ဝက်နားရွက်ပြာရောဂါ

ဝီကီပီးဒီးယား မှ

ဝက်နားရွက်ပြာရောဂါသည် ဖြစ်ပွားပါက ကူးစက်မြန်သည်။ ပြင်းထန်သည်။ အသက်ရှူလမ်းကြောင်းများ၌ ဖြစ်ပွားတတ်ပြီး နှာရည်၊ တံတွေး၊ ဆီး၊ ကျင်ကြီးနှင့် သုတ်ပိုးတို့မှတဆင့်ကူးစက်ပျံ့နှံ့စေနိုင်သည်။ ဝက်အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး ရောဂါကူးစက်မှုနှုန်း၅၀%မှ ၁၀၀ % အထိ ရှိသည်။ နို့စို့ ဝက်ငယ်နှင့် ဝက်ငယ်ကလေးများတွင် သေပျောက်နှုန်းပိုမိုများပြားသည်။ မျိုးဝက်မကြီးများတွင် ကူးစက်ဖြစ်ပွားပါကသားလျှောခြင်း၊ အသေမွေးခြင်းများ ဖြစ်ပွားစေသဖြင့် ဆုံးရှုံးမှု များပြားစေပြီး ဂရုစိုက်သင့်သော ရောဂါတစ်ခုဖြစ်သည်။ ဝက်နားရွက်ပြာရောဂါကို PRRS (Porcine Reproductive and Respiratory Symdrome) ဟု ခေါ်သည်။ ရောဂါဖြစ်စေသော ဗိုင်းရပ်စ်မှာ RNA ဗိုင်းရပ်စ်အမျိုးအစား ဖြစ်ပြီး ဥရောပမျိုးကွဲနှင့် မြောက်အမေရိကမျိုးကွဲဟူ၍ နှစ်မျိုးရှိသည်။ အာရှနိုင်ငံအများစုတွင် မြောက်အမေရိက မျိုးကွဲ၌ ပါဝင်သည့် တရုတ်မျိုးစိတ်ကြောင့် ဖြစ်ပွားကြောင်း တွေ့ရှိရသည်။

ဇာစ်မြစ်[ပြင်ဆင်ရန်]

ဝက်နားရွက်ပြာရောဂါကို ၁၉၈၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ စတင်ဖြစ်ပွားခဲ့ပြီး ဂျာမနီ၊ နယ်သာလန်၊ စပိန်၊ ပြင်သစ်၊ အင်္ဂလန်နှင့် ကနေဒါနိုင်ငံများတွင် ၁၉⁠၉၀ နှင့် ၁၉⁠၉၅ ခုနှစ်များအတွင်း ဖြစ်ပွားခဲ့သည်။ ရောဂါဖြစ်သည့် ဝက်အချို့၏နားရွက်မှာ အပြာရောင် ဖြစ်လာသဖြင့် ဝက်နားရွက်ပြာရောဂါဟု ခေါ်ခြင်းဖြစ်သည်။ အာရှနိုင်င့များဖြစ်သည့် တရုတ်နိုင်ငံတွင် ၂၀⁠၀၆ ခုနှစ်၊ ဗီယက်နမ်နိုင်ငံတွင် ၂၀⁠၀၇ ခုနှစ်၊ ထိုင်းနိုင်ငံတွင် ၂၀⁠၀၈ ခုနှစ်၊ ကမ္ဘောဒီယားနိုင်ငံနှင့် လာအိုနိုင်ငံတွင် ၂၀၁၀ ခုနှစ်နှင့် မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းအတွင် မန္တလေးမြို့၌ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ရောဂါလက္ခဏာ[ပြင်ဆင်ရန်]

