ဝယ်လင်တန်၊ လော့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဝယ်လင်တန်, လော့(ခရစ် ၁၇၆၉-၁၈၅၂)[ပြင်​ဆင်​ရန်​]

သံမဏိမြို့စားဟု ခေါ်တွင်သော ပထမဝယ်လင်တန်မြို့စားကြီး၏ အမည်ရင်းမှာ အာသာဝဲ့စလိဖြစ်သည်။ အိုင်းရစ်မျိုးရိုးမှ ပေါက်ဖွားလာသူဖြစ်၍ မောနင်းတန်မြို့စား ကြီး၏ စတုတ္ထသားဖြစ်သည်။ ၁၇၆၉ ခုနှစ်တွင် အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့၌ဖွားမြင်ခဲ့ရာ ပြင်သစ်ဧကရာဇ် နပိုလီယန်ဗိုနာပတ်နှင့် တစ်နှစ်တည်း၌ မွေးဖွားခဲ့သူဖြစ်၏။ ဝဲ့စလီသည် ဥရောပတိုက်တွင် အောင်ပွဲများရ၍ မင်းမူ လျက်ရှိသော နပိုလီယန်၏တပ်များကို စပိန်နှင့် ပေါ်တူဂီနိုင်ငံတို့၌ နှိမ်နင်းခဲ့ပြီးလျှင် နောက်ဆုံးဝါးတာလူးတိုက်ပွဲတွင် နပိုလီယန်ကို အပြီး အပိုင် အနိုင်ယူလိုက်သဖြင့် နာမည်ထင်ရှားသော ဗြိတိသျှဗိုလ်ချုပ်ကြီး ဖြစ်ပေသည်။

အာသာဝဲ့စလီသည် အီတန်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး နောက် ပြင်သစ်နိုင်ငံ၊ အန်ဂျားမြို့ရှိ စစ်ကောလိပ်ကျောင်း၌ စစ်ပညာသင်ယူ ခဲ့သည်။ အသက် ၁၇ နှစ်အရွယ်တွင် စစ်ဖက်၌ ဝင်ရောက်အမှုထမ်းခဲ့ရာ ရာထူးအဆင့်ဆင့်သို့ လျင်မြန်စွာ တိုးမြှင့်ခန့်အပ်ခြင်းခံရသဖြင့် ၁၇၉၆ ခုနှစ်တွင် ဗိုလ်မှူးကြီးအဆင့်သို့ ရောက်ရှိလေသည်။

၁၇၉၄ ခုနှစ်တွင် ဖလန်းဒါးနယ်၌ ပထမဦးဆုံးအကြိမ်တိုက်ပွဲဝင် ခဲ့ရသည်။ ထိုအချိန်မှစ၍ ဝဲ့စလီသည် သူရသတ္တိရှိသော စစ်သားကောင်း တစ်ဦးအဖြစ် နာမည်ထင်ရှားလာလေသည်။ ၁၇၉၆ ခုနှစ်မှ ၁၈ဝ၅ ခုနှစ် အထိ အိန္ဒိယပြည့်သို့ မိမိတပ်နှင့်အတူသွားရောက်၍ စစ်မှုထမ်းရသည်။ ထို အချိန်က သူ၏အစ်ကို ရစ်ချတ်ဝဲ့စလီသည် အိန္ဒိယ၌ဘုရင်ခံချုပ်အဖြစ် အမှုထမ်းလျက်ရှိသည်။ ၁၈ဝ၃ ခုနှစ်တွင် မာရတ္ထစစ်ပွဲဖြစ်ပွားလာသောအခါ ဗိုလ်ချုပ်ရာထူးအဆင့်သို့ ရောက်ရှိနေသည့် ဝဲ့စလီ ဗြိတိသျှတပ်များကို ဦးစီးတိုက်ခိုက်ရသည်။ အာဆာယီတိုက်ပွဲ၌ မာရတ္ထတိုင်းရင်းသားစော်ဘွား တို့ကို အောင်မြင်ပြီးနောက်ချုပ်ဆိုခဲ့သော ငြိမ်းချမ်းရေးစာချုပ်များကို ထောက်ရှုခြင်းအားဖြင့် ဗိုလ်ချုပ်ဝဲ့စလီသည် စစ်ရေး၌သာမက နိုင်ငံရေးပရိ ယာယ်၌လည်း လိမ္မာပါးနပ်ကြောင်း သိသာနိုင်လေသည်။ ထိုသို့ဖြင့် အိန္ဒိယပြည်၌ ဗြိတိသျှတို့၏အာဏာ တည်မြဲစေခဲ့သည်။ ၁၈ဝ၄ ခုနှစ်တွင် ဆာဘွဲ့ဖြင့်သူကောင်းပြုချီးမြှင့်ခြင်းခံရသည်။

