ဝက္ကလိထေရ်

ဝီကီပီးဒီးယား မှ

သာဝတ္ထိပြည် (Sávatthi) ပုဏ္ဏားမျိုးတွင် ဝက္ကလိထေရ် (Vakkali) လောင်း သည် ဖွားမြင်၏။ အရွယ်ရောက်သောအခါ ဂေါတမမြတ်စွာဘုရားသခင် ဆွမ်းခံဝင်လာသည်ကို ဖူးမြင်ရလေသည်။ ဝက္ကလိထေရ်လောင်းသည် မြတ်စွာဘုရား၏ လက္ခဏာကြီးငယ် အံ့ဖွယ်အဖုံဖုံ ကိုယ်တော်၏ ပြည့်စုံခြင်းကိုကြည့်ရှုဖူးမြော်ရ၍ တင်းတိမ်ရောင့်ရဲခြင်း မရှိနိုင်ရကား မြတ်စွာဘုရားထံတော်တွင် ရဟန်းပြုကာ ဘုရားသခင်အား မပြတ်စေ့ငု ကြည့်ရှု ဖူးမြော်ခြင်းငှာ အခွင့်ရကောင်းသောနေရာ၌ တည်နေလျက် သရဇ္ဈာယ်ခြင်း၊ ကမ္မဠာန်းနှလုံးသွင်းခြင်း စသည်တို့ကို ပယ်စွန့်၍ မြတ်စွာဘုရားသခင်ကို ဖူးမြင်ကြည့်ရှုလျက်သာလျှင် လှည့်လည်နေလေသည်။

မြတ်စွာဘုရားသည် ထိုဝက္ကလိထေရ်၏ ပညာဉာာဏ်ရင့်ကျက်ခြင်း ကိုငံ့လျက် တစ်စုံတစ်ခုသော စကားကိုမျှ ပြောဆိုဆုံးမတော်မမူချေ။ သို့သော် တစ်နေ့တွင် မြတ်စွာဘုရားသည် ဝက္ကလိ၏ အသိအလိမ္မာ ပညာဉာဏ်ရင့်ကျက်လာပြီဖြစ်ကြောင်းကို သိတော်မူ၍ 'ချစ်သော ဝက္ကလိ၊ ပသာဒစက္ခုဖြင့် ကြည့်ရှုထင်ထင် တွေ့မြင်နိုင်ကောင်းသော သုံးဆယ့်နှစ်ဝ ကောဠာသကို ပေါင်းထစုချုပ် ဤငါဘုရား၏ အပုပ်ကောင်တည်းဟူသော ကိုယ်ဖြင့် သင့်အား အဘယ်အကျိုးရှိချေအံ့နည်း။ ချစ်သားဝက္ကလိ၊ စင်စစ် အကြင်ပုဂ္ဂိုလ်သည် ငါဘုရား ဟောကြားသောတရားတော်ကို ပညာစက္ခုဖြင့် ထင်မြင်အောင် ကြည့်ရှု၏။ ဘုရားဟောကြား မြတ်တရားကို ပညာစက္ခုဖြင့် ထင်မြင်အောင် ကြည့်ရှုနိုင်သော ထိုပုဂ္ဂိုလ်သည် ငါဘုရားကို ကြည့်ရှု ဖူးမြော်သည် မည်ပေ၏။ အကြင်ပုဂ္ဂိုလ်သည် ငါဘုရား ဟောကြားသော တရားတော်ကို ပညာစက္ခုဖြင့် ထင်မြင်အောင်မကြည့်ရှုသော ထိုပုဂ္ဂိုလ်သည် ငါဘုရားကို ထင်မြင်အောင်မကြည့်ရှုသည်မည်၏' ဟု မိန့်ဆိုဆုံးမ ဩဝါဒ ပေးသနားတော်မူ၏။

သို့သော် ဝက္ကလိထေရ်သည် မြတ်စွာဘုရားအား ဖဲခွာ၍ အရပ်တစ်ပါးသို့ သွားခြင်းငှာ မတတ်နိုင်ခဲ့ချေ။ ထို့ကြောင့် မြတ်စွာဘုရားသည် ဤရဟန်းကား တုန်လှုပ်ထိန်လန့်ခြင်းကို မရမူ၍ သစ္စာလေးပါးတရားကို ပိုင်းခြားတည့်တည်းထိုးထွင်း၍ မသိလတ္တံ့ဟု သိမြင်တော်မူသောကြောင့် ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူ၍ ဝါကပ်မည့်နေ့တွင် 'ချစ်သားဝက္ကလိ၊ အရပ် တစ်ပါး ဖဲသွားလေလော့။ ချစ်သားဝက္ကလိ၊ အရပ်တစ်ပါး၊ ဖဲသွားလေလော့ဟု မိန့်တော်မူပြန်၏။

ထိုအခါ ဝက္ကလိထေရ်က ငါသည် သုံးလပတ်လုံး မြတ်စွာဘုရားအား ဖူးမြော်ခြင်းငှာ မစွမ်းနိုင်တော့ပြီ။ ထိုသို့မစွမ်းနိုင်၍ အသက်ရှင်နေခြင်းဖြင့် အဘယ်အကျိုးရှိတော့အံ့နည်း။ မြင့်မောက်လှစွာသော ဂိဇ္ဈကုဋ်တောင်ထက်မှ ခုန်ဆင်းခြင်းဖြင့်သာ သေစေတော့အံ့' ဟု ကြံ၍ ဂိဇ္ဈကုဋ်တောင်ထက်သို့ ရှေးရှုတက်လေသည်။ မြတ်စွာဘုရားသည် ဝက္ကလိထေရ်၏ ပင်ပန်းနွမ်းနယ်ကြောင်းကို သိတော်မူသဖြင့် 'ဤရဟန်းသည် ငါဘုရား၏အထံ၌ လျော်ကန်သင့်စွာ သက်သာရာကို မရခဲ့သည်ရှိသော် မဂ်ဖိုလ်တို့၏ ရကြောင်းဥပနိသျသည် အချည်းနှီးပျက်စီးလေရာ၏' ဟု ဆင်ခြင်တော်မူ၍ မိမိတည်းဟူသော ကိုယ်တော်ကို ဖူးမြော်ကြည့်ရှုရန် ရည်သန်ပြသတော်မူခြင်းငှာ အရောင်ကို လွှတ်တော်မူ၏။ ထိုအခါ ဝက္ကလိ ထေရ်၏ ကြီးကျယ်လှစွာသော စိုးရိမ်ကြောင့်ကြခြင်း သောကသည် ပျောက်ကွယ်သွားလေသည်။

