ဝနယ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
Meung Vax
Wa States
ဘီစီ ၅၀၀ မတိုင်မီ – ၁၉၅၀

Wa States တည်နေရာ
View of the rugged mountains of the Wa country with the valleys covered in mist.
မြို့တော် Not specified
အစိုးရစနစ် Petty kingdoms and village fiefdoms
သမိုင်း
 - Wa ancestral territories ဘီစီ ၅၀၀ မတိုင်မီ
 - Incorporation into Shan State (Yunnan Prov. areas annexed by China earlier) ၁၉၅၀
ဧရိယာ
 - ၁၉၀၁ (ခန့်မှန်း) ၈၀၀၀ km² 
လူဦးရေ
 - ၁၉၀၁ (ခန့်မှန်း) est. ၅၀၀၀၀ ဦး
     လူဦးရေ ထူထပ်မှု ၆.၃ ဦး/km² 
ယနေ့  တရုတ်ပြည်
 မြန်မာ

ဝနယ်သည် ရှမ်းပြည်နယ် အရှေ့မြောက်ဘက် လတ္တီတွဒ် ၂၃ ဒီဂရီ ၅ဝ မိနစ်နှင့် ၂၂ ဒီဂရီ ၁ဝ မိနစ် အတွင်း၌တည်ရှိသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်နိမိတ်ချင်း စပ်လျက်ရှိသည်။ အရှေ့ဘက်တွင် တရုတ်နိုင်ငံ၊ အနောက်ဘက်တွင် သိန္နီ နယ်၊ မြောက်ဘက်တွင် ကိုးကန့်နယ်၊ တောင်ဘက်တွင် မိုင်းလွန်းနယ်တို့ ဝန်းရံလျက်ရှိသည်။ ကိုးကန့်နယ်၊ မိုင်းလွန်းနယ်တို့နှင့်အတူ ဝနယ်သည် ရှမ်းပြည်အရှေ့မြောက် အထူးခရိုင် (ယခုကွမ်းလုံခရိုင်)တွင် ပါဝင်သော နယ်ဖြစ်သည်။ ဝနယ်ကို တောင်ပိုင်းဝနယ်၊ မြောက်ပိုင်းဝနယ်ဟူ၍ ခွဲထား ခဲ့ရာ မြောက်ပိုင်းဝနယ်သည် ၁၉,၆၈၆ စတုရန်းမိုင်ကျယ်၍ တောင်ပိုင်း ဝနယ်သည် ၈၁၄ စတုရန်းမိုင်ကျယ်သည်။ ထို့ကြောင့် ဝနယ်တစ်ခုလုံး ဆိုလျှင် ၂ဝ၅ဝဝ စတုရန်းမိုင်ကျယ်သည်။ ဝလူမျိုး အများအပြားနေထိုင်ရာ နယ်ဖြစ်သဖြင့် ဝနယ်ဟုခေါ် ခြင်းဖြစ်သည်။ သို့ရာတွင် ထိုနယ်၌ ဝလူမျိုးချည်း နေထိုင် ကြသည် မဟုတ်ချေ။ လွယ်လခေါ် တောင်ပေါ်လလူမျိုး၊ ကွန်းလွယ်လူမျိုး စသည်တို့လည်း နေထိုင်ကြသည်။ မျောင်စီးလူမျိုး၊ ရှမ်းနှင့် တရုတ်လူမျိုး၊ ပန်းသေးလူမျိုးတို့လည်း အစုလိုက် ရွာဖွဲ့နေကြသည်။ လွယ်လလူမျိုးများ ကား ရှမ်းမြန်မာနှင့် အဆက်အသွယ် နီးစပ်သော သံလွင်မြစ်အနီးအနားတွင် နေထိုင်ကြ၍ ပန်လုံ၊ ပန်ခေါင်၊ ပန်တွေ၊ ကန်ဆေးနှင့် ကတ်ဟီတို့သည် လလူမျိုးတို့နေထိုင်ရာဖြစ်သည်။ ဝလူမျိုးများကား ရှမ်းမြန်မာနှင့် အဆက် အသွယ်ဝေးသော အတွင်းပိုင်းကျကျ တောတောင်လျှိုမြောင်များသောဒေသ တွင် အနေများသည်။ ထက်တင့်နယ်၊ နောင်ချိုကန်ဒေသပတ်ဝန်းကျင်၊ ဆန်ထုံနယ်၊ စုံကရမန်နယ်တို့သည် ဝလူမျိုးများ အနေများသောဒေသဖြစ် သည်။ ကွန်းလွယ်လူမျိုးများသည် ကောင်းစွန်၊ ဟိုမိုင်း၊ ဝက်လိုက်၊ မွတ် တင့်၊ ဝိန်းငင်းနှင့် လွယ်လန်းနယ်များတွင် နေထိုင်ကြသည်။ သို့ရာတွင် လွယ်လနှင့် ကွန်းလွယ်လူမျိုးများသည် ဝနယ်တွင် ဝလူမျိုးများ နောက်မှ ရောက်လာကြသည်ဟု ယူဆကြသည်။ မျောင်စီးလူမျိုးများသည် ဝနယ်အရှေ့ ဖျားဒေသ တရုတ်မြန်မာနယ်စပ်တွင် နေထိုင်ကြသည်။ အချို့သော လွယ်လများသည် မိမိတို့၏နောက်ကြောင်းရာဇဝင် များကို ဝလူမျိုးများကား လွယ်လများကဲ့သို့ မှတ်တမ်းရေးသားထားခြင်း မရှိခဲ့ကြချေ။ သူတို့သည် ပတ်ကတေ့ရွာအနီးရှိ ကျောက်ဂူကြီးမှစ၍ ပေါက် ပွားပျံ့နှံ့လာသည်ဟု အယူရှိကြသည်။ ဝနယ်တွင် အချို့သောအရပ်ဒေသ၌ ယခုတိုင် လူခေါင်းဖြတ်၍ ယဇ်နတ်ပူဇော်သည့် အလေ့အထ အနည်းအကျဉ်းရှိသေးသည်။ ယခုအခါ အချို့ဒေသတွင်မူ လူခေါင်းအစား ကျွဲ၊ ခွေး စသည်တို့နှင့် ယဇ်ပူဇော်လေ့ရှိ ကြသည်။ သို့ရာတွင် တစ်နေ့တခြား အသိတရားတိုးတက်လာသည်နှင့်အမျှ လူခေါင်းဖြတ်သည့်အလေ့အထ နည်းပါးလာလေပြီ။ အိမ်ခြေ ၂ဝဝ မှ ၂၅ဝ ရှိလျှင် နယ်ကလေးတစ်နယ်၊ အိမ်ခြေ ၃ဝဝ မှ ၄ဝဝ ရှိလျှင် နယ်ကြီးတစ်နယ်ဟု ခွဲခြားသတ်မှတ်ကာ ဆိုင်ရာ နယ်ရှင် 'စဝ်ဖ' ခေါ် စော်ဘွားများနှင့် အုပ်ချုပ်နေထိုင်လျက်ရှိရာ ဝနယ် တွင် စော်ဘွားပေါင်း နှစ်ဆယ်၊ အစိတ်ခန့်ရှိခဲ့ဖူးသည်။ လူဦးရေနည်းလျှင် ရွာမတည်ဝံ့ကြချေ။ အခြားလူဦးရေများသောရွာ၏အန္တရာယ်ကို ကြောက် သောကြောင့်ဖြစ်သည်။ ရွာများသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅ဝဝဝ အမြင့်ရှိသောတောင်ပေါ်တွင် အားလုံးလိုလိုတည်ရှိကြသည်။ ၁၉၄၇ ခုနှစ် နယ်ခြားဒေသစုံစမ်းရေးအစီရင်ခံစာနောက်ဆက်တွဲအရ ဝနယ်တွင် လူဦးရေသည် ၈၃,ဝဝဝ ယောက်ခန့်ရှိခဲ့သည်။ ဝနယ်တွင်စံနစ်တကျဖွင့်လှစ်ထားသော စာသင်ကျောင်းဟူ၍ မရှိ ချေ။ တရုတ်ရွာများတွင် ကိုယ်ပိုင်ကျောင်းကလေးများဖွင့်၍ အနည်းငယ် စာသင်ပေးသည်။ ပလောင်များက သူတို့၏သားသမီးများကို ဘုန်းကြီး ကျောင်းများသို့ပို့ကြသည်။ ဝနယ်မှ ရဟန်းတော်များသည် ဆံပင်အရှည် လက်နှစ်သစ်ခန့်နှင့် နှုတ်ခမ်းမွေးထားခြင်း၊ သင်္ကန်းများအခန်းမပါ၊ အဝါ ရောင်ဆိုးထားသောအဝတ်ကို လွှမ်းခြုံ၍ ခါးပတ်စိမ်းပတ်ခြင်း၊ ဓားမြောင် ဓားလွယ်၊ တရုတ်ရိုင်ဖယ်သေနတ်များ ထမ်းပိုးလွယ်ဆောင်သွားလာခြင်း၊ မြင်းစီးခြင်း၊ အရက်သောက်ခြင်း၊ နေ့လွဲညစာကို ထမင်းနှင့် ခေါက်ဆွဲမှ တစ်ပါး စားသောက်ခြင်းပြုကြသည်ဟုဆိုသည်။ သို့ရာတွင် ယခုအခါ သာသနာပြုများ၊ ဘဝသစ်မြှင့်တင်ရေးအဖွဲ့ဝင်များ သွားရောက်၍ ဝနယ်၏ ဘဝမြှင့်တင်ရေးကို ဆောင်ရွက်နေကြလေပြီ။ ဝနယ်သူနယ်သားများသည် သူတို့၏နယ်မြေသို့ စစ်တပ်များ ဝင်ရောက်သည်ကို လုံးဝမနှစ်သက်ချေ။ အင်္ဂလိပ်စစ်တပ်များ ဝနယ်တွင်း သို့ ချီတက်သည့်အခါတိုင်း ဝနယ်များက ခုခံတိုက်ခိုက်တတ်ကြသည်။ ၁၉၃၅ ခုနှစ် ကုန်လောက်က လူပေါင်း ၁၄ဝဝ ကျော်ပါဝင်သော တရုတ်တပ် တစ်တပ်ဝင်ရာ ဝတို့က ခုခံတိုက်ခိုက်သဖြင့် နှစ်ဦးနှစ်ဖက်လူ ၆ဝ ခန့်စီ ကျဆုံးဖူးလေသည်။ ၁၉၃၆ ခုနှစ် တိုက်ပွဲဖြစ်စဉ်ကမူ အင်္ဂလိပ်ဘက်မှ တစ်ဦးကျဆုံးဖူးလေသည်။ ဝနယ်သည် မဖွံ့ဖြိုးသေးသောဒေသဖြစ်သည်။ ပထဝီအနေ အထားအရ တောတောင်ထူထပ်သော ဒေသဖြစ်သည့်အလျောက် ယင်းနယ်ရှိ လူတို့သည် တောင်ခါးပန်း၊ တောင်စောင်း၊ တောင်ထိပ်၊ တောင်နှာမောင်း စသည့်နေရာများတွင် အိမ်များဆောက်လုပ်နေထိုင်ကြသည်။ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသိုလများတွင် ဆောက်လုပ်လေ့ရှိကြသည်။ သူတို့၏အိမ် တွင်းသို့ အမှတ်မဲ့မဝင်ရချေ။ ဝလူမျိုးများသည် အလွန်အယူသည်းကြရာ ဧည့်သည်သွားအပ်သည့်နေရာ မသွားအပ်သည့်နေရာဟူ၍ ခွဲခြားထားသည်။ မသွားအပ်သည့်နေရာသို့သွားမိချေက အိမ်ရှင်ကို ခိုက်တတ်သဖြင့် အိမ်ရှင် လုပ်သူက ငွေအကုန်အကျခံကာ အိမ်ဦးနတ်ကို ပူဇော်ကန်တော့ကြရသဖြင့် အိမ်တွင်းကျူးကျော်မှုဖြစ်ကာ နတ်ပူဇော်ရန် ဧည့်သည်ထံမှ လျော်ကြေးတောင်း ကြသည်။ ဝနယ်မှ အိမ်များသည် ခေါင်စောက်၍ အမိုးတံစက်မြိတ်သည် မြေကြီးနှင့် ထိလုနီးပါးဖြစ်နေတတ်သည်။ ပြတင်းပေါက်မရှိ၊ ဝင်ပေါက် ထွက်ပေါက် တစ်ပေါက်တည်း ခပ်နိမ့်နိမ့်ဖောက်ထားပြီးလျှင် အိမ်အလယ် လောက်တွင် ဆယ်နှစ်ရာသီမပြတ် မီးဖိုလျက်ထားတတ်သည်။ အကြောင်း တစ်ခုခုကြောင့် အလင်းရောင်အလိုရှိလျှင် အိမ်အမိုးကို တုတ်နှင့်ထိုး၍ ထောက်ထားတတ်သည်။ ဝနယ်သည် မိုးအလွန်များသော ဒေသဖြစ်၍ ရွာတွင်း၌ ရွှံ့ဗွက်များပြည့်နှက်နေသည်။ ဝနယ်သူနယ်သားများသည် ရှိသမျှမြေပြင်နှင့် တောင်စောင်းတွင် စပါး၊ ပြောင်း၊ ဂျုံ၊ ကြံ စသည်ကို စိုက်ပျိုးကြ သော်လည်း မြေဩဇာမကောင်းသဖြင့် ပင်ပန်းကျိုးမနပ်လှချေ။ အချို့နှစ်များ တွင် စိုက်ပျိုး၍ထွက်သောစပါး၊ ပြောင်းတို့ဖြင့် ပင်စားသုံးရန် မလုံလောက် သဖြင့် မန်းခေါ် သစ်ဥများကို ရှာဖွေတူးဖော်စားသောက်ကြရသည်။ နာဖန်၊ ဟိုမိုင်း၊ ကောင်းစောက်၊ အထက်ကတ်ဟီ၊ အောက်ကတ်ဟီ၊ မန်ကွေ့၊ မွတ်လုံတို့တွင် လက်ဖက်ပင်များစိုက်ပျိုးကြသည်။ အထူးသဖြင့် စီးပွားဖြစ် ဘိန်းပင်များကို စိုက်ပျိုးကြသည်။ သို့ရာတွင် ဘိန်းဖြင့်စီးပွားဖြစ်သလောက် ဘိန်းဖြင့် အကျင့်စာရိတ္တပျက်စီးကြသေးသည်။ ဘိန်းရှူဘိန်းစားသူများ အလွန်ပေါသဖြင့် သက်ဆိုင်ရာအာဏာပိုင်တို့က ဖမ်းဆီးအပြစ်ဒဏ်ပေးခြင်း ထက် ပိုမိုထိရောက်သော ဘိန်းစားပပျောက်ရေးလုပ်ငန်းကို စီမံလျက်ရှိ သည်။ ဘိန်းစိုက်ပျိုးလုပ်ကိုင်သကဲ့သို့ပင် ဝင်ငွေကောင်းသော အခြားစိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကိုလည်း စီစဉ်ပေးလျက်ရှိသည်။ ဝနယ်၏ အခြားလုပ်ငန်များမှာ အိမ်တိုင်းစေ့ ကြက်၊ ဝက် တိရစ္ဆာန်မွေးမြူခြင်း၊ မြေအိုးမြေခွက်လုပ်ကိုင်ခြင်း၊ ပိုးမွေးမြူခြင်း၊ ဝန်တင် တိရစ္ဆာန်မျိုးဖြစ်သော လားမွေးမြူခြင်းတို့ဖြစ်သည်။ ဟိုမိုင်း၊ ဆန်ထုံ၊ စုံကရ မန်၊ ဝိန်းငင်းနှင့် ဝက်လိုက်နယ်များတွင် မြေအိုးမြေခွက်လုပ်ကိုင်၍ ပန် ခေါင်မွတ်လူ၊ ဟိုမိုင်း၊ ဝိန်ငင်းနှင့် ဝက်လိုက်တို့တွင် ပိုးမွေးမြူရေးကိုလုပ် ကိုင်ကြသည်။ ဝနယ်တွင် စက်မှုလုပ်ငန်းဟူ၍ မရှိချေ။ မြောက်ပိုင်း ဝနယ်တွင် လူဖန်အရပ်၌ ဘော်နှင့်ခဲသတ္တုတွင်းရှိသည်။ သို့ရာတွင် ယခင်က အကြီး အကျယ် လုပ်ကိုင်ခဲ့ကြ၍ ယခုမလုပ်ကြတော့ချေ။ ဟိုပန်၊ ပန်လုံ၊ မန်းတုံး၊ မိုင်းမော၊ နာဖန်း၊ ဆောင်ဖာ၊ ဆောင်ဟင်း၊ ဝိန်းငင်း၊ ဆန်တုံနှင့်မန်ဆိုင်မြို့များသည် ရောင်းဝယ်ဖောက် ကားရေး၌ အစည်ကားဆုံးသောဈေးမြို့များဖြစ်သည်။ ယင်းတို့အနက် ဟိုပန် မြို့သည် အစည်ကားဆုံးဖြစ်သည်။ ကွမ်းလုံခရိုင်၊ ဟိုပန်ခရိုင်ခွဲ ရုံးစိုက်မြို့ လည်းဖြစ်သည်။ ဝနယ်ဈေးများသည် ရှမ်းပြည်နယ်ရှိ ဈေးများကဲ့သို့ ငါးရက်တစ်ဈေးပင်ဖြစ်သည်။ ဈေးနေ့များတွင် ခြည်ခင်၊ ရောင်စုံဖျဉ်၊ ရောင်စုံအပ်နှင့် အပ်ချည် ရောင်စုံ၊ ကြေးမောင်း အရွယ်အစားစား၊ သံဒယ်အိုးကြီးငယ်၊ ဆားနှင့် ဖန် ကြယ်သီးများကို ယူနန် တရုတ်လူမျိုးနှင့် ပန်းသေးလူမျိုးများက လာ၍ ရောင်းကြသည်။ ရှမ်းနှင့် ရှမ်းတရုတ်လူမျိုး၊ လွယ်လလူမျိုးများကလည်း ပဲပုပ်နှင့် ဟင်းသီးဟင်းရွက်ဆိုင်၊ အမဲချဉ်ထုပ်၊ ဝက်သားချဉ်ထုပ်ဆိုင်၊ ဆန်နီထမင်းဆိုင်နှင့် ဝက်၊ သို့မဟုတ် ဘိန်းစေ့မှရသောဆီဖြင့် ချက်ထား သည့် အမဲဝမ်းတွင်းသားဟင်း၊ နံပေါင်ကြော်ခေါ် သားရေကြော်တို့ပါ ပူးတွဲ ရောင်းချသော ထမင်းဆိုင်များထွက်ကြသည်။ ဈေးနေ့တွင် လက်မလည်နိုင် အောင် ရောင်းဝယ်ရသောဆိုင်မှာ ဝလူမျိုးများရောင်းသော ဆန်နီမငှက်ပျော ဖူး၊ သို့မဟုတ် ရရာဟင်းသီးဟင်းရွက်၊ ခွေးသား၊ ဆားနှင့် ရေရောပြုတ် ထားသောတမွတ်ခေါ် စားစရာဆိုင်ဖြစ်သည်။ တစ်ခါတစ်ရံ ဝနယ်သူနယ် သားများသည် ဈေးနေ့များတွင် ရွှေခဲ၊ ယမ်းစိမ်းများနှင့် သူတို့ကြိုက်နှစ် သက်သောကုန်များကို တန်ဘိုးထား၍ လဲယူတတ်ကြသည်။ ဝနယ်သည် တောတောင်ထူထပ်သော ဒေသဖြစ်သဖြင့် လမ်း ပန်းဆက်သွယ်ရေးမကောင်းလှချေ။ ကွမ်းလုံ ကူးတို့ဆိပ်မှ မြောက်ပိုင်းဝနယ် သို့သွားသောလမ်းတစ်လမ်းသာလျှင် အနည်းငယ် ပျံ့ပျူးသာယာသော ကား လမ်းဖြစ်သည်။ အသင့်အတင့်ကျယ်ဝန်း၍ကောင်းသော အခြားလမ်းမှာ မန်း