ရောဂါဖြစ်ပွားသော ဝက်သည် အစာစားပျက်သည်၊ ဖျားနာသည်၊ ကိုယ်အပူချိန် ၄၀ မှ ၄၂ ဒီဂရီစင်တီဂရိတ်အထိရှိလာမည်။ နှာရည်ယိုသည်။ နှာချေသည်၊ အသက်ရှူ ကျပ်ပြီး မျက်မြှေးရောင်ခြင်း၊ မျက်စိနှာခြင်းဖြစ်သည်။ အရေပြားများ နီလာသည်။ နားရွက်၊ဝမ်းဗိုက်နှင့် အမ တန်ဆာများ အနီရင့်ရောင်၊ အပြာရောင်အကွက်များ ဖြစ်လာသည်။ ဝမ်းလျှောတတ်သည်၊ ခန္ဓာကိုယ် ဒယီးဒယိုင်ဖြစ်၍ နောက်ပိုင်း မသန်ချည့်နဲ့လာသည်။ ဝက်မကြီးများတွင် သားလျှောခြင်း၊ သားပျက်ခြင်း၊ အသေမွေးခြင်း၊ အင်အားချည့်နဲ့သော ဝက်ကလေးများမွေးခြင်း၊ အသေအခြောက်ကလေးများ မွေးတတ်သည်။

ကာကွယ်ခြင်း နှင့် ကုသခြင်း[ပြင်ဆင်ရန်]

ကုသခြင်း[ပြင်ဆင်ရန်]

ဝက်နားရွက်ပြာရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်၍ ကုသရန်ဆေးမရှိပါ။ ဆေးကုသ၍ မရပါ။ အခြားနောက်ဆက်တွဲ ရောဂါများ မဖြစ်ပွားအောင်သာ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ အဟာရပြည့်ဝသည့် အစာ၊ ရေကျွေးမွေးခြင်းဖြင့် ဆုံးရှုံးမှု လျော့ပါးစေနိုင်သည်။ ရောဂါဖြစ်ပွားသည့် ဝက်နှင့် ၎င်းဝက်၏ အညစ်အကြေးများ၊ အစာကြွင်း အစာကျန်များတွင် ရောဂါပိုး ပါရှိနိုင်သဖြင့် ၎င်းပစ္စည်းများ အညစ်အကြေးများကို စနစ်တကျ သုတ်သင်ရှင်းလင်းနိုင်ရန် လိုအပ်သည်။

ကာကွယ်ခြင်း[ပြင်ဆင်ရန်]

ရောဂါဖြစ်ပွားသော ဝက်ကို နေရာရွှေ့ပြောင်းခြင်းမပြုဘဲ အတူနေ ကျန်းမာသည့် ဝက်များသာ ရွှေ့ပြောင်းမွေးမြူရမည်။ ရောဂါဖြစ်ပွားသော ခြံနေရာနှင့် ပတ်လည်တွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ မွေးမြူရေးခြံသုံး ပိုးသတ်ဆေးဖျန်းခြင်း ပြုလုပ်ရမည်။ ရောဂါဖြစ်၍ သေဆုံးသော ဝက်ကို ပိုးသတ်ဆေးဖျန်း၍ ခြောက်ပေအနက် ကျင်းတူ၍ မြှုပ်ရမည်။၊ ဖြစ်နိုင်ပါကမီးရှို့ဖျက်ဆီးခြင်းသည် အကောင်းဆုံးဖြစ်သည်။

တစ်ပိုင်တစ်နိုင် ဝက်မွေးမြူသူများသည် ခြံလှောင်မွေးမြူခြင်းထက် လွှတ်ကျောင်း၍ မွေးတတ်သည်။ မန္တလေးပြင်ဦးလွင်မကွေးမြို့များ၌ ဝက်နားရွက်ပြာ ရောဂါ ဖြစ်ပွားမှုများတွင် ခြံလှောင်၍ စနစ်တကျ မွေးမြူသော ခြံများတွင် ဖြစ်ပွားမှုနည်းသည်။ လွှတ်ကျောင်းမွေးသူများတွင် အများဆုံး ဖြစ်ပွားကြောင်း တွေ့ရသည်။ ဝက်စာကို စနစ်တကျစပ်၍ ကျွေးသူများတွင် ဖြစ်ပွားမှုနည်းသည်။ စားသောက်ဆိုင်များမှ အစာကျန်များစု၍ ကျွေးသူများတွင် ပိုမိုများပြားသည်။ ဖြစ်နိုင်က အစာကျန်များကို ပွတ်⁠ပွတ်ဆူအောင် ပြုတ်၍ အအေးခံပြီးမှ ကျွေးလျှင် ရောဂါဖြစ်ပွားမှု လျော့ကျစေနိုင်မည်ဖြစ်သည်။

