ဝမ်ချိုင်း
ဝမ်ချိုင်း(မြဝတီ) သည် မြန်မာ့ လက်ဝှေ့သမား တဦးဖြစ်ပြီး၊ ၁၃၃၃ ခု၊ တပို့တွဲလ၊ သောကြာနေ့တွင် ကော့ကရိတ်မြို့နယ်၊ ကော့နွယ်ကျေးရွာ၌ အဖ ဦးမန်းမြတ်၊ အမိ ဒေါ်ငြိမ်းရင်တို့က မွေးဖွားသည်။ ကော့နွဲ့ရွာနေ ဦးမန်းမြ၊ ဒေါ်ခင်မေ တို့က မွေးသည်လဲ ဆို၏။ သားသမီး လေးဦးအနက် အငယ်ဆုံး ဖြစ်ပြီး၊ သတ္တမတန်းထိ ပညာသင်ယူခဲ့သည်။
သူ၏ လက်ဝှေ့ ပထမဆရာရင်းမှာ ထိုင်းနယ်စပ်က လက်ဝှေ့သမားကြီး ဦးအကျောက် ဖြစ်သည်။ ဖိကရော့၊ အနွေ တို့ထံမှလဲ ပညာယူဖူးသည်။ ငယ်စဉ်ကပင် ရင်ကြပ်၊ အဆုတ်ပွ ဝေဒနာ ရှိသည်။[၁] နောက် မြဝတီသန်းရွှေထံတွင် ပညာသင်သည်။
၁၉၉၇ ခု၊ ဇန်နဝါရီလ ၉ ရက်တွင် ချင်းမိုင်၌ ကျင်းပသော ထိုင်း-မြန်မာ ချစ်ကြည်ရေးလက်ဝှေ့ပွဲသို့ လက်ဝှေ့ဆပ်ကော်မတီဥက္ကဋ္ဌ မြဝတီသန်းရွှေနှင့် လိုက်သွားသည်။ ထိုင်းလက်ဝှေ့သမား အကရောက်ကို ၄ ချီတွင် နိုင်သည်။
ဖေဖေါ်ဝါရီလ ၂ ရက်တွင် ရွှေခါးပတ်လုပွဲ၌ အထက်မြန်မာပြည်ချန်ပီယံ အောင်အောင်ထွန်း(မန္တလေး)ကို ၄ ချီနှင့် နိုင်သည်။ ၂၃ ရက်တွင် ရွှေခါးပတ်ရှင်များအထူးစိန်ခေါ်ပွဲ၌ မောင်မောင်ကြီး(သာစည်)ကို ၄ ချီနှင့်ပင် နိုင်သည်။ ၂၅ ရက်တွင် လှိုင်းဘွဲ့မြို့နယ်၊ ကော့ဂွန်းဘုရားပွဲ၌ ရွှေဝါထွန်း(သထုံ)ကို နိုင်သည်။
ကရင်ပြည်နယ်နေ့အထိမ်းအမှတ် လက်ဝှေ့ပြိုင်ပွဲတွင် မိုးပုလဲ(မိဂသီ)ကို နိုင်သည်။
ဇူလိုင်လ ၉ ရက်တွင် မန္တလေးမြို့၌ မြန်မာ့ချန်ပီယံ ရွှေဓူဝံ(ဘားအံ) နှင့် ထိုးသည်။ လက်ဝှေ့လောက၌ ပထမဆုံးအဖြစ် နိုင် ၆ သိန်း၊ ရှုံး ၄ သိန်း ကြေးပေါက်၏။ ၁၂ ချီထိုးရာ သရေကျသည်။ နိုဝင်ဘာလ ၆ ရက်တွင် စစ်ကိုင်းမြို့၌ ထပ်ထိုးရာ ၅ ချီဖြင့် သရေကျပြန်သည်။ ၁၉၉၈ ခု၊ ဧပြီလ ၁ ရက်တွင် မွန်အမျိုးသားနေ့အထိမ်းအမှတ် လက်ဝှေ့ပြိုင်ပွဲကို မော်လမြိုင်၌ ကျင်းပရာ ၃ ချီထိုး၍ နိုင်သည်။ ရွှေဓူဝံ(ဘားအံ)သည် မြန်မာ့ချန်ပီယံခါးပတ်ကို ရွှေဝါထွန်း(သထုံ)ထံမှ လွှဲယူသည်နောက် ၁၀ နှစ်မျှ ထိန်းထားသူ ဖြစ်၏။ ၁၉၉၉ ခု၊ မတ်လ ၉ ရက်တွင် ဘားအံမြို့နယ်၊ ဘုရားကုန်း(ငြိမ်းချမ်းရေး)ရွာ၌ ထိုးရာ ၄ ချီနှင့် နိုင်သည်။ ၂၄ ရက်တွင် မန္တလေးခရိုင်ရဲတပ်ဖွဲ့ ရန်ပုံငွေပွဲလုပ်ရာ ၂ ချီနှင့် ထပ်နိုင်သည်။
စိန်ခေါ်လာသူ ဗိုဗို(မြဝတီ)၊ ဝင်းနိုင်ထွန်း(ရေတာရှည်)၊ အောင်အောင်ထွန်း(မန္တလေး)၊ အယ်ထီကော်(တောင်ငူ) တို့ကို အနိုင်ယူကာ ချန်ပီယံခါးပဆ်အား ကာကွယ်ခဲ့၏။
ကိုးကား
[ပြင်ဆင်ရန်]
| ဤ မြန်မာနိုင်ငံ အားကစား ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |