ဝရာဘိသံဃနာထဆရာတော်

ဝီကီပီးဒီးယား မှ

ဝရာဘိသံဃနာထဆရာတော် (၉၃၅ ခန့်-၁ဝဝဝ ခန့်)[ပြင်ဆင်ရန်]

ဝရာဘိသံဃနာထဆရာတော်သည် ' မဏိကုဏ္ဍလဝတ္ထုကြီး ' ဖြင့် စာပေသမိုင်းတွင် ထင်ရှားလာသော ဆရာတော်တစ်ပါး ဖြစ်ပေသည်။ ဆရာတော်၏ မဏိကုဏ္ဍလဝတ္ထုတော်ကြီး သည် မြန်မာစကားပြေလောကတွင် စံထားလောက်အောင် ရေးသားထားသဖြင့် နှောင်းခေတ် စာပေရှင်တို့၏ လက်သုံးကြီး ဖြစ်ခဲ့ပေသည်။

ဆရာတော်၏ နိဿယည်းဆရာမှာ သက္ကရာဇ် ၉၆၇-ခုနှစ်တွင် မဟာဓမ္မရာမင်း လက်ထက် တူရွင်းတောင်ခြေအရပ်မှ ပင့်ဆောင်၍ ကိုးကွယ်ထားသော မဟာသံဃနာထ ဟုလည်းကောင်း၊ မဟာရာမဟုလည်းကောင်း ဘွဲ့တံဆိပ် နှစ်ထပ်ရသည့် ဆရာတော်ဖြစ်သည်။ ထိုဆရာတော်အား မင်းတရားက လေးထပ်ကျောင်းတော်ကြီးနှင့်ကွ ကျောင်းရံ ၄ဝ-တို့ကို ရွှေအတိ ချ၍ ' စည်းခုံတော်ကျောင်း ' ဟု သမုတ်ကာ လှူဒါန်းထားတော်မူ၏။ ဆရာတော်အား သာသနာပိုင်အရာကိုလည်း ခန့်အပ်ထားလေသည်။

ဝရာဘိသံဃနာထဆရာတော်သည် ထိုမဟာသံဃနာထမထေရ်၏ လေးထပ်ကျောင်း တော်ကြီးတွင် သီတင်းသုံးရင်း စာပေများကို ပို့သနေလေသည်။ ဆရာတော် သီတင်းသုံးသော ကျောင်းမှာ အရှေ့မြောက်ထောင့်ကျောင်း ဖြစ်သည်။ ထိုစည်းခုံတော် အရှေ့မြောက်ထောင့်ကျောင်း တွင် နေစဉ် အသီတိနိပါတ်၊ မဟာသုတသောမဇာတ်တော်ကြီးကို တန်ဆာဆင်လျက် မဏိကုဏ္ဍလ ဝတ္ထုတော်ကြီးကို ရေးသားတော်မူရာ သက္ကရာဇ် ၉၉၁-ခုနှစ်တွင် ပြီးစီးခဲ့လေသည်။

ဆရာတော်သည် မိမိ၏ ကျမ်းကို အဖိုးအနဂ္ဃထိုက်တန်သော နား၏တန်ဆာ ရတနာဖြစ် သောကြောင့် ဆိုနာမည်ကို ပေးအပ်ကြောင်း-

အနဂ္ဃမဏိနာ၊ အဖိုးအတိုင်းမသိသော ပတ္တမြားဖြင့်။ စိတံ၊ စီအပ်သော။ မဏိကုဏ္ဍလ

နာမကံ၊ ပတ္တမြားနားတောင်း ရောင်မောင်းရတနာ နားတန်ဆာနှင့် တူသောကြောင့် မဏိ

ကုဏ္ဍလအမည်ရသော။ ဣဒံဂန္ထံ၊ ဤကျမ်းသည်။

ဟူသော နိဂုံးစကားဖြင့် ရေးသားတော်မူခဲ့သည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။

ဆက်လက်လေ့လာရန်[ပြင်ဆင်ရန်]

၁) မဏိကုဏ္ဍလဝတ္ထု နိဂုံး၊ သာသနာလင်္ကာရစာတမ်း၊ သာသနဗဟုဿုတပ္ပကာသနီကျမ်း၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ မြန်မာစာပေသမိုင်း၊