ကာကွယ်ဆေး[ပြင်ဆင်ရန်]

ဝက်နားရွက်ပြာ ရောဂါကာကွယ်ရေးနှင့် ပက်သတ်၍ ကာကွယ်ဆေး ထိုး၍ ရသည်။ သို့သော် ကာကွယ်ဆေးသည် ဖော်စပ်ထားသည့် ဗိုင်းရပ်စ်မျိုးကွဲ တစ်ခုတည်းကိုသာ ကာကွယ်ပေးနိုင်ပြီး ပိုမျိုးကွဲဝင်ရောက်လာပါက ကာကွယ်မှု မပေးနိုင်ပါ။ ၎င်းပြင် ကာကွယ်ဆေးထိုးပြီး ရရှိသည့် ရောဂါတုံ့ပြန်မှုသည် (၂-၃)လသာ ရောဂါကာကွယ်ပေးနိုင်သည်။ ပိုးအရှင်သုံး ကာကွယ်ဆေးထိုးထားသည့် ဝက်များသည် ဗိုင်းရပ်စ်ပိုး အရှင်များ ပြန်လည် စွန့်ထုတ်တတ်သည်။ ကာကွယ်ဆေး ထိုးခြင်းဖြင့် မျိုးဝက်များတွင် သားလျှောတတ်သည်။ သို့ဖြစ်၍ ကာကွယ်ဆေး အသုံးပြုမှုကို အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ညှိနှိုင်းဆောင်ရွက်ဆဲ ဖြစ်သည်။

သန့်ရှင်းရေး[ပြင်ဆင်ရန်]

ဝက်မွေးမြူရေးလုပ်ငန်း အပါအဝင် မည်သည့် မွေးမြူရေးလုပ်ငန်းတွင်မဆို စနစ်တကျ သင့်လျော်သည့် ခြံဆောက်၍ မွေးမြူရန်လိုအပ်သည်။ ပြည်သူလူထု၏ ကျန်းမာရေးသည် တိရစ္ဆာန်များ၏ ကျန်းမာရေးနှင့် ကူးစက်ရောဂါကင်းရှင်းရေးအပေါ်တွင် များစွာ မူတည်နေသည်။ လူတွင် ဖြစ်ပွားသော ရောဂါများ၏၆၀ ရာခိုင်နှုန်းသည် တိရစ္ဆာန်ရောဂါများမှ တစ်ဆင့် ကူးစသ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (OIE) က တင်ပြထားသည်။ သို့ဖြစ်၍ စနစ်တကျ ခြံဆောက်၍ မွေးရန် လိုအပ်ပေသည်။ ခြံများကိုသန့်ရှင်းရေး စနစ်တကျလုပ်၍ ခြံဖျန်းပိုးသတ်ဆေး ဖျန်းသင့်သည်။ အဟာရ ပြည့်ဝသည့် အစာ၊ သန့်ရှင်းသည့် သောက်ရေ တိုက်ကျွေးရန် လိုအပ်သည်။ သို့မှသာ မွေးမြူရေးဖြစ်ထွန်းအောင်မြင်မည် ဖြစ်သကဲ့သို့ လူသားများအတွက် အစာအန္တရာယ် ကင်းရှင်းသည့် အစာ( Safe Food) ထုတ်လုပ်သော မွန်မြတ်သည့် လုပ်ငန်းတစ်ခု ဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့အလင်းသတင်းစာ(၁၂ ရက်၊ ဧပြီလ၊ ၂၀၁၁၊ ဆောင်းပါးရှင်-မောင်အောင်)