တုံးမှတစ်ဆင့် ကန်းဆေပန်ပွဲသွားသောလမ်း၊ လွယ်လိန်း ဝိန်းငင်း သွားလမ်းနှင့် စုံကရမန် ဆန်ထုံသွားလမ်းတို့ဖြစ်ကြသည်။ မိုင်းမောမှ ကောင်း စွန်း၏တောင်ဘက်ကိုဖြတ်ကာ အနောက်မြောက်ဘက်သို့ သွားသောလမ်း သည် ကတ်ဟီ မန်ကွေ့နှင့် ကန်းဆေးဒေသဘက်သို့သွားပြီးလျှင် တာဆိုင်း လှိုင်ကူးတို့နှင့် မျက်နှာချင်းဆိုင် မိုင်းနောင်မြို့အထိ ပေါက်ရာ ယင်းလမ်းမ ကြီးသည် ဝနယ်နှင့်ရှမ်းပြည်နယ် ဆက်သွယ်သောလမ်းဖြစ်သည်။ မိုင်းမောမှ ကောင်းစောက်သွားလမ်းမှ မန်ကွေ့ဖက်ခွဲထွက်သွားသော လမ်းလည်းရှိသေး သည်။ ဟုံစုံးမြို့မှ ဖန်ကရိုမြို့သို့လည်း နမ်းမားမြစ်ကို ကြိုးတံတားဖြင့် ဖြတ်ကာ လမ်းဖောက်ထားသေးသည်။ အခြားကုန်ကူးလမ်းမှာ မိုင်းဝမှ မိုင်း မော်၊ မိုင်းလှိုင်း၊ ပန်ဆင် ထိုမှ ကျိုင်းတုံနှင့် တာဆိုင်းလှိုင်မှ ပန်ယန်း လွယ်လိန်းဖြစ်၍ ဝက်လိုက်မှတစ်ဆင့် အနောက်မြောက်ရှိ မိုင်းမောနှင့် ကာဝိန်းငင်း၊ စုံကရမန်နှင့် ဆန်ထုံအထိသွားသောလမ်းဖြစ်သည်။ ဝနယ်တွင် စာပို့တိုက်ဟူ၍မရှိသော်လည်း အုပ်ချုပ်ရေးအရာရှိရုံးမှ တစ်ဆင့်ဟူ၍ လိပ်စာတပ်ပေးပို့ပါက စာများကိုဖြန့်ဝေခြင်း၊ ပေးပို့ခြင်း ပြုသည်။

အင်္ဂလိပ်အစိုးရလက်ထက်က ဝနယ်ကိုအုပ်ချုပ်ရန် မန်ခံမြို့တွင် ဝနယ်တာဝန်ခံ အုပ်ချုပ်ရေးအရာရှိတစ်ဦး ခန့်ထားရုံးစိုက်စေသည်။ ထို တာဝန်ခံအုပ်ချုပ်ရေး အရာရှိလက်အောက်တွင် ဒုတိယဝန်ထောက်တစ်ဦးရှိ၍ စုံလုံမြို့တွင် ရုံးစိုက်စေသည်။ သာမန်အုပ်ချုပ်ရေး ကိစ္စများမှအပ အခြား အရေးကြီးသောကိစ္စရပ်များကို လားရှိုးမြို့၌ရုံးစိုက်သော အရေးပိုင်နှင့် ဆက် သွယ်အုပ်ချုပ်ရသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးသည့်နောက် ၁၉၅၄ ခုနှစ်မှစ၍ ဝနယ်၊ ကိုးကန့်နယ်၊ မိုင်းလွန်းနယ်တို့ကို ရှမ်းပြည်အရှေ့မြောက် အထူး ခရိုင်ဟုဖွဲ့စည်းကာ မြောက်ပိုင်းဝနယ် ဟိုပန်မြို့တွင် ခရိုင်ဝန်ရုံးစိုက်၍ အုပ် ချုပ်ရေးကို ဆောင်ရွက်သည်။ ခရိုင်ဝန်အောက်တွင် မြောက်ပိုင်းဝနယ် အတွက်နယ်ပိုင် ဝန်ထောက်တစ်ယောက်၊ တောင်ပိုင်းဝနယ်ကို မိုင်းလွန်း နယ်နှင့်တွဲ၍အုပ်ချုပ်ရန် မိုင်းလွန်းနယ် ပန်ယန်းမြို့တွင် နယ်ပိုင်ဝန်ထောက် တစ်ယောက်ထားရှိအုပ်ချုပ်သည်။