ထို့နောက် ဝက္ကလိထေရ်အား နှစ်သက်ဝမ်းမြောက်ခြင်းဖြစ်စေလို၍ 'ဘုရားမြတ်စွာ သာသနာ၌ ကြည်ညိုသောရဟန်းသည် ဘုရားမြတ်စွာသာသနာ၌ ငြိမ်သက်အေးမြသော၊ ပြုပြင်တတ်စွ သခ‡ါရတရားတို့၏ ချုပ်ငြိမ်းရာဖြစ်သော၊ တုမဲ့ဖက်လွတ် အထွတ်အထိပ် ချမ်းသာဖြစ်သော နိဗ္ဗာန်သို့ ရပေရာ၏'ဟု ဟောကြားတော်မူပြန်သည်။ ထိုဂါထာကို ဟောကြားတော်မူပြီး၍ ဝက္ကလိထေရ်အား ဆွဲခေါ်တော့မည်ကဲ့သို့ လက်တော်ကို ဆန့်တန်းတော်မူပြီးလျှင် 'ချစ်သားဝက္ကလိ ငါဘုရားထံသို့ အမြန်လာလော့၊ ငါ၏မျက်မှောက်မှ နှင်ထုတ်လိုက်ခြင်းကို မကြောက်ရွံ့ပါလေလင့်၊ ငါဘုရားသည် ညွှန်ပျောင်းတွင် နစ်မြုပ်နေသော ဆင်ပြောင်ကြီးကို ကယ်တင်ထုတ် ဆောင်ဘိသကဲ့သို့ ကိလေသာညွန်ပျောင်း၌ နစ်မြုပ်နေသော သင်ဝက္ကလိကို လည်း ငါဘုရားသည် လျင်မြန်စွာကယ်တင် ထုတ်ဆောင်တော်မူပေအံ့။ ချစ်သားဝက္ကလိ၊ ငါဘုရားထံသို့ အမြန်လာလော့၊ နှင်ထုတ်သည်ဟု မကြောက်ရွံ့ပါလေလင့်၊ ငါဘုရားသည် ရာဟုအမည်ရှိသော အသုရိန်နတ်က နေကို ဖမ်းဆီးချုပ်ချယ်ထားခြင်းမှ လွတ်မြောက်စေဘိသကဲ့သို့ သင်ချစ်သားဝက္ကလိအား ကိလေသာထု ရာဟုနတ်ကြီး ဖမ်းဆီး၍ထား သောလက်မှ အလျင်ထုတ်ချောက် လွတ်မြောက်တော်မူစေအံ့ချစ်သား ဝက္ကလိ၊ ငါဘုရားထံသို့ အမြန်လာလော့၊ သင့်အား နှင်ထုတ်ပစ်သည်ကို မကြောက်ရွံ့ပါလေလင့်၊ ငါသည် သင့်အား ရာဟု အမည်ရှိသော အသုရိန်နတ်ကြီးက လူကိုဖမ်းဆီးချုပ်ချယ်ထားခြင်းမှ လွတ်မြောက်စေဘိသကဲ့သို့ သင်ချစ်သားဝက္ကလိကို ကိလေသာထု ရာဟုနတ်ကြီး ဖမ်းဆီး၍ထားသော လက်မှ အလျင်ထုတ်ချောက် လွတ်မြောက်တော်မူစေအံ့' ဟု ဆိုတော်မူ၏။

ထိုအခါ ဝက္ကလိထေရ်သည် လွန်စွာ နှစ်သက်ခြင်းဖြစ်ပြီးလျှင် မြတ်စွာဘုရားရှိရာကို ဆင်ခြင်ရာ မမြင်နိုင်သဖြင့် မြတ်စွာဘုရားသခင်၏ မျက်မှောက်ဖြစ်သော ကောင်းကင်သို့ ကြွမြောက်ပျံတက်၍ ပထမခြေလှမ်း သည် တောင်ထိပ်၌ တည်လျက်သာလျှင် မြတ်စွာဘုရား ဟောကြားတော်မူ သော တရားဂါထာကို ဆင်ခြင်လျက် ကောင်းကင်ထက်၌သာလျှင် လွန်စွာပြန့်ထွက် နှစ်သက်ခြင်းပီတိကိုခွာ၍ ပဋိသမ္ဘီဒါတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ဆိုက်ပြီးသော် မြတ်စွာဘုရားကို လက်အုပ်ချီမိုး ရှိခိုးလျက်သာလျှင် ကောင်းကင်မှ သက်ဆင်း၍ မြတ်စွာဘုရား၏ထံတော်၌ တည်နေလေသည်။ မြတ်စွာဘုရားသခင်သည် ဝက္ကလိထေရ်အား သဒ္ဓါတရား ဖြစ်ပွား ရိုးရင်း နှလုံးသွင်းရှိကုန်သော ပုဂ္ဂိုလ်တို့တွင် ထူးကဲသူအဖြစ် အထွတ်အထိပ် အမြတ်အရာ၌ ထားတော်မူလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)