ဝင်းဂိတ်၊ ဗိုလ်ချုပ်

ဝီကီပီးဒီးယား မှ

ဗိုလ်ချုပ် အော့ဒ ချား ဝင်းဂိတ် (Orde Charles Wingate; ၁၉ဝ၃-၁၉၄၄)[ပြင်ဆင်ရန်]

အော့ဒချား ဝင်းဂိတ် (Orde Wingate)

ဗိုလ်ချုပ် ဝင်းဂိတ်သည် ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံမှ ဂျပန်တပ်များကို တိုက်ထုတ်ရာ၌ အလွန်အရေးပါသော စစ်ဆင်မှုကို ပြုလုပ်ရန်အတွက် 'ချင်းဒစ်' တပ်ဖွဲ့ကို ခေါင်းဆောင်ရသော ဗြိတိသျှဗိုလ်ချုပ်ဖြစ်သည်။ ဝင်းဂိတ်တပ်၏ အမှတ် တံဆိပ်သည် ခြသေ့ၤရုပ်ဖြစ်၍ 'ချင်းဒစ်'ဟူသောအမည်မှာ မြန်မာ 'ခြင်္သေ့' ကို အင်္ဂလိပ်အသံနှင့်ခေါ်ဆိုခြင်းဖြစ်သည်။

အော့ဒချားဝင်းဂိတ်သည် ၁၉ဝ၃ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက် နေ့တွင် အိန္ဒိယနိုင်ငံ၊ နယ်နီတယ်မြို့၌ဖွားမြင်သည်။ ဗိုလ်မှူးကြီးဂျော့ဝင်း ဂိတ်၏သားကြီးဖြစ်၍ အင်္ဂလန်နိုင်ငံ ဝူး လစ်ချ စစ်တက္ကသိုလ်ကျောင်းတွင် စစ်ပညာသင်ကြားခဲ့သည်။ ၁၉၂၃ ခုနှစ်တွင် ဘုရင့်အမြောက်ကြီးတပ်၌ ဝင် ရောက်အမှုထမ်းသည်။ ၁၉၂၈ ခုနှစ်မှ ၁၉၃၃ ခုနှစ်အထိ ဆူဒန်နယ်၌ လည်းကောင်း၊ ၁၉၃၆ ခုနှစ်မှ ၁၉၃၉ ခုနှစ်အထိ ပါလက်စတိုင်းပြည်၌ လည်းကောင်းစစ်မှုထမ်းခဲ့သည်။ အထူးသဖြင့် ပါလက်စတိုင်းပြည်တွင် အမှု ထမ်းစဉ်က ပြောက်ကျားစစ်ဆင်ရေး၌ ထူးချွန်ခဲ့လေသည်။ ဒုတိယကမ္ဘာစစ် ဖြစ်ပွားလာသောအခါ ဗိုလ်ချုပ်ကြီး ဝေဗယ် သည် အရှေ့အလယ်ပိုင်းစစ်မျက်နှာတွင် တာဝန်ကျသဖြင့် ဝင်းဂိတ်ကို ပြောက်ကျားစစ်ဆင်ရေးအတွက် ခေါ်ယူခဲ့သည်။ ဝင်းဂိတ်သည် အီသီယိုးပီးယားပြောက်ကျားတပ်ကို ဦးစီး၍ အီတာလျံတပ်များကို တိုက်ခိုက်အောင်မြင် ခဲ့သည်။ တစ်ဖန် ၁၉၄၁ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဝေဗယ်သည် အိန္ဒိယ နိုင်ငံသို့ ပြောင်းရွှေ့ရလေသည်။

၁၉၄၂ ခု နှစ်ဦးတွင် မြန်မာနိုင်ငံစစ်မျက်နှာ၌ ဂျပန်တို့ အရေး သာလျက်ရှိရာ ဗြိတိသျှတပ်များသည် အိန္ဒိယနိုင်ငံသို့ ဆုတ်ခွာခဲ့ရလေသည်။ ထိုအခါ၌လည်း ဗိုလ်ချုပ်ကြီးဝေဗယ်က ဗိုလ်မှူးချုပ်ဝင်းဂိတ်ကို အိန္ဒိယသို့ ခေါ်ယူ၍ ဗြိတိသျှတပ်သား၊ ဂေါ်ရခါးတပ်သားနှင့် ဘားမားရိုင်ဖယ်တပ်သား တို့ပါဝင်သော ပြောက်ကျားတပ်ကိုဖွဲ့စည်းစေသည်။ ထိုသို့အားဖြင့် 'ချင်း ဒစ်' တပ်ဟူ၍ပေါ်ထွက်လာလေသည်။

၁၉၄၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဝင်းဂိတ်၏ ပြောက်ကျားတပ် သည် ချင်းတွင်းမြစ်ကိုဖြတ်ကျော်၍ ဂျပန်စစ်ကြောင်းနောက်ပိုင်းသို့ ဝင် ရောက်လာပြီးလျှင် တံတားများကိုချိုးဖျက်ခြင်း၊ မီးရထားလမ်းကို ဖျက်ဆီး ခြင်း၊ ဂျပန်တို့၏ရိက္ခာနှင့် လက်နက်သိုလှောင်ရာဌာနများကို ဖျက်ဆီးခြင်းဖြင့် ဂျပန်တပ်ဦးကိုတန့်သွားစေသည်။ ဝင်းဂိတ်တပ်အတွက် လက်နက်များကို လေကြောင်းမှချပေးခဲ့ရာ မြန်မာနိုင်ငံကို ပြန်လည်စစ်ဆင်တိုက်ခိုက်ရေး၌ ထိုနည်းသည် ထိရောက်နိုင်ကြောင်း တွေ့ရှိရလေသည်။ ဝင်းဂိတ်သည် အင်္ဂလန်နိုင်ငံသို့ ပြန်သွားပြီးနောက် ဝန်ကြီးချုပ်ချာချီနှင့်အတူ အမေရိကန် သမ္မတ ရူးဇဗဲ့နှင့် တွေ့ဆုံဆွေးနွေးရန် ကနေဒါနိုင်ငံ ကွီဗက်မြို့သို့ လိုက်ပါ ခဲ့ရသည်။

၁၉၄၄ ခုနှစ်၊ မတ်လအလယ်တွင် ဗိုလ်ချုပ်ဝင်းဂိတ်သည် ယခင် ကထက် အင်အားကြီးမားသော 'ချင်းဒစ်'တပ်ကိုဦးစီး၍ မြန်မာနိုင်ငံအထက် ပိုင်းတစ်နေရာ၌ ခြေကုတ်စခန်း တစ်ခုတည်ရန် ရောက်ရှိလာသည်။ ယခု အကြိမ်တွင် လီဒိုလမ်းမှ ကုန်းကြောင်းခရီးဖြင့်ဝင်ရောက်မည့် တပ်သားများ မှတစ်ပါး ကျန်တပ်သားတို့ကို လေကြောင်းဖြင့်ပို့ဆောင်ခဲ့သည်။ ဗိုလ်ချုပ် ဝင်းဂိတ်သည် မိမိ၏ 'ချင်းဒစ်'တပ်များကို စီမံခန့်ခွဲနေခိုက် ၁၉၄၄ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံသို့ ခေတ္တပြန်ခဲ့ရာ၌ စီးလာသောလေ ယာဉ်ပျံသည် တောင်နှင့်တိုက်မိ၍ပျက်စီးသဖြင့် အသက်ဆုံးရှုံးခဲ့ရလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)