၁၉၆၂ ခုနှစ်၌ တော်လှန်ရေးအစိုးရ တက်လာပြီးသည့်နောက်တွင် ရှမ်းပြည်နယ်၏ အုပ်ချုပ်ရေးထိရောက်စေရန်အလို့ငှာ တိုင်း၊ ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်များစသည်ဖြင့် ပြန်လည်ပိုင်းခြားသတ်မှတ်ခြင်းပြုခဲ့ရာ အရှေ့မြောက် အထူးခရိုင်သည် ကွမ်းလုံခရိုင်ဟူ၍ဖြစ်လာသည်။ ကွမ်းလုံခရိုင်တွင် ဟိုပန် နှင့် မိုင်းမောဟူ၍ ခရိုင်ခွဲနှစ်ခုနှင့် ဟိုပန်၊ ကွမ်းလုံ၊ ကုန်ကျန်၊ မိုင်းမော၊ ပန်ဝိုင်း၊ နာဖန်း၊ မန်ဖန့်၊ ပန်ယန်းဟူ၍ မြို့နယ်ရှစ်ခုပါဝင်လေသည်။ ၁၉၆ဝ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် လက်မှတ်ရေး ထိုးသော မြန်မာ-တရုတ် နယ်နိမိတ်စာချုပ်အရ ဝနယ်အတွင်းရှိ မြန်မာ နိုင်ငံကပိုင်ဆိုင်၍ ပန်ဟုန်းနှင့် ပန်လောလူမျိုးများအုပ်ချုပ်သည့် ၇၃ စတုရန်းမိုင်ခန့် အတိုင်းအတာရှိသည့်ဒေသများကို မိုင်းမော တြိဂံဒေသ (သတ်မှတ်ထားသော နမ့်ဝန်နယ်မြေ)နှင့် လဲလှယ်သောအားဖြင့်လည်း ကောင်း၊ ရာဇဝင်အရဖြစ်သော ဆက်ဆံမှုနှင့် လူအမျိုးအနွယ် တည်တံ့ခိုင်မြဲ ခြင်းကို ထောက်ထားသောအားဖြင့်လည်းကောင်း ၁၉၄၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် တရုတ်အစိုးရနှင့်ဗြိတိသျှအစိုးရတို့ အပြန်အလှန် ပေးစာများပါ ပြဋ္ဌာန်းချက်များအရ တရုတ်နိုင်ငံပိုင် နယ်မြေ၏ တစ်စိတ်တစ်ဒေသအဖြစ် ဖြင့် တရုတ်နိုင်ငံသို့လွှဲပြောင်းပေးလိုက်လေသည်။ ယင်းနယ်မြေဒေသများ သည် ၁၉၄၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် တရုတ်အစိုးရနှင့် ဗြိတိသျှ အစိုးရတို့ အပြန်အလှန်ပေးစာများ၌ဖော်ပြပါရှိသော နမ့်တင်းနှင့် နမ့်ဖမြစ် ဆုံမှ နယ်နိမိတ်သတ်မှတ်ပြီးသော တောင်ဘက်အစိတ်အပိုင်းပေါ်ရှိ အမှတ် ၁ နယ်နိမိတ် မှတ်တိုင်အထိဖြစ်သည့် နယ်နိမိတ်မျဉ်း၏ အနောက်ဘက်တွင် ကပ်လျက်တည်ရှိကြသည်။ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးရန်ဖြစ်သော ဤ နယ်မြေဒေသများ၏ အကျယ်အဝန်းနှင့်စပ်လျဉ်း၍ ၁၉၅၇ ခုနှစ် ဇူလိုင်လ ၂၆ ရက်နှင့် ၁၉၅၉ ခုနှစ် ဇွန်လ ၄ ရက်နေ့ အသီးအသီးတွင် တရုတ်နိုင် ငံအစိုးရနှင့် မြန်မာနိုင်ငံအစိုးရတို့က မြေပုံများပေါ်တွင်မှတ်သားလျက် အဆို ပြုထားကြသည်။ နှစ်နိုင်ငံအစိုးရတို့၏ အဆိုပြုချက်များတွင် ထပ်တူထပ်မျှ ဖြစ်သောနယ်မြေဒေသကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးမည်။ ပန်ဟုန်း လူမျိုးများအုပ်ချုပ်သည့် နယ်မြေဒေသနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံအစိုးရတို့၏ အဆိုပြုချက်များ၌ ခြားနားချက်ရှိရာ ထိုခြားနားသောနယ်မြေဒေသသည် ပန် ဟုန်း လူမျိုးများအမှန် အုပ်ချုပ်သည့်နယ်မြေဟုတ်သည် မဟုတ်သည်ကို ထို နယ်မြေသို့သွားရောက်စုံစမ်း၍ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးရမည် မပေးရ မည်ကို ဆုံးဖြတ်ရန်အတွက် တစ်ဖက်စီ တစ်ဖက်စီမှ ပုဂ္ဂိုလ်ဦးရေ အညီအမျှ ပါဝင်သော ပူးတွဲကော်မတီဖွဲ့ကာ ပန်ဟုန်းနှင့် ပန်လောင်လူမျိုးများအုပ်ချုပ် သည့် နယ်မြေဒေသများ၏ အကျယ်အဝန်းကို ဆုံးဖြတ်ပြီးသည့်နောက် မြေပေါ်တွင် အတိအကျတိုင်းတာ၍ နယ်နိမိတ်မှတ်တိုင် စိုက်ထူရန် ပူးတွဲ မြေတိုင်းအဖွဲ့စေလွှတ်စိုက်ထူခဲ့ကြလေသည်။

ပန်ဟုန်းနှင့် ပန်လောဒေသများအပြင် ဝနယ်အတွင်းရှိ ၁၉၄၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် တရုတ်အစိုးရနှင့် ဗြိတိသျှအစိုးရတို့ အပြန်အလှန်ပေးစာများတွင် သတ်မှတ်ထားသည့် နယ်နိမတ်မျဉ်းကြောင်း ဖြတ်သန်းသွားသည့် ယောင်ဟုတ်၊ လုန်နိုင်း(ယောင်နိုး)၊ အမ်ဖ၊ ပန်ကွန်၊ ပန်နောင်၊ ပန်ဝိုင်(ပန်ဝိုင်း)ရွာများကို ထိုနယ်နိမိတ်မျဉ်းကြောင်း ဆက်လက် ဖြတ်သန်းခြင်းမရှိစေရန် ယောင်ဟုတ်နှင့် လုန်နိုင်းရွာများကို တရုတ်နိုင်ငံ တွင်းသို့လည်းကောင်း၊ အမ်ဖ၊ ပန်ကွန်၊ ပန်နောင်နှင့်ပန်ဝိုင်းရွာများကို မြန်မာနိုင်ငံတွင်းသို့လည်းကောင်း ထည့်သွင်းရန် မြန်မာ-တရုတ် နယ်နိမိတ် စာချုပ် အပိုဒ် ၃ အရ သဘောတူလက်မှတ်ထိုးပြီးဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)