ဝက်သစ်ချ
Oak | |
---|---|
Foliage and acorns of Quercus robur | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Fagales |
မျိုးရင်း: | Fagaceae |
မျိုးရင်းသေး: | Quercoideae |
မျိုးစု: | Quercus L. |
မျိုးစိတ် | |
ဝက်သစ်ချပင်ကို မြန်မာပြည်တွင် တချို့က ခါတော်မီပင်ဟုလည်း ခေါ်ကြသည်။ ဥရောပတိုက်၊ အာရှတိုက်၊ မြောက်အမေရိကတိုက်၊ အာဖရိကတိုက်မြောက်ပိုင်းနှင့် သမပိုင်းဒေသများတွင် ဝက်သစ်ချမျိုးပေါင်း ၂ဝဝ ကျော်မျှ အနှံ့အပြားပေါက်ရောက်လျက်ရှိသည်။ ဟိမဝန္တာတောင်တန်း၊ ဖိလစ်ပိုင်ကျွန်းစု၊ ဗော်နီယိုကျွန်းနှင့် အန်ဒီးတောင်တန်းတို့တွင်ကား ဝက်သစ်ချပင်မျိုး အနည်းငယ်လောက်သာရှိသည်။
ရှေးအခါများက ဝက်သစ်ချတောများသည် အင်္ဂလန်ပြည်တစ်ပြည်လုံးနှင့် ဥရောပတိုက်အလယ်ပိုင်းတစ်ခုလုံးတွင် ပြည့်နှက်လျက်ရှိသည်။ သို့သော် ယခုအခါတွင် လူတို့ တဖြည်းဖြည်းခုတ်ထွင် ရှင်းလင်းလာကြသောကြောင့် ခုတ်ထွင်ရန်ခက်ခဲလှသည့် အရပ်များမှတစ်ပါး များစွာမပေါက်ရောက်ကြတော့ချေ။ သို့ရာတွင် ဂျာမနီနိုင်ငံမှလည်းကောင်း၊ ပြင်သစ်နိုင်ငံမှလည်းကောင်း၊ ရုရှနိုင်ငံတောင်ပိုင်းမှလည်းကောင်း အဖိုးတန်ဝက်သစ်ချသစ်များကို ရလျက်ရှိနေပေသေးသည်။
ရှေးအခါက ဝက်များကို ဝက်သစ်ချပင်အောက်သို့ ဆောင်းကူးရာသီတွင် မောင်းနှင်ပို့လေ့ရှိကြသည်။ ထိုသို့ပြုလုပ်ကြသည်မှာ ဝက်တို့သည် ဝက်သစ်ချသီးများကို ကြိုက်နှစ်သက်ကြသောကြောင့် ဖြစ်သည်။ ရှဉ့်များသည်လည်း ဝက်သစ်ချသီးကို စုဆောင်းထားတတ်ကြသည်။ ထိုသို့ထားကြသော အသီးများမှ အညှောက်ပေါက်လာတတ်သည်။ ထို့ပြင် ငှက်များ အထူးသဖြင့် ခိုများကလည်း ဝက်သစ်ချသီးများကိုလွန်စွာကြိုက်နှစ်သက်ကြလေသည်။ ထိုသို့အသီးများကိုထိုးချကြရာမှ အချို့အသီးများသည် နေရာကျဲကျဲနှင့် ထူးခြားသည့်နေရာများတွင် ပေါက်ရောက်လျက်ရှိကြလေသည်။ ဝက်သစ်ချပင်အားလုံးမှသီးသော ဝက်သစ်ချသီးသည် အခြားသစ်သီးများနှင့်မတူဘဲ အလွန်ထူးခြားသည်။ ဝက်သစ်ချသီးတွင် အစေ့မာရှိ၍ ထိုအစေ့မာ၏ အရင်းပိုင်းတစ်ဝက်ခန့်သည် အစေ့ရွက်များနှင့် ဖုံးအုပ်လျက်ရှိသည်။ အညှာသည် ထိုအစေ့ရွက်များ၏ အရင်းတွင်ရှိသည်။ ထို့ကြောင့် အသီး၏ အပေါ်ပိုင်းတစ်ဝက်ခန့်မှာပေါ်နေသည်။ အရွက်များကား အတော်အတန်ကြီး၍ နံဘေးတွင် အဝိုက်အဝိုက်တွန့်နေသည်။