၁၈ဝ၅ ခုနှစ်တွင် ဗိုလ်ချုပ် ဝဲ့စလီသည် အင်္ဂလန်နိုင်ငံသို့ ပြန်လာပြီးနောက်မကြာမီ ပါလီမန်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည်။ နှစ်နှစ်မျှကြာသောအခါ အိုင်ယာလန်ပြည်ဆိုင်ရာ အတွင်းဝန်ချုပ် အဖြစ်ဖြင့်ခန့်အပ်ခြင်းခံရသည်။ ၁၈ဝ၈ ခုနှစ်တွင် နပိုလီယန်ကို တော်လှန် ပုန်ကန်ခဲ့သော စပိန်တပ်များကိုကူညီရန်အတွက် အင်္ဂလိပ်တို့ကစစ်ကူတပ်ပို့ ရာ၌ ဝဲ့စလီသည်ဗိုလ်ချုပ်ကြီးအဖြစ် တပ်မဟာတစ်ခုကိုကွပ်ကဲ၍ လိုက်ပါခဲ့ လေသည်။ ပေါ်တူဂီနိုင်ငံသို့ ဆိုက်ရောက်ပြီးနောက် ရက်သတ္တပတ်သုံးပတ် ကြာသောအခါ ဗီမီးရိုးတိုက်ပွဲတွင် ပြင်သစ်တပ်များကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့သည်။ တစ်ဖန် ၁၈ဝ၉ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ဝဲ့စလီသည် စပိန်နှင့် ပေါ်တူဂီနိုင်ငံရှိ ဗြိတိသျှ တပ်ပေါင်းစု၏ သေနာပတိအဖြစ် နပိုလီ ယန်တပ်များကို တိုက်ခိုက်ခဲ့ရာ ငါးနှစ်အတွင်း အောင်ပွဲတစ်ပွဲပြီးတစ်ပွဲ ရခဲ့ လေသည်။ နောက်ဆုံး ၁၈၁၄ ခုနှစ်တွင် တူးလူးတိုက်ပွဲ၌ အနိုင်ရပြန်သဖြင့် ပြင်သစ်နိုင်ငံတွင်းသို့ပင် ချင်းနင်းဝင်ရောက်နိုင်ခဲ့သည်။ ထိုနှစ်ဧပြီလတွင် နပိုလီယန် နန်းစွန့်၍ စစ်ပွဲပြီးဆုံးလေသည်။ ဗြိတိသျှအစိုးရက ဥရောပ တိုက်တွင် အောင်ပွဲရခဲ့သော ဗိုလ်ချုပ်ကြီးဝဲ့စလီကိုလည်း ဝယ်လင်တန်မြို့ စားဘွဲ့ဖြင့် ချီးမြှင့်ခဲ့သည်။

ထို့နောက် ဝယ်လင်တန်မြို့စားကြီးသည် ပြင်သစ်နိုင်ငံတွင် ဗြိတိ သျှသံအမတ်အဖြစ် ဆောင်ရွက်နေစဉ် ဗီယင်နားမြို့၌ ကျင်းပသော အစည်း အဝေးသို့ ဗြိတိန်နိုင်ငံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ရသည်။ မကြာမီ မြို့စားကြီးသည် စစ်မှုတာဝန်ကိုထမ်းရွက်ရန် အရေးပေါ်ပေါက်လာလေ သည်။ နပိုလီယန်သည် အကျယ်ချုပ်ချထားရာ အယ်လဗာကျွန်းမှ ပြင်သစ် နိုင်ငံသို့ လွတ်မြောက်ထွက်ပြေးလာပြီးလျှင် ကမ္ဘာကိုကြီးစိုးရန် ကြိုးပမ်းပြန် သည်။ ထိုအခါ ဝယ်လင်တန် မြို့စားကြီးသည် နယ်သာလန် နိုင်ငံရှိ မဟာ မိတ်တပ်ပေါင်းစုကို ကွပ်ကဲရလေသည်။ ၁၈၁၅ ခုနှစ် ဇွန်လ ၁၈ ရက်နေ့

