစ်ကြသည်။ တစ်ဆူကို တောင်ကုန်းပေါ်၌မဟုတ်ဘဲ မြို့၏မြောက်ပိုင်း မြေပြန့်တွင်တည်ထား ၏။ ဂဝံကျောက်ဖြင့်တည်သည့်ဘုရား ဖြစ်သည်။
ဝါဂရူအရာဟောင်းသည် လူဖျက်ဆီးခံရခြင်းသော်လည်းကောင်း၊ မြို့ပြတိုးချဲ့မှုကြောင့် သော်လည်းကောင်း ဆိတ်သုဉ်းပျက်စီးသွားလိမ့်မည်မဟုတ်ချေ။ သဘာဝအလျောက် ရေတိုက်စားခြင်း၊ သဘာဝဒဏ်ကြောင့်ပွန်းတီးပျက်စီး ယိုယွင်းမှုကြောင့်လည်း ပြောပလောက် အောင် ပျက်စီးသွားလိမ့်မည်မဟုတ်ချေ။ သို့ဖြစ်၍ဝါဂရူ၏အခြေအနေမှာ သေးငယ်စေကာမူ နှစ်ရှည်ကြာစွာ တည်တံ့ဦးမည်သာဖြစ်ပေသည်။
ဝါဂရူသည် ကျိုက္ခမီမှ အရှေ့မြောက်ဘက် ၁၀မိုင် (၁၆ ကီလိုမီတာ)ခန့်မျှရှိသည်။ မုဒုံမြို့ ၏တောင်ဘက် ၁၈မိုင် (၂၈ ကီလိုမီတာ) ခန့်တွင်တည်ရှိသည်။ မြောက်ဘက်တွင် ကလော်သွတ် ရွာ၊ အရှေ့မြောက်ဘက်တွင် နီးပတောရွာနှင့် ရင်းတောင်ကျေးရွာများ၊ အရှေ့ဘက်တွင် ဖောင် သိမ်း၊ အနောက်မြောက်တွင် ကျုံကဒတ်နှင့် တောင်ဖလူရွာ၊ တောင်ဘက်တွင် သံဖြူဇရပ်မြို့တို့ ရှိကြသည်။ ဝါဂရူသည် ပင်လယ်ကမ်းခြေနှင့် ၅ မိုင်ခန့်မျှသာဝေးသည်။ ယခုအချိန်အထိ ဝါဂရူ သည် ရှေးဟောင်းသုတေသန တူးဖော်လေ့လာမှု မပြုရသေးသည့် ဒေသတစ်ခုတည်း။ ယခုအခါ မြို့ပြတိုးချဲ့မှုများရှိလာသဖြင့် သံဖြူဇရပ်နှင့် ဝါဂရူတို့မှာ အတော်ကျယ်ပြန့်နီးစပ်နေပြီဖြစ်၏။ နောင်တစ်ဆက်တည်းဖြစ်မသွားဟု မပြောနိုင်ပေ။
ကိုးကား
[ပြင်ဆင်ရန်]