ဝက်သစ်ချမျိုးထဲတွင် အကြီးထွားဆုံးမျိုးမှာ ရုက္ခဗေဒအမည်အားဖြင့် ကွားကပ်ရိုဗာခေါ် ဝက်သစ်ချမျိုးဖြစ်သည်။ ယင်းမှာ အဖိုးအတန်ဆုံးလည်းဖြစ်သည်။ ပင်စည်လုံးပတ်မှာ ပေ ၆ဝ မှ ၇ဝ အထိရှိတတ်၍ အမြင့်မှာ ပေ ၁၂ဝ အထိရှိတတ်သည်။ အသက်မှာနှစ်ပေါင်း ၃ဝဝ ကျော်မျှ ရှိတတ်ကြသည်။ သို့ကြောင့်ပင် အင်္ဂလန်ပြည် အင်္ဂလိုဆက္ကဆွန်များ ကြီးစိုးစဉ်ကရှိခဲ့သောအပင်များကို ယခုတိုင်တွေ့မြင်နိုင်ပေသေးသည်။ ဂလော့စတာနယ်တွင်ပေါက်သော နယူးလန်ဝက်သစ်ချပင်များမှာ မည်မျှကြီးမားသနည်းဟူမူ ပင်စည်လုံးပတ်မှာ ၄၈ ပေမျှရှိလေသည်။ ဝက်သစ်ချပင်၏ အနှစ်သား မှာ အညိုရင့်မှ ဝါဖျော့ဖျော့အရောင်အထိ ကွဲပြားလျက်ရှိပြီးလျှင် အလွန်မာကြောကျစ်လျစ်လေသည်။
ဂရိတ်ဗြိတိန်မှထွက်သော ဝက်သစ်ချသားများကို အိမ်ထောင်ပရိဘောဂများပြုလုပ်ကြသည်။ အခြားအရေးကြီးသော ဥရောပတိုက်မှ ဝက်သစ် ချမျိုးကို ရုက္ခဗေဒအမည်ဖြင့် ကွားကပ်စယ်ရစ်ဟု ခေါ်သည်။ ယင်းကိုတူရကီဝက်သစ်ချဟူ၍လည်းခေါ်သေးသည်။ ၁၈ ရာစုနှစ်လောက်က အင်္ဂလန်သို့ အခြားတိုင်းပြည်များမှမျိုးယူ၍ စိုက်ပျိုးခြင်းဖြစ်သည်။ ယခု အင်္ဂလန်ပြည်တောင်ပိုင်းရှိ နယ်ကလေးများတွင် အကြီးအကျယ်စိုက်ပျိုးကြသည်။ အမြဲစိမ်းလန်းသော ဝက်သစ်ချမျိုးမှာ ကွားကပ်အိုက်လက်ဖြစ်သည်။ အမြင့်ဆုံးအပင်မှာ ပေ ၉ဝ ခန့်မျှသာရှိ၍ များစွာမကြီးထွားလှချေ။ မြေထဲပင်လယ်၏ အနောက်ပိုင်းဒေသများတွင် ပေါက်ရောက်သောဝက်သစ်ချကို ရုက္ခဗေဒအမည်ဖြင့် ကွားကပ်ဆူဗာဟုခေါ်သည်။ ထိုဝက်သစ်ချပင်၏ အခေါက်မှဖော့များကိုရရှိသည်။ စပိန်နိုင်ငံအတွက် အဖိုးတန်သစ်များရ၍ အခေါက်၏အတွင်းသားကို သားရေနယ်ရန် ဖန်ရည်ချက် ဆေးအဖြစ် အသုံးပြုကြသည်။