တွင် ဗဲလဂျီယမ်နိုင်ငံ၊ ဝါးတာလူးရွာအနီး၌ ဗြိတိသျှဗိုလ်ချုပ်ကြီး ဝယ်လင် တန်နှင့် ပရပ်ရှင်းဗိုလ်ချုပ်မှူး ဗလီးခါးတို့သည် နပိုလီယန်ကိုယ်တိုင် ဦးစီး သော ပြင်သစ်တပ်များကို နာလှန်မထူနိုင်အောင် ချေမှုန်းခဲ့ကြသည်။ ၁၈၁၅ ခုနှစ်မှ ၁၈၁၈ ခုနှစ်အထိ ဝယ်လင်တန် အုပ်ချုပ်သော တပ်ပေါင်းစုသည် ပြင်သစ်နိုင်ငံကို သိမ်းပိုက်ထားခဲ့ရသည်။

၁၈၁၈ ခုနှစ်တွင် ဝယ်လင်တန်မြို့စားကြီးသည် အင်္ဂလန်နိုင်ငံသို့ ပြန်လာပြီးလျှင် တိုရီပါတီဝင်အဖြစ်ဖြင့် နိုင်ငံရေးဆောင်ရွက်လေသည်။ ၁၈၂၈ ခုနှစ်မှ ၁၈၃ဝ ပြည့်နှစ်အထိ တိုရီအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ရသည်။ သို့ရာတွင် ထိုခေတ်လူထု၏နိုင်ငံရေး နိုးကြားမှုကို မရိပ်စားမိသဖြင့် ပါလီမန်ဥပဒေပြုပြင်ရေး ဥပဒေကြမ်းကို လက်မခံခဲ့ချေ။ ထို့ကြောင့် ၁၈၃ဝ ပြည့်နှစ်တွင် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ရသည်။ ၁၈၃၄ ခုနှစ်တွင် တိုရီအဖွဲ့က အာဏာပြန်ရခဲ့သော်လည်း မြို့စား ကြီးသည် ဝန်ကြီးချုပ်ရာထူးကိုလက်မခံဘဲ နိုင်ငံခြားရေးဝန်ကြီးအဖြစ်ဖြင့် သာ ဆောင်ရွက်ခဲ့သည်။ တစ်ဖန် ခုနစ်နှစ်ခန့်ကြာသောအခါဆာ ရောဗတ် ပီး ခေါင်းဆောင်သော အစိုးရအဖွဲ့၌ပါဝင်ခဲ့ရပြီးနောက် သေနာပတိရာထူးကို လက်ခံဆောင်ရွက်ရပြန်သည်။ ၁၈၄၆ ခုနှစ်တွင် နိုင်ငံရေးဆောင် ရွက်ခြင်း မှ အနားယူခဲ့သည်။

ဝယ်လင်တန်မြို့စားကြီးသည် နိုင်ငံရေး၌ လူထုနှင့် သဘောကွဲလွဲ မှုရှိခဲ့သော်လည်း နောင်တွင် လူထုက သူ၏စေတနာကိုလည်းကောင်း၊ စစ်မက်ရေးရာ၌ ထူးချွန်မှုကိုလည်းကောင်း ထောက်၍ ကြည်ညိုမြဲ ကြည်ညို ခဲ့ကြသည်။ မြို့စားကြီးသည် ၁၈၅၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ အသက် ၈၃ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ရာ လန်ဒန်မြို့၊ စိန်ပေါကသီဒရယ် ဘုရားရှိခိုး ကျောင်းတွင်း၌ သင်္ဂြိုဟ်ခဲ့ကြသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)