အင်္ဂလိပ်ဝက်သစ်ချသားမှာ တောင့်တင်းမာကျောလှသောကြောင့် အခြားသစ်များနှင့် နှိုင်းစာလျှင်အသုံးပြုရန် ပိုမိုလွယ်ကူသည်။ ခြောက်သွေ့ခြင်း၊ စွတ်စိုခြင်း၊ အေးခြင်းစသည့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်သည်။ တောင့်တင်းခိုင်ခံ့ခြင်းနှင့် အရောင်အဆင်းလှပခြင်းတို့ကို ထည့်သွင်းစဉ်းစား လျှင် အင်္ဂလိပ်ဝက်သစ်ချမှာ အကောင်းဆုံးအမျိုးအစားဟုဆိုထိုက်သည်။ သို့ ရာတွင် အမျက်ဆုံးပေါများခြင်းကြောင့် အိမ်ထောင်ပရိဘောဂများ ပြုလုပ်ရာ၌ အခက်အခဲများနှင့်တွေ့ရသည်။ အိမ်ဆောက်ရန်အတွက် ယက်မများနှင့် အခြင်များပြုလုပ်ရန်ကား အင်္ဂလိပ်ဝက်သစ်ချသားမှာ အသင့်တော်ဆုံးပင်ဖြစ်သည်။ အိမ်ထောင်ပရိဘောဂများကိုကား ဝက်သစ်ချသားဖြင့်ပြုလုပ်ထားသည်။
အမေရိကန်ဝက်သစ်ချများကို ဝက်သစ်ချဖြူ၊ ဝက်သစ်ချနီဟူ၍ နှစ်မျိုးခွဲထားသည်။ ပထမအမျိုးတွင် အသီးများမှာ ပထမရာသီကုန်လျှင်ကုန်ခြင်းရင့်မှည့်ကြသည်။ အသီးရှိအစေ့တွင်အမွေးနုများမရှိ။ ဒုတိယ အမျိုးတွင်ကား အသီးများမှာ ဒုတိယရာသီကုန်ဆုံးမှသာရင့်မှည့်၍ အစေ့တွင် အမွေးနုများရှိသည်။ ဤအချက်များသည် ယင်းတို့၏ ကွာခြားချက်များဖြစ်သည်။ ဗားဝက်သစ်ချပင်သည် မြောက်အမေရိကတိုက်တွင် အဖိုးတန်သော အမေရိကန်ဝက်သစ်ချပင်မျိုးဖြစ်သည်။ သို့သော် အင်္ဂလိပ်ဝက်သစ်ချသားလောက်ကား မမာချေ။ ကုန်ထုတ်လုပ်ငန်းနှင့် သင်္ဘောများတည်ဆောက် ရာ၌အသုံးချသည်။
မာကျောသော ပိုးဖုများကို ဝက်သစ်ချကိုင်းများတွင်တွေ့ရသည်။ ယင်းတို့သည် သစ်ပင်၏အသားထဲသို့ဝင်၍ အုသောပိုးကောင်ကလေးများကြောင့် ဖြစ်ပေါ်လာရပေသည်။ ထိုပိုးကောင်ကလေးများကိုက်သော အသားမှာ ပွဖောင်းလာပြီးနောက် သစ်သီးပုံသဏ္ဌာန်လုံး၍လာသည်။ ထိုအလုံးထဲတွင် ပိုးကောင်ကလေးများ ကြီးပြင်းလာကြသည်။ ဝက်သစ်ချပိုးဖုများတွင် တန်နစ်အက်ဆစ်ခေါ် အဆိပ်ဓာတ်တစ်မျိုးပါရှိ၍ ယင်းကို မင် ပြုလုပ်ရာ၌ လည်းကောင်း၊ သားရေနယ်လုပ်ငန်း၌လည်းကောင်း အသုံးပြုနိုင်သည်။ ဝက်သစ်ချပင်အိုကြီး၏အသားထဲတွင် ပိုးတောင်မာနှင့် ပိုးလောင်းများခိုအောင်း၍ အသက်မွေးလေ့ရှိကြသည်။ ရုက္ခဗေဒအလိုအားဖြင့် ဝက်သစ်ချပင်သည် ဖဂေးစီအီးမျိုး၌ ပါဝင်လေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)